ထားဝယ်ဟု ဆိုလိုက်လျှင် လှပေသော အပျိုစင်ကမ်းခြေများ၊ တောင်တန်းများ၊ ပင်လယ်စာများဖြင့် ခရီးသွားများအကြား ရေပန်းစားသည်။ နေချင်စရာဒေသအဖြစ် ရည်ညွှန်းကြသည်။ သို့သော် ယင်းရေပန်းစားမှုမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ကပြောင်းကပြန်ဖြစ်သွားသည်။
ယခုအခါ ထားဝယ်သည် မြို့ဝင်ဂိတ်ဖြတ်ရန် တထိတ်ထိတ်ဖြစ်နေရသော ထားဝယ်၊ ဆိုင်ကယ် လွတ်လွတ်လပ်လပ်မစီးရ ထားဝယ်၊ အမှောင်သန်းသည်နှင့် သုသာန်တစပြင်အလား တိတ်ဆိတ်သည့် ထားဝယ်ဖြစ်သွားလေပြီ။
တစ်ပတ်တစ်ကြိမ် မောင်းမကန်ကမ်းခြေသွား အပန်းဖြေတတ်သော ထားဝယ်သား ကိုကျော်ကျော်တစ်ယောက် ကမ်းခြေနားမသီဖြစ်သည်မှာ ငါးလဝန်းကျင်ရှိပြီဖြစ်သည်။ မောင်းမကန်ကမ်းခြေသို့ မသွားဖြစ်တော့သည့်အကြောင်းမှာ မြို့ဝင်ဂိတ်တွင် စစ်ဆေးနေသည့် စစ်ကောင်စီတပ်သားများကြောင့်ဟု ဆိုသည်။
မောင်းမကန်ကမ်းခြေမှာ ထားဝယ်ဒေသ၏ နာမည်ကျော်ကမ်းခြေတစ်ခုဖြစ်ပြီး မြို့နှင့် ဆယ်မိုင်သာ ဝေးသည့်အတွက် ထားဝယ်ဒေသခံများ မကြာခဏသွားရောက် အပန်းဖြေလေ့ရှိရာ နေရာတစ်ခုဖြစ်သည်။
ထိုအခြေအနေမှာ စစ်အာဏာသိမ်းပြီးနောက် လုံးလုံးလျားလျား ပြောင်းခဲ့ပြီဖြစ်သည်။ မြို့လေးဖက်လေးတန်တွင် အမျိုးမျိုးသော ဘေးရန်တို့က အချိန်ပြည့်ရှိနေသည်။
မြို့ပြင်ထွက်ခွင့်
ထားဝယ်မြို့တွင် မြို့ပြင်ထွက်ပေါက်လေးခုရှိပြီး နာမည်ကျော် မောင်းမကန်ကမ်းခြေရှိသည့် လောင်းလုံးကျွန်းဆွယ်တစ်ကြောကို သွားနိုင်သည့် ကမြောကင်းတံတားဂိတ်၊ မြို့အရှေ့ဘက် ထိုင်းနိုင်ငံနယ်စပ်ဘက်သို့ ထွက်သည့် ဗျောတောဝဂိတ်ရှိသည်။
နောက်ထပ်ဂိတ်ပေါက်နှစ်ခုမှာ ပြည်ထောင်စုလမ်းတစ်လျှောက် ရန်ကုန်ဘက်မှလာသည့် မြို့အဝင် အိမ်ရှေ့ပြင်ဂိတ်နှင့် မြိတ်ဘက်သို့ ထွက်ရာ ပေါက်တိုင်းတံတားဂိတ်ဖြစ်သည်။
ထိုဂိတ်လေးဂိတ်တွင် အထူးကြပ်မတ်စစ်ဆေးသဖြင့် အသွားအလာကျပ်တည်းနေခြင်းဖြစ်သည်။
ထို့ကြောင့်ပင် ကိုကျော်ကျော်ကဲ့သို့ ထားဝယ်မြို့နေ လူပေါင်းတစ်သိန်းကျော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပြင်မထွက်နိုင်ဖြစ်နေကြသည်။ အရှေ့အနောက်အကျယ် သုံးမိုင်ခန့်နှင့် တောင်မြောက်အရှည် လေးမိုင်ကျော်သာ ကျယ်ဝန်းသည့် တနင်္သာရီတိုင်း၏ မြို့တော်မှာ အကျဉ်းကျခံနေရသည့် ပုံစံဖြစ်နေသည်။
