သတင်း

ပေါ်တာဆွဲ နှိပ်စက်ခံရသည့် ချင်းလူငယ် ဒဏ်ရာများနှင့် ထွက်ပြေးလာ

စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ပြီး ပစ္စည်းများထမ်းပိုးခိုင်းခဲ့သည့် ချင်းတိုင်းရင်းသားလူငယ်တစ်ဦး ယနေ့ (နိုဝင်ဘာ ၁၇) မနက်တွင် ဒဏ်ရာများနှင့် ထွက်ပြေးလွတ်မြောက်လာကြောင်း မကွေးတိုင်း၊ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ထံမှ သိရသည်။

ထိုလူငယ်သည် နိုဝင်ဘာ ၁၅ ရက်နေ့က ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်း အင်အား ၇၀ ခန့်ပါ အဆိုပါစစ်ကြောင်း ဖမ်းဆီးခဲ့သည့် အသက် ၂၀ ကျော်အရွယ် မြို့ခံလူငယ်နှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။ 

၎င်းတို့လက်ကိုင်ဖုန်းအတွင်း သေနတ်ပုံများ တွေ့ရှိသည်ဟု ဆိုကာ အဖမ်းခံကြရခြင်း ဖြစ်သည်။

စစ်သားများအလစ်တွင် ထွက်ပြေးခဲ့သည့် ထိုလူငယ်ကို ဆောမြို့နယ်၊ ကျေးရွာတစ်ခုအနီး တွေ့ရှိခဲ့ကြောင်း ‌ဆော PDF  ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“နှိပ်စက်ခံရတဲ့ အခြေအနေအရ တွေ့တဲ့အချိန်မှာ သူက အားအရမ်းနည်းနေတယ်၊ လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး။ နှုတ်ခမ်းတွေမှာလည်း ဖူးရောင်နေတယ်” ဟု အဆိုပါ တာဝန်ခံက ဆက်ပြောသည်။

စစ်ကောင်စီတပ်သားတို့က မျက်နှာကို စစ်ဖိနပ်များဖြင့် ကန်ကျောက်ပြီး သံဆူးကြိုးများဖြင့် ရိုက်နှက်သည့်ပြင် မီးကင်ထားသည့် သံချောင်းများဖြင့် ခန္ဓာကိုယ်အနှံ့ထိုးကာ နှိပ်စက်ကြောင်း အဆိုပါလူငယ်က ပြန်ပြောပြသည်ဟု ၎င်းက ဆိုသည်။

ကန်ပက်လက်မှ ဆောသို့ ခြေလျင်စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် ၎င်းတို့နှစ်ဦးကို ပစ္စည်းများ ထမ်းပိုးခိုင်းသည်ဟု ဆိုသည်။

အဆိုပါ လူငယ်၏ ဒဏ်ရာများကို အရေးပေါ်ကုသပေးပြီးနောက် ဆော PDF အဖွဲ့က လုံခြုံရာသို့ ပို့ဆောင်ပေးလိုက်ကြောင်း၊ အတူဖမ်းဆီးခံရသူမှာ စစ်ကောင်စီတပ်များလက်ထဲတွင် ရှိနေမည်ဟု ယူဆကြောင်း သိရသည်။  

နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ဆော-ကန်ပက်လက်လမ်းတွင် စစ်ကောင်စီတပ်က ဆိုင်ကယ်သမားတစ်ဦးကို ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း၊ ဒဏ်ရာရပြီး ထွက်ပြေးသွားသည်ဟူသော ထိုသူ၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်း ဆော PDF ထံမှ သိရသည်။

ဆော PDF ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဌာနကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်း၊ ဆောမြို့နယ်တို့မှာ နယ်နိမိတ်ချင်းထိစပ်နေပြီး ဒေသခံ လက်နက်ကိုင်အဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်နေကြသည်။  

ကန်ပက်လက်နှင့် ဆောမြို့နယ်ကြားရှိ လမ်းပိုင်းတွင် သွားလာနေသည့် စစ်ကြောင်းများကို ကန်ပက်လက် CDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်လေ့ရှိသလို ကန်ပက်လက်မြို့သို့ ဦးတည်သွားမည့် စစ်ကောင်စီစစ်ကြောင်းများကို ဆော PDF အဖွဲ့က ဆောမြို့နယ်မရောက်ခင် လက်လုပ်မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ကန်ပက်လက်မှ ဆင်းလာသည့် အင်အား ၇၀ ပါ စစ်ကြောင်းအပြင် ကျောက်ထုမြို့နယ်မှ ထွက်လာသည့် အင်အား ၁၀၀ ပါ စစ်ကြောင်းတစ်ခုမှာလည်း ဆောမြို့သို့ ဦးတည်လာနေသည်ဟု ဆော PDF အဖွဲ့က ပြောသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button