စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်းကျေးရွာများ၌ နယ်မြေရှင်းလင်းစစ်ဆင်နေသည့် စစ်တပ်က ကျေးရွာနေအိမ်များကို မီးရှို့နေရာ သုံးရက်အတွင်း မီးရှို့ခံရသည့်နေအိမ် ၂၀ ဝန်းကျင် ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ (ဒီဇင်ဘာ ၁) နံနက်တွင် လယ်ခြားကျေးရွာမှ အိမ် ၁၀ လုံးကို မီးရှို့လိုက်ပြီး နိုဝင်ဘာ ၂၉ နံနက်ကလည်း အင်အား ၇၀ ဝန်းကျင်ရှိသည့် စစ်ကြောင်းက ရေရှင်ကျေးရွာမှ နေအိမ် ၁၀ လုံးနှင့် နွားစာတိုက် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် အဆက်အသွယ်ရှိသည်ဟု ၎င်းတို့ယူဆသော အိမ်တို့ကို ဖျက်ဆီးခြင်းဖြစ်သည်ဟု ရေရှင်ရွာမှ ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
“(ရေရှင်) မှာ အိမ်ခြေ ၁၀ လုံးလောင်သွားတာ။ အိမ်အလုံးကြီးတွေပဲ။ ဘာမှမလုပ်တဲ့အိမ်တွေရော၊ PDF ကို ထောက်ပံ့တယ်လို့ ထင်တဲ့အိမ်တွေရော မီးရှို့တာ။ အငြိုးနဲ့လုပ်တာပါဗျာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ဆက်ပြောသည်။
“နွားစာတိုက်က သီးသန့် ၂ လုံး ပါသွားတယ်။ အိမ် ၂ လုံးက မီးမစွဲလို့ မလောင်ဘူး”
အိမ်မီးရှို့သည့်စစ်သားများက အလိုရှိသည့်အသုံးအဆောင်ပစ္စည်းများကို ရှာဖွေယူဆောင်ပြီး ကြက်၊ ဝက်များကိုပါ သတ်ဖြတ်စားသောက်ခဲ့သည်ဟု ရေရှင်ကျေးရွာဒေသခံများက အခိုင်အမာပြောသည်။
အဆိုပါ ရွာနှင့် ၄ မိုင်ခန့်အကွာရှိ ကျောက်ပြုတ်ရွာတွင် စစ်တပ်နှင့် အရပ်ဝတ်လက်နက်ကိုင်(ပျူစောထီး) များ ပူးပေါင်းတပ်စွဲထားပြီး ၎င်းတို့သည် နိုဝင်ဘာ ၂၇ ကတည်းက အနီးအနားရှိ ရေရှင်ကျေးရွာကို နေ့စဉ်နီးပါး ဝင်ရောက်မွှေနှောက်နေသည်။
နိုဝင်ဘာ ၂၈ နံနက်က ရေရှင်ရွာအနီး ဒေသခံများ ခိုလှုံသည့် တဲ ၅ လုံးကို စစ်သားများက သွားရောက်မီးရှို့ကြကြောင်း၊ ထိုတဲများမှ သိမ်းလာသည့်ပစ္စည်းများကို သယ်ရန် ခေါ်သွားသည့် တဲရှင် ၃ ဦးကိုလည်း ယနေ့အထိ ပြန်မလွှတ်သေးကြောင်း ရေရှင်ကျေးရွာဒေသခံများက ပြောသည်။
“တဲပိုင်ရှင်တွေကိုယ်တိုင်ကိုလည်း သူတို့ပျူစောထီးတွေနဲ့ စခန်းချထားတဲ့ ကျောက်ပြုတ်ရွာကို လှည်း ၃ စီးနဲ့ ပို့ခိုင်းသေးတယ်” ဟု ရေရှင်ကျေးရွာမှ နောက်အမျိုးသားတစ်ဦးက ဆိုသည်။
“ကိုယ့်အိုးကိုယ့်အိမ်ရာကိုလည်း မီးရှို့ခံရသေးတယ်။ ကိုယ့်ပစ္စည်းကိုလည်း ပို့ပေးရသေးတယ်ဆိုတော့ အဲဒီဖြစ်ရပ်ကတော့ တော်တော်ကို လူမဆန်တဲ့ဖြစ်ရပ်ပေါ့။ ရင်ထဲကို တော်တော် ထိခိုက်ခံစားရတယ်”