စစ်အာဏာသိမ်းပြီး လေးလခန့်အကြာ ဇူလိုင်လမှစ၍ ထားဝယ်မြို့နေ လူထုတစ်ရပ်လုံးကို အကျယ်ချုပ်ထားသည့် ပုံစံဖြင့် စစ်ကောင်စီက စတင်ဖိနှိပ်ခဲ့သည်။ လက်ရှိတွင် မြို့ခံများ မြို့ပြင်ထွက်မည်ဆိုပါက စာရွက်စာတမ်းမျိုးစုံ လိုအပ်သည်။ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံစာ၊ မှတ်ပုံတင်၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်ပါ လိုအပ်သည်။
မြို့ဝင်ဂိတ်များတွင် စောင့်နေသည့် စစ်ကောင်စီတပ်သားများက ဒေသခံများကို ရပ်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံစာ၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် ပါမပါ စစ်ဆေးနေခြင်းဖြစ်သည်။
လိုအပ်သည့် အထောက်အထားများ ပြည့်စုံနေသည့်တိုင် လက်နက်ကိုင်စစ်သားများက တစ်နည်းမဟုတ်တစ်နည်း ရစ်ကြသည့်အတွက် (စစ်မေးသည့်အတွက်) အရေးကြီးကိစ္စမရှိပါက မြို့အပြင်မထွက်ဖြစ်တော့ကြောင်း ကိုကျော်ကျော်က ဆိုသည်။
“တော်တော်လေး စစ်တယ်ဆိုတော့ မသွားချင်တော့ဘူး၊ ကိုယ့်ဘက်က စုံနေပေမဲ့ ခဏခဏ ရစ်နေတာ မြင်နေရတယ်” ဟု ကိုကျော်ကျော်က ပြောသည်။
နိုဝင်ဘာ ၁၂ ရက်နေ့အထိ ကိုဗစ်အကြောင်းပြပြီး Stay at Home သတ်မှတ်ထားသည့် ထားဝယ်မြို့တွင် နေအိမ်အပြင်ထွက်ခွင့်ကတ်ပြားပါ ယူဆောင်သွားရသည်။ စစ်ကောင်စီက သတ်မှတ်ထားသည့် စာရွက်စာတမ်းများ အပြည့်အစုံပြုလုပ်ထားသော်လည်း ဒေသခံအများစုမှာ မြို့ပြင်ထွက်ရန် မဝံ့မရဲ ဖြစ်နေကြသည်။
အကြောင်းမှာ မြို့အဝင်အထွက် ဂိတ်များရှိ စစ်သားအများစုမှာ နံနက်စောစောမရှောင် အချိန်ပြည့် မူးရူးနေကြရာ စိတ်မထင်လျှင်မထင်သလို စစ်ဆေးပြီး အရစ်သန်သည်ဟု အမည်ဆိုးထွက်နေသည်။ ၎င်းတို့သတ်မှတ်ထားသည့် စာရွက်စာတမ်းအထောက်အထားများ ပြည့်စုံနေသော်လည်း ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပါမပါ အစစ်ခံရသူများလည်း ရှိနေသည်။
ကိုဗစ်ဆေးထိုးပြီးကြောင်း လက်မှတ်မရှိသည့်အတွက် လက်ဖက်ရည်ဖိုးဟုဆိုကာ ငွေကြေးတောင်းယူသည်ဟု ဒေသခံများက ပြောသည်။
ယင်းအပြင် ပေါက်တိုင်းတံတား၊ ကမြောကင်းတံတားနှင့် ဗျောတောဝဂိတ်တွင် ဆိုင်ကယ်စီးလာသူများကို ဆိုင်ကယ်တွန်းပြီး ခြေလျင်လျှောက်စေသည်။ ကားဖြင့်လာသည့် ခရီးသည်များကိုလည်း ကားပေါ်မှဆင်းကာ လမ်းလျှောက်ခိုင်းသည်။
ထိုကဲ့သို့ နည်းအမျိုးမျိုးဖြင့် စစ်ဆေးနေသည့်အတွက် မြို့ခံများအနေဖြင့် မဖြစ်မနေသွားလာရမည့် ကိစ္စမှလွဲ၍ မည်သူမျှ မြို့ပြင်မသွားလိုကြပေ။
ထိုအခြေအနေတွင် ဝမ်းရေးအတွက် မြို့ပြင်ကို မဖြစ်မနေသွားရသူများလည်း ရှိနေသည်။ မဖြစ်မနေသွားရမည့်သူများထဲတွင် အိန္ဒိယထုတ် သုံးဘီးကားမောင်းသည့် ကိုလေးလည်း တစ်ဦးအပါအဝင်ဖြစ်သည်။
