ယနေ့ (နိုဝင်ဘာ ၁၉) မွန်းလွဲပိုင်းက ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် ဒေသကာကွယ်ရေးအဖွဲ့က ပစ်ခတ်သဖြင့် Mytel တာဝါတိုင်စောင့် စစ်သားနှစ်ဦး သေဆုံးသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပြောသည်။
ဆိုင်ကယ်ဖြင့် လှည့်လည်နေသည့် ထိုသူတို့မှာ စမ်းရွာကျေးရွာတွင် စိုက်ထူထားသော စစ်တပ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ၏ ဖုန်းတိုင်ကို ပုံမှန်လာရောက်စောင့်ကြပ်တတ်ပြီး လည်ပင်းနှင့် ဦးခေါင်းတွင် ကျည်ထိဒဏ်ရာရကာ ပွဲချင်းပြီး သေဆုံးသည်ဟု ဆိုသည်။
“အခုနောက်ပိုင်းမှာ Mytel တာဝါတိုင်တွေကို ကာကွယ်တဲ့အခါမှာ စစ်ဝတ်စုံတွေနဲ့ မလာတော့ဘဲနဲ့ အရပ်ဝတ်နဲ့ပဲ စောင့်နေတဲ့ စစ်သားတွေဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းကွပ်ကဲရေးအဖွဲ့ သတင်းနှင့် စိတ်ဓာတ်စစ်ဆင်ရေး တာဝန်ခံက ပြောသည်။
ထိုပစ်ခတ်မှုမှာ ရန်ကုန်တိုင်းအတွင်း ဆင်နွှဲနေသည့် ပျံလွှားအောင်စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုအပြီး နာရီအနည်းငယ်အကြာတွင် စစ်သားနှစ်ဦး၏ အလောင်းကို စစ်တပ်က လာရောက်သယ်ဆောင်သွားကြောင်း ထိုသူက ဆက်ပြောသည်။
တွံ့တေးပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
တစ်နိုင်ငံလုံးတွင် Mytel တာဝါတိုင် ၁၂,၀၀၀ ခန့်ရှိသည့်အနက် နိုဝင်ဘာလဆန်းပိုင်းအထိ ၂၀၀ ခန့် ဖျက်ဆီးခံခဲ့ရသဖြင့် လူအစောင့်ချ၊ စစ်တပ်သုံးခြေနင်းမိုင်းသုံး၍ ကာကွယ်နေရသည်ဟု ဆိုသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့ပါဝင်သည့် ဟံသာဝတီခရိုင်ဟု သတ်မှတ်ခေါ်ဆိုသည့် ဧရိယာအတွင်း စက်တင်ဘာ ၇ ရက်မှစ၍ ပျံလွှားအောင် အမည်ရ စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲနေသည်။
ပြီးခဲ့သည့် ရက်များအတွင်း ရန်ကုန်တိုင်းအတွင်းရှိ အဖွဲ့ဝင်အချို့ဖမ်းဆီးခံခဲ့ရသော်လည်း ပျံလွှားအောင်စစ်ဆင်ရေး မရပ်တန့်ကြောင်း ကွပ်ကဲရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ဒါတွေမရပ်သေးဘူး။ ကျွန်တော်တို့ရဲဘော်တွေအတွက် ကျွန်တော်တို့နှစ်ဆတိုးပြီး ကြိုးစားမယ်ဆိုတာကို ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့ သက်သေပြဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
နိုဝင်ဘာ ၁၇တွင် လှိုင်သာယာမြို့နယ် အမှတ် ၁၀ ရပ်ကွက်တွင် စစ်ကောင်စီသတင်းပေးဟု ဆိုသူ ဘင်လာဒင်(ခ) ကျော်မင်းဦးကို ပစ်ခတ်ခဲ့သည်၊ နောက်တစ်နေ့ ညနေ ၅ နာရီခွဲခန့်တွင် အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ငယ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ရန်ကုန်တိုင်းကွပ်ကဲရေးအဖွဲ့က ပြောသည်။
ထိုဖြစ်စဉ်များ၏ အသေးစိတ်အခြေအနေများကိုမူ အတည်မပြုနိုင်ပေ။
စစ်ကောင်စီက နိုဝင်ဘာ ၁၂မှ ၁၇ ရက်အတွင်း ရန်ကုန်တိုင်းအတွင်းရှိ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၄၇ ဦး၊ ယနေ့(နိုဝင်ဘာ ၁၉) တွင် ထိုတိုက်ခိုက်မှုများကို ဦးဆောင်သူဟု ၎င်းတို့ စွပ်စွဲထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်ဟောင်း ဦးဖြိုဇေယျာသော်ကို ဖမ်းမိကြောင်း ကြေညာခဲ့သည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်ဖြိုခွင်းနေသည့် စစ်တပ်ကို နိုင်ငံအနှံ့ ခုခံမှုများ ပေါ်ပေါက်နေရာ ရန်ကုန်တိုင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး စစ်ကောင်စီ၏ ယန္တရားကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ နေ့စဉ်နီးပါး ဖြစ်ပေါ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



