
ယမန်နေ့ ( နိုဝင်ဘာ ၂၄) တွင် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း ရေနံတင် ဘောက်ဆာကားများနှင့် လုံခြုံရေးယာဉ်တန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှစ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
နံနက် ၉ နာရီခန့်က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ လက်ပံတိုရေနံမြေမှ ထွက်ခွာလာသော ဆီဘောက်ဆာကား ၅ စီး အပါအဝင် ယာဉ် ၁၀ စီး ကျော် ပါဝင်သည့် ယာဉ်တန်းကို လက်ပံတို – အရာတော်လမ်းတွင် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပခုက္ကူ PDF မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ယမန်နေ့က ပြောသည်။
ဘောက်ဆာကားတစ်စီး၊ စက်သေနတ်တင်ကားတစ်စီး ထိခိုက်ပျက်စီးခဲ့သည်ဟု ပြန်ကြားရေးတာဝန်ရှိသူထံမှ သိရသည်။
“အခု နောက်ဆုံးကြားတာတော့ (စစ်သား) ၇ ဦး သေဆုံးတယ်။ မနက်ကတော့ ပွဲချင်းပြီး ၃ ဦး သေတယ်။ နောက်ပြီးတော့မှ ၄ ဦး သေတယ်လို့ ဒေသခံတွေဆီက သိရတယ်” ဟု ၎င်းက ဆိုသည်။
မြိုင် PDF ၏ မြေခွေးပြောက်ကျားတပ်နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
မြိုင် PDF တာဝန်ရှိသူ ကိုဘာဂျာက အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း ပြောသည်။
“သူတို့ကတော့ ရှိတဲ့လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာပေါ့။ ကျွန်တော်တို့ကတော့ ပြောက်ကျားဆိုတဲ့ခါကျတော့ အတတ်နိုင်ဆုံး အန္တရာယ်ကင်းအောင် လုပ်ပြီး ထွက်ပြေးတာပေါ့။ ပြန်ပစ်ရင် လက်နက်အင်အား မမျှတဘူး” ဟု ကိုဘာဂျာက ဆိုသည်။
“ကျွန်တော်တို့က စစ်ကောင်စီကို ဝင်နေတဲ့အခွန်တွေကို ပိတ်ချင်တာပေါ့။ ဒီနေ့ကလည်း ပြည်သူတွေကား မဟုတ်ဘူး။ စစ်ကောင်စီရဲ့ယာဉ်တန်းကမှ ရေနံထုတ်ပြီး အရာတော်ရေနံချက်တဲ့နေရာကို ပို့တဲ့ကားတွေဗျ” ဟု ကိုဘာဂျာက ဆက်ပြောသည်။
PDF ၂ ဖွဲ့လုံး၏ ထုတ်ပြန်ချက်တွင် ယာဉ်တန်းကို တာဝေးပစ်ရှော့တိုက်ဒုံး,မိုင်းများဖြင့် တိုက်ခိုက်ခဲ့ပါသည်” ဟု ဖော်ပြထားသည်။
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ ထိစပ်နေသည့် မြို့နယ်များတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရသေးသလို ထိုဖြစ်ရပ်မျိုးကိုလည်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို ပစ်ခတ်သတ်ဖြတ်ရာမှ လက်နက်ကိုင်အန်တုသူများ နိုင်ငံအနှံ့အပြားတွင် ပေါ်ပေါက်လာသည်။
စစ်ကောင်စီက လက်နက်ကိုင်ဆန့်ကျင်သူတို့ကို အကြမ်းဖက်သမားဟု တံဆိပ်ကပ်ထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)