မြို့တွင်းသို့ ခရီးသည်ပို့ဆောင်ရပါက ပျမ်းမျှအားဖြင့် ကျပ် ၂၀၀၀၊ ၃၀၀၀ သာရတတ်သည်။ မြို့ပြင်လိုက်မည်ဆိုပါက အနည်းဆုံး ကျပ် ၅၀၀၀ မှ ခရီးအကွာအဝေးအလိုက် မြိုးမြိုးမြက်မြက်ရသည်ဖြစ်ရာ သုံးဘီးသမား ကိုလေးတစ်ယောက် နယ်ဝေးလာငှားသူများကို မျှော်နေတတ်သည်။
သို့သော် လက်ရှိအခြေအနေအရ မြို့အပြင်သွားရန် လာငှားမည်ကိုပင် စိုးရိမ်နေရကြောင်း ကိုလေးက ဆိုသည်။
“အစဆိုရင် မှတ်ပုံတင်လိုတယ်လို့ ပြောတယ်။ မှတ်ပုံတင်အဆင့်ထိ လက်ခံတယ်၊ အခုက ထောက်ခံစာဆိုပြီး စစ်တယ်၊ အချို့ရွာတွေဆို ထောက်ခံစာယူလို့မရဘူး၊ ရွာအုပ်ချုပ်ရေးမှူး မရှိလို့” ဟု ကိုလေးက ပြောသည်။
ပစ်ခတ်ခံရမှုများကြောင့် ထားဝယ်ဒေသရှိ ကျေးရွာအများအပြားတွင် အုပ်ချုပ်ရေးမှူး မရှိကြပေ။
ရပ်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံစာ၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် ပြည့်စုံနေသော်လည်း ဂိတ်စောင့်စစ်သားများက ရစ်တတ်သည့်အတွက် ဂိတ်ဖြတ်ပြီးသွားရမည့်အရေး စိတ်မလုံမခြုံဖြစ်နေသည်ဟု ဆိုသည်။
မြို့ဝင်ဂိတ်ကို ဖြတ်ရာတွင် ယာဉ်မောင်းအပြင် ခရီးသည်များကိုပါ ထောက်ခံစာတောင်းယူစစ်ဆေးနေခြင်းဖြစ်သည်။
“အပြင်ထွက်ခွင့် ကတ်ပြားစစ်တုန်းကဆိုရင် ကတ်ပြားက နာမည်နဲ့ အုပ်ချုပ်ရေးမှူးထောက်ခံစာပါ နာမည်မတူလို့ဆိုပြီး အကြီးအကျယ်အရစ်ခံရဖူးတယ်” ဟု ကိုလေးက ပြောသည်။
အကျဉ်းစံမြို့တွင်းက အဖိနှိပ်ခံရပ်ကွက်
စစ်ကောင်စီအနေဖြင့် အထက်ပါ ကန့်သတ်ချက်များအပြင် အကျဉ်းစံထားဝယ်မြို့တွင်း၌လည်း အမည်းရောင်နယ်မြေတစ်ခု သတ်မှတ်ထားသေးသည်။ ထားဝယ်မြို့အတွင်း အရှေ့မှအနောက်သို့ စီးဆင်းနေသည့် ဘုမ္မော်ချောင်း၏ တောင်ဘက်နယ်မြေကို အထူးစောင့်ကြည့်နယ်မြေအဖြစ် မေလနှောင်းပိုင်းက စတင်ခွဲခြမ်းသတ်မှတ်လိုက်ခြင်းဖြစ်သည်။
လက်နက်များ ဖမ်းမိကြောင်း စစ်ကောင်စီက ထုတ်ပြန်ဖူးသော၊ အကြီးတန်းအစိုးရအရာရှိတစ်ဦး လုပ်ကြံခံရဖူးသော၊ မြို့တွင်းတိုက်ပွဲငယ်တစ်ရပ် ဖြစ်ပွားခဲ့ဖူးသော ယင်းရပ်ကွက်များအတွင်း နေရာခြောက်ခုထက်မနည်းတွင် စစ်တပ် တပ်စွဲထားသည်။
ထိုအမည်းရောင်နယ်မြေအတွင်း စစ်သားများက ရပ်ကွက်သူရပ်ကွက်သားများထံမှ အစားအသောက်များယူငင်ခြင်း၊ အဖိုးတန်ပစ္စည်းများယူခြင်း၊ ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ရပ်ကွက်သူရပ်ကွက်သားများက ရင်ဖွင့်ကြသည်။
