သတင်း

မရမ်းကုန်းတွင် နှိပ်စက်ညှဉ်းပန်းခံရသည့် အိမ်အကူကလေးငယ် ဒဏ်ရာသက်သာလာ

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူလုပ်ရင်း အိမ်ရှင်နှိပ်စက်ခံခဲ့ရသဖြင့် အင်းစိန်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်လာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းလွှတ်တော်၏ မရမ်းကုန်းအမတ် ဒေါ်မိုးမိုးစုကြည်က ပြောသည်။

အဆိုပါ အိမ်အကူကလေးငယ် နှိပ်စက်ခံနေရကြောင်း သတင်းရရှိခဲ့ပြီးနောက် ရပ်ကွက်နေပြည်သူများနှင့် အုပ်ချုပ်ရေးဝန်ထမ်းများက ပြီးခဲ့သည့် တနင်္လာနေ့(နိုဝင်ဘာ ၅) တွင် ကယ်တင်ခဲ့ခြင်းဖြစ်ပြီး နှိပ်စက်ကြောင်း စွပ်စွဲခံထားရသည့် အသက် ၃၃ နှစ်အရွယ် အိမ်ရှင်အမျိုးသမီးကိုလည်း ရဲက ဖမ်းထားသည်။

ကယ်ဆယ်ခဲ့စဉ်က ဓားဒဏ်ရာ၊ ရေနွေးပူ နှင့် မီးပူတို့ တွေ့ရှိခဲ့သော်လည်း အဆိုပါဒဏ်ရာများမှာ သက်သာလာကြောင်း ဒေါ်မိုးမိုးစုကြည်က ပြောသည်။

“နစ်နာခဲ့တဲ့သူလည်း ပြည်သူပါပဲ။ ကျူးလွန်တယ်ဆိုတဲ့ သူကလည်း ပြည်သူပါပဲ။ ကျွန်မတို့ကတော့ ပြည်သူတွေအားလုံးကို ဘယ်သူ့ဘက်မှမလိုက်ဘဲ ဥပဒေအတိုင်း အညီဖြစ်ဖို့ ရဲတပ်ဖွဲ့ကို တွန်းအားပေးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

မရမ်းကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများလည်း အဆိုပါ အိမ်အကူမိန်းကလေးထံသို့ သွားရောက်ကာ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း၊ လတ်တလော အနေအထားအရ အင်းစိန်ဆေးရုံဘက်မှ မိန်းကလေး၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိလာနိုင်မည့်အရေးအတွက် စိတ်ကျန်းမာရေးကျွမ်းကျင်ဆရာဝန်များနှင့် ထပ်မံ စစ်ဆေးမည်ဟု ပြောခဲ့ကြောင်း တွံ့တေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောသည်။

အဆိုပါ ဖြစ်ရပ်အတွက် ၂ ရပ်ကွက်ရှိ အဆိုပါနယ်မြေအပိုင် ရာအိမ်မှူးက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၆ ဖြစ်သည့် အပြင်းအထန် နာကျင်စေမှုဖြင့် အမှုဖွင့် ဆောင်ရွက်ထားပြီး ယင်းကလေးငယ်ကို အိမ်ဖော်အဖြစ် ခိုင်းစေသည့် သူများအားလည်း အရေးယူနိုင်ခြင်းရှိမရှိကို ဥပဒေ ပညာရှင်များနှင့် တိုင်ပင်နေကြောင်း ၎င်းကပြောသည်။

“ကလေးသူငယ်(ဥပဒေ)နဲ့ စွဲမယ်ဆိုရင် ကလေးကို အလုပ်ခိုင်းဖို့ ခွင့်ပေးခဲ့တဲ့ မိဘကိုလား၊ ချိတ်ဆက်ပေးတဲ့ ပွဲစားကိုလား၊ ကျူးလွန်တယ်ဆိုတဲ့ အိမ်ရှင်ကိုလား၊ စသဖြင့် ကျွန်တော်တို့ စဉ်းစားရဦးမယ်။ နောက် လူမှုဝန်ထမ်းဘက်ကရော ဘာဆက်လုပ်မှာလဲ စောင့်ရဦးမယ်။ အခု မြို့နယ်လူမှုဝန်ထမ်းက တိုင်း(အဆင့်) ကို ဒီကိစ္စ တင်ပြမယ်တဲ့” ဟု သူကဆိုသည်။

Show More

Related Articles

Back to top button