
ယနေ့(နိုဝင်ဘာ၂၅) နံနက် ၉ နာရီခန့်က မန္တလေးတိုင်း မိုးကုတ်မြို့ မင်းတံတားရပ်ကွက် စူပါကော်ဖီမစ်ဖြန့်ဖြူးရေးနှင့် OK ငွေလွှဲငွေထုတ်ရုံးသို့ ရောက်လာသည့် လူ ၆ ဦးက မန်နေဂျာကို ပစ်သတ်၍ ငွေသားအများအပြား ယူဆောင်သွားကြသည်။
ခါတော်မှီဘုန်းကြီးကျောင်းအနီးရှိ ထိုရုံးသို့ ကားတစ်စီးဖြင့် ရောက်လာသူတို့က ဝန်ထမ်းများကို ဒူးထောက်လက်မြှောက်ခိုင်းပြီး မန်နေဂျာကို သေနတ်ဖြင့် ၅ ချက်ပစ်ကြောင်း၊ ထို့နောက် ဂိုဒေါင်မှူးကို ခြိမ်းခြောက်ငွေတောင်းကာ ကျပ်သိန်းရာဂဏန်း၊ ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းတချို့ကိုပါ ယူဆောင်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက မျက်မြင်သက်သေများကို ကိုးကား၍ ပြောသည်။
ရင်ဘတ်၊ ဦးခေါင်း၊ ခြေ၊ လက်တို့တွင် ဒဏ်ရာရသွားသူ မန်နေဂျာအမျိုးသားမှာ ဆေးရုံသို့ ပို့ဆောင်ရာလမ်းတွင် ကွယ်လွန်သွားကြောင်း၊ ဈာပနကို ယနေ့ ညနေပိုင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အသတ်ခံရသူက ဒီနယ်ခံမဟုတ်ဘူး။ ပြီးတော့ သူက ရုံးထဲကလည်း သိပ်ထွက်လေ့ထွက်စ မရှိတော့ သူ့ကို မြို့ခံတွေက သိပ်မသိကြဘူး”ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။
သေဆုံးသူ၏ ကိုယ်ရေးအချက်အလက်နှင့် ဖြစ်စဉ်အသေးစိတ်အကြောင်းအရာများကိုမူ အထက်ပါ သတင်းရင်းမြစ်နှစ်ဦးက ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိပေ။
အဆိုပါ ရပ်ကွက်တွင် နေထိုင်ပြီး လုံခြုံရေးအရ အမည်မဖော်လိုသည့် တတိယသတင်းရင်းမြစ်တစ်ဦးကမူ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ လုပ်ရပ်သာ ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“သူတို့(စစ်တပ်)ပါပဲ။ ဘာလို့ပြောနိုင်လဲဆိုတော့ အရင်တုန်းက ခုလိုဖြစ်စဉ်ဆိုတာ ဖြစ်ခဲပါတယ်။ သူတို့အာဏာသိမ်းပြီးမှပဲ ခုလို ပြည်သူတွေမှာ ကျီးလန့်စာစားနဲ့ အသက်အိုးအိမ်တွေလည်း မလုံခြုံဘူး။ ရှေ့ မှာလည်း လူသတ်၊ ဓားပြတိုက် ဒါတွေပဲ လုပ်ခဲ့တာ” ဟု ၎င်းက ဆိုသည်။
မည်သူ့လက်ချက်ဖြစ်ကြောင်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို မိုးကုတ်မြို့ အရှေ့ပိုင်းရဲစခန်းကိုလည်း မေးမြန်းခွင့်မရသေးပါ။
အထက်ပါ ဒေသခံတို့၏ အဆိုအရ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် မိုးကုတ်မြို့ရှိ လူအသွားအလာပြတ်သည့် လမ်းနှင့် ရပ်ကွက်များတွင် လုယက်၊ ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေသည်ဟု သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ(၂၃) ညနေပိုင်းကပင် မိုးကုတ်မြို့အရှေ့ပိုင်း ရွံ့ပန်းရပ်ကွက်နေ အသက်(၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦးကို ယူနီဖောင်းဝတ် စစ်သား ၄ ဦးက အိမ်ပြန်ပို့မည်ဆိုကာ တောလမ်းအတွင်းသို့ ခေါ်သွားပြီး နောက်တစ်နေ့ နံနက်ပိုင်းမှ ပြန်လွှတ်ပေးသည်ဆိုသော သတင်းထွက်ပေါ်နေသည်။
ကာယကံရှင်၏ မိသားစုကမူ အခြေအနေအသေးစိတ်ကို ဖြေဆိုရန် ငြင်းဆန်သည်။
မိုးကုတ်မြို့သည် အာဏာသိမ်းပြီး ၁၀ လရှိလာချိန်အထိ စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဆန့်ကျင်နေသည့် နိုင်ငံအနှံ့ မြို့ရွာများတွင် အပါအဝင်ဖြစ်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)