ထားဝယ်မြို့တွင် ရပ်ကွက် ၁၅ ခုရှိသော်လည်း ဘုမ္မော်ချောင်း၏ တောင်ဘက်ပိုင်းတွင်ရှိသည့် ဘုမ္မော်ရပ်ကွက်နှင့် ကြက်စားပြင်ရပ်ကွက်မှာ အခြားရပ်ကွက်များထက် ပိုပြီး ဖိနှိပ်ခံနေရကြောင်း ယင်းရပ်ကွက်သားအချို့က ရှုမြင်ကြသည်။
ဘုမ္မော်ချောင်းတစ်လျှောက် အခြားရပ်ကွက်များနှင့် ဆက်သွယ်ထားသည့် တံတားခြောက်စင်းရှိသည်။
ပြီးခဲ့သည့် မေလကုန်ပိုင်းမှစ၍ အများပြည်သူသွားလာနေသည့် လမ်းတံတားလေးခုကို ပိတ်ပြီး ကမ်းနားလမ်းနှင့် အထက ၂ အရှေ့လမ်းမှသာ ဖြတ်သန်းသွားလာရမည်ဟု စစ်ကောင်စီက ကန့်သတ်ခဲ့သည်။
သွားလာခွင့်ကန့်သတ်လိုက်သည့် တံတားများတွင် သံဆူးကြိုးများဖြင့် အခိုင်အမာပိတ်ထားသည်မှာ ယနေ့အချိန်ထိဖြစ်သည်။
အမည်းရောင်နယ်မြေသတ်မှတ်ခံထားရသည်ဟု ဒေသခံများရှုမြင်နေသည့် ကြက်စားပြင်ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးရုံး၊ ရွာလယ်ဇရပ်၊ နတလကျောင်း စသည့် အနည်းဆုံးခြောက်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည်။
ရပ်ကွက်အတွင်း တပ်စွဲထားသည့် စစ်သားအများစုသည် အချိန်ပြည့်အရက်မူးပြီး သေနတ်တပြပြဖြင့် ကင်းလှည့်လေ့ရှိကြောင်း ရပ်ကွက်နေသူများက ဆိုသည်။ ရပ်ကွက်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် နတလကျောင်းတွင် တပ်စွဲထားသည့် စစ်သားများက ပိုပြီးအရစ်သန် ငွေညှစ်လေ့ရှိကြောင်း ကြက်စားပြင်ရပ်ကွက်နေ ကိုမင်းက ပြောသည်။
“ညနေဘက်ဆိုရင် လိုင်စင်တွေ ထထစစ်တယ်၊ မရှိရင် ပိုက်ဆံတောင်းတယ်။ လိုင်စင်မရှိရင် တစ်သိန်းအထိ တောင်းတယ်” ဟု ကိုမင်းက ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်သားများ ကင်းလှည့်ရင်း ကြက်စားပြင်ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်အရှေ့တွင် လှန်းထားသည့် ငါးခြောက်အားလုံးသိမ်းယူသွားခဲ့ဖူးသည်ဟု ဆိုသည်။
“ငါးခြောက်တွေကို အကုန်လုံးယူသွားတယ်။ တောင်းလည်းမတောင်းဘူး၊ အကုန်လုံး တစ်သိန်းခွဲဖိုးလောက်ရှိတယ်လို့ ပြောတယ်” ဟု ကိုမင်းက ပြောသည်။
ယင်းရပ်ကွက်နှစ်ခုအတွင်း တပ်စွဲထားသော နေရာခြောက်ခုအနက် လေးခုတွင် တပ်စွဲထားသည့် စစ်သားများကို နိုဝင်ဘာတတိယအပတ်တွင် စတင်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။
အမျိုးသားများ ဆိုင်ကယ်နောက် မထိုင်ရ
များမကြာသေးမီကပင် ကြက်စားပြင်ရပ်ကွက်အပါအဝင် ထားဝယ်ခရိုင်တစ်ခုလုံးကို ဝက်အူရစ်ကဲ့သို့ တစ်ဆင့်ချင်းထပ်ကျပ်သည့် အမိန့်တစ်ခုကို စစ်ကောင်စီက ထုတ်လိုက်ပြန်သည်။
