အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါက်တာဇော်မြင့်မောင် နေပြည်တော်သို့လာ၍ သက်သေထွက်ခွင့်မရ

ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ အမှုအတွက် မန္တလေး၊ အိုးဘိုထောင်မှလာ၍ ခုခံချေပပေးမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၏ ခရီးသွားလာခွင့်ကို ကျန်းမာရေးအကြောင်းပြချက်ဖြင့် စစ်ကောင်စီက ငြင်းဆိုသည်။

နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားရုံးတွင် ထိုအမှုကို ယနေ့ (နိုဝင်ဘာ ၂၃) ကြားနာစဉ် ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင်က ဆေးစာကို ဖတ်ပြခဲ့ကြောင်း၊ လူကိုယ်တိုင် မလာရောက်နိုင်သဖြင့် အွန်လိုင်းမှတစ်ဆင့် ကြားနာရန် စစ်ကောင်စီ၏ ဥပဒေအရာရှိဘက်မှ အကြံပြုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုအစီအစဉ်ကို လက်ခံရန် သင့်မသင့် လာမည့်ရုံးချိန်း(နိုဝင်ဘာ ၃၀) တွင် အကြောင်းပြန်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ  အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ရုံးတော်သို့ တင်ပြခဲ့ကြောင်း ထိုသူ့ထံမှ သိရသည်။

မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်၊ အာဏာသိမ်းပြီးနောက် အိုးဘိုအကျဉ်းထောင်တွင် ထားရှိ၍ ပုဒ်မများတပ်ကာ အမှုဖွင့်ခံထားရသည့် အသက် ၇၀ အရွယ် ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ဆင့်ခေါ်ပေးရန် နိုဝင်ဘာ ၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က တောင်းဆိုခြင်းဖြစ်သည်။

ထိုအမှုမှာ ၂၀၂၀ ဩဂုတ်လအတွင်း နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ NLD ထောက်ခံသူများထံ သွားရောက်လည်ပတ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် နေထိုင်သည့် ဦးထွန်းမြင့်အောင်(ခ) ဦးညီညီက စွဲဆိုထားခြင်းဖြစ်သည်။ ဒေါက်တာဇော်မြင့်မောင်မှာ ထိုခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လိုက်ပါခဲ့သည်။

အမြင့်ဆုံး ထောင် ၃ နှစ်အထိ ချနိုင်သည့် ထိုအမှုဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားသူ ဦးထွန်းမြင့်အောင်မှာ NLD ဇဗ္ဗူသီရိမြို့နယ် အတွင်းရေးမှူးအဖြစ် ၂၀၁၅ မတိုင်မီက တာဝန်ယူဖူးသူဖြစ်ပြီး ယခုကဲ့သို့ တရားစွဲဆိုရန် စစ်ကောင်စီက ကမ်းလှမ်းခြင်းဖြစ်ကြောင်း Myanmar Now ကို အတည်ပြုထားသည်။

တရားသူကြီး ဦးမောင်မောင်လွင်က အဆိုပါ အမှုကို ဒီဇင်ဘာ ၇ တွင် စွပ်စွဲသူ၊ စွပ်စွဲခံရသူတို့ဘက်မှ အပြီးသတ်လျှောက်လဲချက်တင်ရန်၊ ဒီဇင်ဘာ ၁၄ တွင် အမိန့်ချရန် လွန်ခဲ့သည့် သုံးပတ် (နိုဝင်ဘာ ၉ ) ရုံးချိန်းကတည်းက အသိပေးပြီးဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button