မေးမြန်းခန်း

“သားသမီးတွေ လက်ထဲမှာ ပဋိပက္ခတွေ ထားခဲ့မှာလား”

ရှမ်းနီ (တိုင်းလိုင်) နှင့် ကချင်များကြား အကျိုးဆောင်ပေးရာတွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှ ကိုကျော်ထွေးမောင် ခေါ် ရှဒေါင်ယော်ဇက်တွင် အားသာချက် တစ်ခု ရှိနေသည်။

ထိုအချက်မှာ ရှမ်း၊ ကချင် ကပြား ဖြစ်နေသည် ဟူသော အချက်ပင်။

မိုးကောင်း အခြေစိုက် All to One ပြည်သူလူထု အခြေပြု ပူးပေါင်းကူညီမှု ကွန်ရက်ကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတချို့နှင့် ပူးပေါင်း တည်ထောင်ပြီး အတွင်းရေးမှူးတာဝန် ယူထားသည့် ကိုကျော်ထွေးမောင်နှင့် မကြာသေးခင်က တွေ့ဆုံ မေးမြန်းရာ သူက ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်နိုင်ရေး ကြိုးပမ်းချက်များအကြောင်း ပြောပြထားသည်။

မေး။ ။ ရှမ်းနဲ့ ကချင်ကြား တွေ့ဆုံ ညှိနှိုင်းမှုတွေမှာ အရင်က ဘယ်လိုအခြေအနေရှိလဲ၊ အခုရော ဘာတွေပြောင်းလဲလာပါသလဲ။

ရှမ်းတွေကို အခွန်ကောက်တဲ့ ကိစ္စဟာဆိုရင်လည်း တော်တော်လေးကို အတိုက်အခံ ဖြစ်ခဲ့တယ်။ မြစ်ကြီးနားမှာရှိတဲ့ KIA ဆက်ဆံရေးရုံးကို သွားပြီးမှ ပြည်သူတွေက ဒီလို ဒီလို ပြောနေပြီ၊ အခွန် ဆိုရင်လည်း တောင်းသလောက်ပေးတဲ့ပုံစံမျိုး မဟုတ်ဘဲ ညှိနှိုင်းပေးဖို့။ လုံးဝ ငြင်းရင်လည်း အန္တရာယ်က ရှိသေးတယ်လေ။ နည်းနည်းတော့ လျှော့ပေးပါပေါ့။ နောက်တစ်ခု လမ်းကိစ္စ။ လမ်းသွားလမ်းလာ တောထဲ ဝင်တဲ့နေရာတွေ၊ ပြည်သူတွေ လုပ်ကိုင်စားသောက်တဲ့နေရာတွေမှာ မိုင်းတွေ မထောင်ကြဖို့ ရုံးမှာ သွားပြောတယ်။ ဘယ်သူထောင်တာလဲ ဆိုတာလည်း မသိဘူး၊ နှစ်ဖွဲ့ ရှိတယ်၊ ဘယ်အဖွဲ့လဲ ဆိုတာ မြင်မှ မမြင်နိုင်တာ။ မစွပ်စွဲဘူး၊ မေတ္တာရပ်ခံတာ။

တိုင်းရင်းသားအရေး ဆိုရင်လည်း အစတုန်းက ကျွန်တော် ကိုယ်တိုင်ကအစ လက်ခံဖို့ ခက်ခဲခဲ့တယ်။ ၁၉၇၄ တုန်းက ရှမ်းနဲ့ ကချင် အကြီးအကျယ် ဖြစ်ခဲ့တယ်။ အဲဒီအရှိန်က မသေသေးဘူး။ နှစ်ဖက်စလုံးက ရင်ထဲမှာ ရှိနေတုန်းပဲ။ ကျွန်တော်တို့ ကွင်းဆင်းတဲ့ အချိန်မှာ ကချင်နဲ့ ရှမ်းနဲ့ တွေ့ချင်တယ်၊ ဘုန်းကြီးတွေက သူတို့ ဓမ္မာရုံမှာ ဆွေးနွေးပွဲ လုပ်ဖို့ပြောတယ်။ ကချင်တွေက မလာနိုင်ဘူး။ Church (ခရစ်ယာန်ဘုရားကျောင်း) မှာ လုပ်မယ်ဆိုတော့ ရှမ်းတွေက မလာနိုင်ဘူး။ အဲဒီမှာ တော်တော်လေး ဒုက္ခ ဖြစ်ခဲ့တယ်။ ဓမ္မာရုံမှာ လုပ်လိုက်တော့ ကချင်တွေဘက်က တကယ်ကို တစ်ယောက်မှ မလာဘူး။ နောက် … ရွာတစ်ရွာ သွားလိုက်တယ်၊ ညှိကြည့်တယ်။ နှစ်ဖက်စလုံး ရင်ဖွင့်ကြရင် ဆရာတို့ရှိနေတဲ့အချိန် ဘာမှမဖြစ်ဘဲနဲ့ ဆရာတို့ပြန်သွားရင် ရွာမှာ နှစ်ဖက်ပြဿနာတက်မှာ စိုးရိမ်ရတယ်ဆိုတော့ ကျွန်တော်တို့ ဘာမှမလုပ်ဘဲနဲ့ ပြန်ခဲ့ရတာလည်း ရှိတယ်။ ဒါက စလုပ်တုန်းက အခြေအနေပေါ့လေ။ ဒါပေမဲ့ အဲဒီနေရာတွေ ကျွန်တော်အခု အလွယ်တကူ ဝင်လို့ရသွားပြီ။ ပြောမယ်ဆိုရင် ဝိုင်းထဲမှာကိုက ထပြီး လက်သီးထိုးမယ်အထိ ဖြစ်ခဲ့ဖူးတယ်။