“ဆိုင်ကယ်တစ်စီးမှာ အမျိုးသားနှစ်ဦးမစီးရ” ဆိုသော အမိန့်ဖြစ်သည်။
မည်သည့်အကြောင်းပြချက်ဖြင့် ကန့်သတ်လိုက်သည်ကို သေချာမသိရပေ။ အများသိအောင် ထုတ်ပြန်ခဲ့ခြင်းမျိုးလည်း မရှိခဲ့ပေ။
စစ်ကောင်စီ၏ ရူးကြောင်ကြောင်နိုင်လှသော ထိုကန့်သတ်ချက်အမိန့်ကြောင့် အခြေခံလူတန်းစားများ အခက်တွေ့ရကြောင်း ရင်ဖွင့်သူများရှိသည်။ နေ့စဉ်ဘဝတွင် ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးပြီး အလုပ်သွားရသူ အောက်ခြေလူတန်းစားများစွာရှိနေသည်။
အကျိုးဆက်အနေဖြင့် အခြေခံလူတန်းစားများဖြစ်သည့် ဆိုင်ကယ်ကယ်ရီသမားများ ဝင်ငွေကျသွားပြီး ဆိုင်ကယ်ကိုယ်ပိုင်မရှိသည့် ပန်းရန်လုပ်သားများ အလုပ်သွားရန် အခက်တွေ့ကုန်ကြသည်။
ဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ဦး စီးခွင့်မပြုဆိုသော ကန့်သတ်ချက်က ယခင်ကတည်းကပင် ငွေရှာရခက်နေသည့် ဆိုင်ကယ်ကယ်ရီသမားများအတွက် မီးလောင်ရာလေပင့်ဖြစ်စေသည်။
ဆိုင်ကယ်ကယ်ရီသမားတစ်ဦး၏ တစ်ရက်ပျမ်းမျှဝင်ငွေမှာ တစ်သောင်းနှစ်ထောင်ကျပ်ခန့်ရှိရာမှ စစ်အာဏာသိမ်းပြီးချိန် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ထက်ဝက်ကျော် ကျဆင်းသွားခဲ့သည်။
နယ်ဘက်နေသူအချို့မှာ မြို့ဝင်ဂိတ်တွင် စစ်ဆေးမှုတင်းကျပ်လွန်းသဖြင့် မြို့ပေါ်သို့ ဈေးလာမဝယ်တော့ဘဲ သုံးဘီးဆိုင်ကယ်နှင့် ကားများမှတစ်ဆင့် လမ်းကြုံမှာကြတော့သည်။
ထို့ကြောင့် ဆိုင်ကယ်ကယ်ရီသမားများ၏ ဝင်ငွေလျော့နည်းသွားခဲ့သည်။
လက်ရှိတွင် ဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ဦးမစီးရ ဆိုသည့် စစ်ကောင်စီ၏ ကန့်သတ်ချက်ကြောင့် ပိုပြီးအခက်တွေ့လာရကြောင်း ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက်နေ ဆိုင်ကယ်ကယ်ရီမောင်းသူ ကိုမင်းက ဆိုသည်။
“မိသားစုစားဝတ်နေရေးအတွက် လုံလောက်မှုမရှိတော့ပေမဲ့ ဒီလိုပဲ ရုန်းကန်နေရတာပေါ့”ဟု ၎င်းက ပြောသည်။
နေဝင် လူမဲ့မြို့
စစ်အာဏာသိမ်းပြီး လပိုင်းအကြာတွင် ထားဝယ်မြို့၌ ည ၈ နာရီမှ နံနက် ၃ နာရီအထိ ညမထွက်ရအမိန့်ကို စစ်ကောင်စီက စတင်ထုတ်ပြန်ခဲ့သည်။ ထို့နောက် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ပြန်သည်။
