မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှ အမျိုးသမီး ၂ ဦး နှင့် လူငယ်တစ်ဦးတို့ကို ယမန်နေ့ (နိုဝင်ဘာ ၂၉) ညနေ၌ စစ်တပ်က ဖမ်းဆီးသွားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မြို့နယ်အမျိုးသမီးအဖွဲ့ အဖွဲ့ဝင် အသက် ၅၂ နှစ်အရွယ် ဒေါ်ခင်မာအေးမှာ တိမ်းရှောင်နေစဉ် အဖမ်းခံရခြင်းဖြစ်သည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က မြို့နယ် NLD ဦးဆောင်ကော်မတီဝင်တစ်ဦး၏ နေအိမ်သို့ သွားပြီး ထိုသူ၏ အသက် ၅၀ ကျော်အရွယ် ဇနီးနှင့် ၂၂ နှစ်အရွယ် သားဖြစ်သူတို့ကို ဓားစာခံအဖြစ် ဖမ်းသွားကြောင်း၊ စစ်ကြောရေးစခန်းတွင် သေဆုံးသည်အထိ နှိပ်စက်တတ်သဖြင့် မိသားစုဝင်များက စိတ်ပူနေကြကြောင်း ၎င်းတို့နှင့် ရင်းနှီးသည့် ထိုအမျိုးသားက ပြောသည်။
“ဒေါ်ခင်မာအေးကတော့ ပါတီပေါ့ဗျာ၊ နောက်နှစ်ယောက်ကတော့ ပါတီ (မြို့နယ်) ဦးဆောင်ကော်မတီဝင်ရဲ့ မိသားစုဝင်တွေ။ ဘာမှ မဆိုင်ဘူး။ (ကျန်တဲ့) မိသားစုဝင်တွေကတော့ စစ်ကြောရေးအထိ ရောက်သွားပြီဆို သေကြတာဆိုတော့ စိုးရိမ်နေကြတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
ထိုသူ သွားရောက်အဖမ်းခံလျှင် ဇနီးနှင့် သားဖြစ်သူကို သေချာပေါက် ပြန်လွှတ်ပေးမည့် အစီအစဉ် ရှိမရှိ မသိရသေးပေ။
ဇူလိုင်လအတွင်းမှစ၍ အာဏာသိမ်းစစ်ကောင်စီသည် မတ္တရာမြို့ပေါ်မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဝန်ထမ်းများ၊ ဝန်ထမ်းများ၏ မိသားစုဝင်များ၊ NLD ပါတီဝင်များ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုတွင် ပါဝင်သူများနှင့် မိသားစုဝင်များကို ဖမ်းဆီးနေသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၉ တွင် CDM ကျောင်းဆရာ ကိုသိန်းဇော်၊ နိုဝင်ဘာ ၁၃ တွင် ဆန္ဒပြလူငယ်ခေါင်းဆောင်၏ ဦးလေးတော်သူ ဦးရဲအောင်တို့ ဖမ်းဆီးခံရပြီး ရက်ပိုင်းအတွင်း စစ်ကြောရေး၌ သေဆုံးသွားခဲ့သည်။
လက်ရှိတွင် မတ္တရာမြို့အနီး အခြေပြုနေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ကို ပြောက်ကျားတိုက်ခိုက်လျက်ရှိနေသည်။
နိုဝင်ဘာ ၂၈ ကလည်း စစ်တပ် ဖမ်းဆီးသွားသည့် CDM သမဝါယမဦးစီးဌာနအရာရှိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တောတွင်းတစ်နေရာမှာ ပြန်တွေ့ခဲ့ရသည်ဟု မတ္တရာမြို့ခံများထံမှ သိရသည်။
NLD ပါတီ အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းသည်ဟု ဆိုကာ အာဏာသိမ်းခဲ့သည့် စစ်တပ်က နိုင်ငံအနှံ့မှ NLD ပါတီဝင်များ၊ ပတ်သက်ဆက်နွှယ်နေသူများကို ပစ်မှတ်ထားဖမ်းဆီးနေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)