နောက် မိုင်းကွဲလို့ ရှမ်းတစ်ယောက် သေသွားတယ်။ သူတို့မိသားစုတွေ အကုန်လုံး ကျွန်တော့်ဆီ လာခဲ့ကြတယ်။ ဒီပြဿနာ ရှင်းပေးဖို့ပေါ့လေ။ တစ်ယောက်တည်း မရှင်းနိုင်တော့ဘူး။ ဘုန်းကြီးတွေခေါ်ပြီး ရှင်းရတယ်။ အဲဒီတော့ ကျွန်တော့်ရုံးမှာပဲ ကချင်ဘက်ကရော ရှမ်းမိသားစုဘက်ကရော ခေါ်ပြီးတော့ စကားဝိုင်း လုပ်ရတယ်။ ကချင်တိုင်း KIA မဟုတ်ဘူး၊ ဒါတွေကို ကိုယ်က ရှင်းပြရတာပေါ့။ မရှင်းနိုင်ရင် လူမျိုးရေးပြဿနာ ဖြစ်တော့မှာလေ။

မေး။ ။ ဆက်ဆံရေးအဆင်ပြေလာအောင် တွန်းအားပေးတဲ့ တခြားအကြောင်းအရာတွေက ဘာတွေ ဖြစ်မလဲ။

အောက်ခြေက စတယ်လို့ပဲ ပြောရမလား။ တစ်ရပ်ကွက်တည်း နေတဲ့သူတွေချည်းပဲ။ အဆက်အဆံ မရှိဘူး၊ အခေါ်အပြောမရှိဘူး ဆိုရင်လည်း ကျွန်တော်တို့ ခေါ်ပြီးတော့ စုပေးလိုက်တဲ့ အတွက် အဲဒီအချိန်ကစပြီး အခေါ်အပြော ရှိသွားတယ်။ တစ်ယောက်နဲ့ တစ်ယောက် သိသွားတယ်၊ ရင်းနှီးသွားတယ်၊ စကားပြောဖြစ်သွားတယ်။ အဲဒါက တစ်ချက်ပေါ့။ နောက်ပြီးတော့ ပြဿနာ အရင်းအမြစ်ကို ရှာခိုင်းတယ်၊ မတည့်ဘူး ဆိုရင်လဲ ဘာဖြစ်လို့ မတည့်ကြတာလဲ၊ တကယ့်အကြောင်းရင်းကဘာဆိုတာကို ရှာခိုင်းလိုက်တယ်။ သမိုင်းကြောင်းတွေလည်း ပြန်ပြီး ရွတ်ပြရတာပေါ့လေ။ ဟိုးအရင်က အေးအတူပူအမျှ ရှိခဲ့တယ်၊ ၁၉၄၈ နောက်ပိုင်းမှ ကျွန်တော်တို့တွေ ဘာကြောင့်မို့ ပြိုကွဲသွားတယ်၊ ရှေ့လျှောက်မှာလည်း ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ အတူ နေထိုင်ရဦးမှာပဲ။ ကျွန်တော်တို့ သားသမီးတွေ လက်ထဲမှာ ပဋိပက္ခတွေ ထားခဲ့မှာလား။ ရှေရှည်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်အောင် နှစ်ဖက်အသိုင်းအဝိုင်းတွေ မကြိုးစားသင့်ဘူးလားပေါ့။ ပြေပြေလည်လည် ရှင်းပြရတယ်။

၁၉၄၈ နောက်ပိုင်း ဘယ်အချိန်တွေမှာ ပိုပြီး အဆင်ပြေခဲ့လဲ။

လောလောဆယ် အနီးစပ်ဆုံး ထောက်ပြတာက … (တပ်မတော်နဲ့ KIA) အပစ်အခတ် ရပ်စဲခဲ့တဲ့ ၁၇ နှစ်တာ အချိန်တွေတုန်းက ကျွန်တော်တို့တွေ ဘယ်လို ရှာဖွေစားသောက်နိုင်ခဲ့တယ်၊ ညဉ့်သန်းခေါင်ကအစ ဘယ်လို ခရီးသွားလို့ရခဲ့တယ်၊ အဲဒီအခြေအနေတွေ သူတို့ကို ပြန်ရှင်းပြလိုက်တယ်။ လက်တွေ့ နေခဲ့ရတဲ့ အခြေအနေလေ။ အဲဒီတော့ အားလုံးက ဒီအရသာကို သိနေတယ်လေ။ အခုအချိန်မှာ ကျွန်တော်တို့ အဲဒီလိုသွားလို့ မရဘူးလား။ အဝေးကြီး မကြည့်နဲ့ အဲဒီ ၁၇ နှစ် ကာလက အားလုံး ကြုံခဲ့ရတာပဲလေ။ ငြိမ်းချမ်းရေးရဲ့ အရသာကို ခံစားခဲ့ရတာလေး ပေါ့။ ဒါက လက်နက်ကိုင် ပဋိပက္ခနဲ့လည်း တိုက်ရိုက် ဆက်စပ်နေတယ်။