စစ်ကောင်စီ၏ ညမထွက်ရ အချိန်သတ်မှတ်ချက်မှာ ည ၁၀ နာရီဆိုသော်လည်း လက်တွေ့၌မူ ည ၇ နာရီခန့်ကတည်းက ထားဝယ်မြို့ပေါ် လမ်းများတွင် လူသူကင်းမဲ့နေသည်။ စစ်ကောင်စီတပ်သားများ စိတ်ထင်တိုင်း သေနတ်ပစ်ဖောက်လေ့ရှိသဖြင့် မြို့နေလူထုမှာ ကြောက်ဇောဖြင့် ညနေ ၆ နာရီဝန်းကျင်ကတည်းက အိမ်အပြန်စောနေကြသည်။
ထိုသို့ အသားလွတ်သေနတ်ပစ်ဖောက်ခြင်းအပြင် ညဦးပိုင်းတွင် အုပ်စုဖွဲ့စစ်ဆေးပြီး ဖမ်းဆီးတတ်ခြင်းများကြောင့် အိမ်စောစောပြန်နေရကြောင်း ထားဝယ်မြို့သစ်နေ ကိုအောင်က ဆိုသည်။
ညနေ ၆ နာရီကျော် နေဝင်ပြီဆိုသည်နှင့် အမြန်လိုနေသော ဆိုင်ကယ်များ၊ မော်တော်ယာဉ်များကို ထားဝယ်မြို့လမ်းများပေါ်တွင် တွေ့မြင်နိုင်သည်။ ကပျာကယာသိမ်းနေသော ဈေးဆိုင်ငယ်များကိုလည်း တွေ့နိုင်သည်။
မြို့သစ်တွင် နေထိုင်သည့် ကိုအောင်မှာ ထားဝယ်မြို့အတွင်းတွင် ကိုယ်ပိုင်အလုပ်လုပ်နေခြင်းဖြစ်ပြီး စစ်အာဏာမသိမ်းမီက ည ၈ နာရီဝန်းကျင်မှသာ အိမ်ပြန်နေသူဖြစ်သည်။
“ညနေ ၆ နာရီလောက်ကတည်းက ကားတွေနဲ့ ကင်းလှည့်နေတာ။ သေနတ်ကိုလည်း ပစ်လို့ရအောင် အပြင်ကို အဆင်သင့်ချိန်ထားသေးတယ်။ သူတို့ကို မြင်တာနဲ့ ကြောက်ပြီး စောစောပဲ ပြန်တော့တယ်” ဟု ကိုအောင်က ပြောသည်။
ရန်ကုန်၊ မော်လမြိုင် ကဲ့သို့သော မြို့ကြီးများတွင် ည ၁၀ နာရီ မထွက်ရအမိန့် ထုတ်ထားသော်လည်း ည ၉ နာရီကျော်အထိ လူအသွားအလာ မပြတ်တတ်ပေ။ သို့သော် ထားဝယ်မှာ နေဝင်အိမ်ပြန်မြို့လေး ဖြစ်နေပြီဖြစ်သည်။
“ထားဝယ်က ညပိုင်းဆိုရင် မြို့ပျက်ကြီးလိုပဲ။ ကျွန်တော်တို့ ရန်ကုန်မှာဆို ညပိုင်းစည်တုန်း” ဟု ထားဝယ်-ရန်ကုန် ခရီးသည်တင်ယာဉ်ငယ်မောင်းသူ ဦးလင်းက ဆိုသည်။
ထားဝယ်မြို့အခြေအနေကြောင့် ည ၇ နာရီဝန်းကျင် မြို့အတွင်းဝင်နိုင်ရန် ရန်ကုန်မှ အလျဉ်မီအောင် ခရီးနှင်ရကြောင်း သူက ဆိုသည်။ ထို့ထက်နောက်ကျပါက မည်သည့်ကြမ္မာနှင့်မဆို တိုးနိုင်လေသည်။
ကိုဗစ်ကပ်ဘေးမတိုင်မီ ခရီးသွားများအကြား မျက်နှာပွင့်ခဲ့သော ထားဝယ်မှာ ယခုအခါ နေချင်စဖွယ်မကောင်းသော ဒေသအဖြစ် တဖြည်းဖြည်းချင်း ရှုမြင်ခံလာရသည်။
အမျိုးမျိုးသော ဖိနှိပ်မှုများအကြား အာဏာသိမ်းစစ်အုပ်စုကို တော်လှန်သော လူငယ်များကလည်း နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်ဆန္ဒပြနေကြဆဲ ဖြစ်သည်။ စစ်ကောင်စီကလည်း တစ်ရစ်ပြီးတစ်ရစ် တိုးကာ ဖိနှိပ်ချုပ်ချယ်နေဆဲဖြစ်သည်။
“ရှမ်း(ထိုင်း) ကိုပဲ ထွက်ပြေးသွားချင်တော့တယ်။ ဒီမှာနေရတာက ဘာတစ်ခုမှ စိတ်မချမ်းသာဘူး” ဟု ထားဝယ်မြို့သစ်နေ ကိုအောင်က ဆိုလေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)