ယမန်နေ့(နိုဝင်ဘာ ၁၁) က ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ချုံခိုတိုက်ခိုက်မှုတစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ထံမှ သိရသည်။
မွန်းလွဲ ၁ နာရီခွဲခန့်တွင် ထူလွှီးဘီလာကျေးရွာနှင့် ပဒုံငံကျေးရွာအနီး ရောက်လာသော စစ်ကောင်စီတပ် အငိုက်မိသွားသည့်အတွက် အထိနာခြင်းဖြစ်သည်ဟု KNDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ကျွန်တော်ပြောနိုင်တာကတော့ သေချာတာက ကျွန်တော်တို့နဲ့ ရင်ဆိုင်တိုက်ပွဲတိုင်းမှာ စစ်ကောင်စီဘက်က အထိနာတာများတယ်၊ ကျွန်တော်တို့ဘက်ကတော့ ခံသာတဲ့အနေအထားရှိတယ်” ဟု ၎င်းက ပြောသည်။
၅ နာရီခန့်ကြာသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ထူလွီးဘီလာရွာ ခြေတော်ရာဘုရားတောင်ဘက်မှ စစ်ကြောင်းထိုးပြီး တောင်ကုန်းပေါ်တွင် တပ်စွဲကာ အနီးဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သည်။
ကရင်နီတပ်မတော်(KA)နှင့် ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ပူးပေါင်းအဖွဲ့မှ ၃၈ နှစ်အရွယ် တပ်သားတစ်ဦး သေဆုံးရာ ယနေ့မွန်းလွဲပိုင်းတွင် သင်္ဂြိုဟ်ခဲ့ကြောင်း KNDF အဖွဲ့က ပြောသည်။
စစ်ကောင်စီက ထိုဒေသတိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်လေ့မရှိသလို သတင်းဌာနများက ပေးပို့သော မေးခွန်းများကို လျစ်လျူရှုထားတတ်သည်။
ကရင်နီဒေသအတွင်း ဒီးမော့ဆိုမြို့နယ်နှင့် ဖယ်ခုံမြို့နယ်များတွင် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသည်ဟု သိရသည်။
ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားရာ ဒေသများ အထူးသဖြင့် ဗျူဟာမြောက်ကုန်းပြင်မြင့်များပေါ်တွင် စစ်ကောင်စီက တပ်ဖြန့်ထားသည်ဟု KNDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ဒီးမော့ဆိုမှာကတော့ သုံးရက်ခြားတစ်ခါလောက် တိုက်ပွဲတွေဖြစ်နေတယ်။ ဒီနေ့ကတော့ ငြိမ်သလိုဖြစ်နေတာပေါ့၊ ဒါပေမဲ့ ဒီးမော့ဆိုတို့ ဖယ်ခုံတို့ကတော့ စစ်ရေးအမြဲတင်းမာလေ့ရှိတဲ့နေရာတွေပဲလို့ ပြောလို့ရမယ်” ဟု ၎င်းက ပြောသည်။
အောက်တိုဘာလနှောင်းပိုင်းနှင့် နိုဝင်ဘာလဆန်းပိုင်းများက ဖယ်ခုံမြို့အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဖယ်ခုံမြို့ပေါ်အထိပါ လက်နက်ကြီးများနှင့် ပစ်ခတ်နေသည်။
တိုက်ပွဲများပြင်းထန်လာမှုကြောင့် ဖယ်ခုံမြို့ခံအများစုနှင့် အနီးအနားရှိကျေးရွာများမှာ ပိုမိုလုံခြုံမည်ဟု ယူဆရသည့် နေရာများသို့ စစ်ရှောင်နေကြရသည်။
ဖေဖေါ်ဝါရီ ၁ ရက်တွင် စစ်တပ်က နိုင်ငံတော်အာဏာကို လက်နက်ပြသိမ်းယူလိုက်ပြီးနောက် ကရင်နီဒေသအတွင်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်မှုများစတင်ရာတွင် ဒီးမော့ဆိုမြို့နယ်မှာ ရှေ့ဆုံးမှ ဦးဆောင်ခဲ့သည်။
ပြီးခဲ့သည့် လများအတွင်း စစ်ကောင်စီက ကရင်နီဒေသသို့ တပ်မ ၆၆ လက်အောက်ခံတပ်များအပါအဝင် စစ်အင်အားအများအပြား ပို့ဆောင်ရန် ကြိုးစားခဲ့ပြီး ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့များကလည်း အပြင်းအထန်တုံ့ပြန်တိုက်ခိုက်ခဲ့ကြသည်။
KNDF တပ်များနှင့် သက်ဆိုင်ရာ မြို့နယ် PDF အဖွဲ့များအပြင် အစဉ်အလာရှိ တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အဖွဲ့၏ လက်နက်ကိုင်တပ် ကရင်နီတပ်မတော်(KA) ကလည်း ပါဝင်တိုက်ခိုက်နေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)