စစ်သားတို့ အိမ်မီးရှို့၊ ပစ္စည်းလုယူပြီး အရပ်သားတို့ကို ပို့ဆောင်ခိုင်းသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအဖွဲ့တာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းထံမှ တုံ့ပြန်ချက်ရရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးသလို ထိုဒေသ ထိုးစစ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ကျော် နေထိုင်သည့် ရေရှင်ကျေးရွာမှာ စက်တင်ဘာအတွင်းကလည်း စစ်တပ်၏ ဝင်ရောက်မွှေနှောက်မှု ခံခဲ့ရသည့်အတွက် ဒေသခံအချို့မှာ ထိုအချိန်ကတည်းက တိမ်းရှောင်နေရခြင်း ဖြစ်သည်။
ကလေးမြို့တောင်ပိုင်း တင်သားကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် အင်အား ၇၀ ဝန်းကျင်ဖြင့် စစ်တပ်က တပ်စွဲပြီး အနီးအနားဝန်းကျင်ကျေးရွာများကို နယ်မြေရှင်းလင်းရေးပုံစံမျိုးဖြင့် ဖြည်းဖြည်းချင်း စစ်ကြောင်းထိုးနေသည်ဟု PDF (Kalay) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဗစ်တာက ပြောသည်။
ထို့ကြောင့် ကလေးမြို့နယ်၊ မြစ်သာမြစ် အနောက်ဘက်ကမ်းမှ တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်၊ မြစ်သာမြစ်အရှေ့ဘက်ကမ်းမှ အင်းကျွန်း၊ ရေရှင်၊ လယ်ခြား၊ ကုက္ကိုလ်၊ ရှားတော စသည့် ကျေးရွာများမှ ဒေသခံရာနှင့်ချီပြီး နီးစပ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
“ပြေးရင်းလွှားရင်း ဆန်နည်းနည်းပါးပါးသယ်တော့ ဆန်ကတော့ ပြည့်စုံတယ်။ အသီးအရွက် ဟင်းချက်စရာကတော့ တောဆိုတော့ နည်းနည်းပါးပါးတော့ရှိတယ်။ ဒါပေမဲ့ လောက်ငမှုတော့ မရှိဘူး” ဟု စစ်ရှောင်နေရသည့် ရေရှင်ကျေးရွာမှ အထက်ပါ အမျိုးသားက ဆိုသည်။
“အဓိကပြဿနာကတော့ ရေပေါ့။ တောတောင်ထဲမှာဆိုတော့ ရေရှားတယ်။ ချောင်းမြောင်းကလည်း နည်းတယ်။ ရေခက်ခဲတာတွေ တအားများတယ်”
ကလေးမြို့ အနောက်တောင်ဘက်ရှိ PDF (ကလေး) တပ်ရင်း ၃မှ တပ်ခွဲစခန်းငယ်တစ်ခုကို နိုဝင်ဘာ ၁၆ တွင် စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် တပ်ဖွဲ့ဝင် ၃ ဦးကို သတ်ဖြတ်ကာ ဆေးတပ်ဖွဲ့ဝင်အမျိုးသမီး ၉ ဦးကို ဖမ်းဆီးသွားပြီးနောက် စစ်တပ်နှင့် PDF များကြား စစ်ရေးတင်းမာနေသည်။
ကျောက်ပြုတ်ကျေးရွာ၌ တပ်စွဲထားသည့် စစ်တပ်နှင့် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးတို့ကို နိုဝင်ဘာ ၂၁ တွင် PDF (Kalay) က ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးပြီး၊ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင်ခုခံမှု အစောဆုံးစတင်ခဲ့သည့် ကလေးမြို့တွင် လက်နက်ကိုင်ခုခံမှု အားကောင်းသလို မြို့ပေါ်တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နေ့စဉ် ရှိနေဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