မေး။ ။ ဒေသတွင်း ပိုပြီးငြိမ်းချမ်းလာအောင် နှစ်ဖက်အဖွဲ့အစည်းကရော ဘာလုပ်ဖို့လိုမလဲ။

နှစ်ဖက်စလုံး တောင်းသင့်တာကို တောင်းပြီးတော့ ပေးသင့်တာကို ပေးလိုက်ရင်တော့ ပိုပြီး ပြေလည်မယ်လို့ ထင်တာပဲ။ မဖြစ်နိုင်တာကို မတောင်းနဲ့။ ဟိုဘက်ကလည်း ပေးသင့်တဲ့ဟာကို ပေးလိုက်။ ချက်ချင်းလက်ငင်းတော့ ဖြစ်ဖို့ မလွယ်ဘူး။ လက်ရှိအခြေအနေကို ကျွန်တော်ရှင်းပြမယ်၊ ကချင်ဘက်ကဆိုရင် ပတ်ဂျီဆန်ဆိုပြီး ဖွဲ့လိုက်တယ်၊ အဓိကကတော့ ဘိန်းတိုက်ဖျက်ရေးပေါ့။ တခြားဘက်ကလည်း ပြည်သူ့စစ်ဆိုပြီးမှ ဖွဲ့တယ်။ ဖွဲ့တာက တစ်ရပ်ကွက်လုံးပါတာ မဟုတ်ဘူး။ ရှမ်းနီပြည်သူ့စစ် ဆိုပြီး ရှမ်းနီတွေချည်းပဲ ဖြစ်နေတယ်။ ဒါတွေက လူမျိုးရေးတွေကို ကွဲစေတဲ့ ကိစ္စတွေပဲ။

မေး။ ။ထိလွယ်ရှလွယ်ကိစ္စတွေကို ညှိနှိုင်းဆောင်ရွက်ပေးတဲ့အခါမှာ ဘယ်လို အထောက်အပံ့တွေ လိုအပ်လဲ။

တခြားပြင်ပအကူအညီ မယူခင်တုန်းကတော့ လုပ်နိုင်တဲ့တာက မိုးကောင်းပဲ။ အခုဆိုရင် မိုးကောင်းမှာက ကချင်ရော၊ ရှမ်းရောဘက်က စာပေယဉ်ကျေးမှုတွေ ပါလာအောင် စည်းရုံးထား တယ်။ ဘာသာရေး အသိုင်းအဝိုင်းတွေ ပါလာတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ဘယ်ဘက်ကိုမှ မယိမ်းဘဲ တည့်တည့် လျှောက်နေတာ။ အားလုံးက အားပေးလို့ အခုဆို အဖွဲ့လေးတစ်ဖွဲ့ ဖြစ်နေပြီ။ ဒါက အောင်မြင်မှုတစ်ခုလည်း ဟုတ်တယ်။ ရွာကနေမြို့၊ မြို့ကနေ ပြည်နယ်အထိ ဘယ်လိုတိုးချဲ့ပြီးတော့ လုပ်မလဲပေါ့ အားလုံး ကြိုးစားရအောင် ဆိုပြီး လုပ်နေတာ။ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ လိုတယ်။ ကျွန်တော်တို့က ရွာလေး အသေးလေးတွေက အစ တကယ့် ပဋိပက္ခနယ်မြေတွေ ဖြစ်နေရင် အဲဒီမှာ ရှိတဲ့ တိုင်းရင်းသားတွေကို ကူညီချင်တယ်၊ သွားချင်တယ်။ မသွားရဆိုပြီး တားတဲ့ ပုံစံ၊ ခွင့်ပြုမိန့်တင်ပါ ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာတဲ့ အချိန်မှာ အရမ်း အခက်အခဲဖြစ်တယ်။ သူတို့ဘက်က ပူးပေါင်းကူညီမှုကို ကျွန်တော်တို့မျှော်လင့် ပါတယ်။ ပြည်သူတွေ ပါလာအောင် ကျွန်တော်တို့ စည်းရုံးနိုင်တယ်။

ကျွန်တော်တို့လုပ်နေတာ လက်နက်ကိုင်ပြီး ပုန်ကန်နေတာ မဟုတ်ဘူး။ တိုင်းရင်းသားအားလုံး ချစ်ကြည် ရင်းနှီးအောင်လို့ ကျွန်တော်တို့ လုပ်နေကြတာ။ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေး ပါတယ် ဆိုတဲ့ ပုံစံမျိုးလေးပဲ လိုချင်တယ်။ ။

Show More

Related Articles

Back to top button