သတင်း

မန္တလေးတွင် ဆက်သွယ်ရေးရုံး၌ အစောင့်ချထားသည့် စစ်သားများ ဗုံးပစ်တိုက်ခိုက်ခံရ 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေး (MPT) ရုံးတွင် အစောင့်ချထားသည့် စစ်သားများ ယနေ့ (နိုဝင်ဘာ ၂၉) နံနက်ပိုင်းက လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသည်။ 

နံနက် ၈ နာရီခန့်တွင် ပြည်ကြီးတံခွန်မြို့နယ် မင်းကြီးရန်နောင်လမ်းနှင့် လမ်း ၆၀ (အင်းခရုဘုရား) အနီးရှိ ဆက်သွယ်ရေးရုံးအတွင်း စစ်သား ၂၀ ခန့် ရှိနေစဉ် လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးအခြေစိုက် စစ်ကောင်စီတော်လှန်ရေး မြေအောက်လှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်သည့် Generation Z Power (GZP) အဖွဲ့က ဆိုသည်။

“ဒီကောင်တွေ(စစ်သားများ) ရှိတဲ့ ဘယ်နေရာမဆို ကျွန်တော်တို့ တိုက်ခိုက်နေတာပါ၊ အခါတိုင်း အဲဒီရုံးထဲမှာ လေးငါးကောင်လောက်ပဲ ရှိပေမဲ့ ဒီနေ့မနက်ကျမှ တိုက်တိုက်ဆိုင်ဆိုင် အင်အားတိုးထားတာ တွေ့တယ် ။ အယောက် ၂၀ ဝန်းကျင်လောက်ကို ရှိနေတာ” ဟု GZP အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့က လက်လုပ်ဗုံးပစ်သွင်းလိုက်တယ်။ တစ်ဖက်မှာလည်း လက်နက်ငယ်နဲ့ အသင့်စောင့်နေတဲ့ တစ်ဖွဲ့က (စစ်သားတွေ) ထွက်မလိုက်နိုင်အောင် ကာပစ်ကြတာပေါ့၊ စစ်ခွေးတွေဘက်ကလည်း အထဲကနေ ပြန်ပစ်တယ်။ ကျွန်တော်တို့က မျက်ကွယ်ဆိုတော့ သူတို့ ရမ်းပစ်တာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

လက်လုပ်ဗုံး ကျရောက်ပေါက်ကွဲရာနေရာတွင် စစ်သားလေးဦးလဲနေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဆိုပြီး အဆိုပါတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်းလည်း ယနေ့မွန်းလွဲပိုင်းတွင် GZP အဖွဲ့က ထုတ်ပြန်ထားသည်။ 

ဆက်သွယ်ရေးရုံးတွင်း တိုက်ခိုက်မှုဖြစ်ကြောင်း၊ နှစ်ဖက်ထိခိုက်မှုအခြေအနေ မကြားသိရသေးကြောင်း အင်းခရုဘုရားအနီးနေထိုင်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီရုံးထဲမှာက အမြဲတမ်း စစ်သားတွေရှိတယ်။ အပြင်ကနေကြည့်ရင် မမြင်သာဘူး။ အထဲမှာတော့ သေနတ်တကားကားနဲ့၊ ဒီနေ့လာပစ်ခံရတော့လည်း အပြင်ထွက်လာတာ မတွေ့ရဘူး။ ပစ်သံတွေတော့ ဆူနေတာပဲ၊ ဗုံးကတော့ တစ်လုံးပဲ ကွဲသံကြားတယ်၊ စစ်သားတွေ ထိမထိက မမြင်ရဘူး၊ သွားလည်း မကြည့်ရဲဘူးလေ” ဟု ထိုအမျိုးသမီးက ဆိုသည်။

မန္တလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက စစ်ကောင်စီတပ်ဖွဲ့များကို အဆက်မပြတ်တိုက်ခိုက်နေပြီး ကင်းလှည့်နေသည့် စစ်ကားများ၊ စစ်တပ် တပ်စွဲထားရာနေရာများကို လက်လုပ်ဗုံးဖြင့် အများဆုံးတိုက်ခိုက်နေသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ကလည်း မဟာအောင်မြေမြို့နယ်၊ ကမ်းနားလမ်း (ဧရာဝတီမြစ်ကမ်း) ရှိ ကုန်စိမ်းဈေးအနီး ကင်းလှည့်နေသည့် စစ်ကားကို ဒေသခံပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိ ဒေသများအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်အတွင်းရှိ ဒေသအချို့တွင် ဒေသခံ PDF များနှင့် အပြင်းအထန်တိုက်ပွဲများဖြစ်ပွားနေရာ စစ်ကောင်စီက ရဟတ်ယာဉ်များပါ အသုံးပြုတိုက်ခိုက်လျက်ရှိသည်။ 

စစ်ကိုင်းတိုင်းအနောက်ပိုင်း မြန်မာ – အိန္ဒိယနယ်စပ် တမူးမြို့တွင်လည်း ယနေ့ နံနက်ပိုင်းက စစ်ကောင်စီရဲကင်းတစ်ခုကို ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦး သေဆုံးပြီး သေနတ်နှစ်လက် ရရှိခဲ့ကြောင်း PDF အဖွဲ့ဝင်အချို့ကို ကိုးကား၍ ချင်းဒေသအခြေစိုက် Zalen News သတင်းဌာနက ဖော်ပြသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button