မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ကျောမြို့အခြေစိုက် အမှတ်(၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) မှ ဗိုလ်ကြီးနှင့် တပ်သား အသတ်ခံရသည့်ကိစ္စကြောင့် စက်ရုံမှူးအပါအဝင် အရာရှိများကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ဒုတိုင်းမှူး မျိုးထွဋ်လှိုင်နှင့် ခြောက်ဦးပါ စုံစမ်းစစ်ဆေးရေးခုံအဖွဲ့က စစ်ဆေးနေသည်။
စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းရာ ထိုဒေသတွင် နိုဝင်ဘာ ၆ရက်နေ့လယ်ပိုင်းက ရိက္ခာသယ်ပြီး ပြန်လာသည့် ဗိုလ်ကြီးသော်ဇင်(ပြန်တမ်းဝင်အမှတ် (ကြည်း) – ၆၈၄၀၅) နှင့် တပ်သား စိုးရာဇာအောင်(ကိုယ်ပိုင်အမှတ် (တ) – ၄၈၇၄၁၉) တို့ကို ဖမ်းခဲ့ပြီး ထွက်ပြေးသဖြင့် အဆုံးစီရင်လိုက်ရသည်ဟု ပြည်သူ့တော်လှန်ရေးတပ်(PRA) က အခင်းဖြစ်သည့် နေ့၌ပင် ထုတ်ပြန်ထားသည်။
ထိုဆုံးရှုံးမှုဖြစ်စဉ်ကြောင့် တာဝန်ပေါ့လျော့သည်ဟူသော စွပ်စွဲချက်ဖြင့် စက်ရုံမှူးဖြစ်သူ ဗိုလ်မှူးကြီးတိုးလွင်၊ ဒုစက်ရုံမှူး ဒုတိယဗိုလ်မှူးကြီးရဲရန်ပိုင် အပါအဝင် တာဝန်ရှိသူအချို့ကို ဒုတိုင်းမှူး ဦးဆောင်သည့်အဖွဲ့က နိုဝင်ဘာ ၁၀ မှစ၍ စစ်ဆေးနေခြင်းဖြစ်သည်ဟု သိရကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်နေသည့် ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“တာဝန်ရှိတဲ့နှစ်ယောက်အပြင် တခြားလူတွေပါဦးမယ်။ အဲဒီနေ့က တာဝန်မှူးတို့ ဘာတို့ပေါ့” ဟု ၎င်းက ပြောသည်။
ကပစ ၂၃ သည် အမှတ် ၆ စစ်ဆေးရေးအထူးအဖွဲ့(ကစထ)မှူး ဗိုလ်ချုပ်ကြီးသန်းလှိုင် ကွပ်ကဲသည့် စစ်ကောင်စီ၏ နမခကွပ်ကဲမှုနယ်မြေအတွင်း အကျုံးဝင်သည်ဟု ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။
တာဝန်ပေါ့လျော့မှုဖြင့် အစစ်ဆေးခံနေရသည့် ကပစ စက်ရုံမှူး ဗိုလ်မှူးကြီးတိုးလွင်သည် ယခုစက်ရုံသို့ ပြောင်းရွှေ့မလာမီ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်အခြေစိုက် ကပစ ၂၀ ၌ တာဝန်ယူစဉ်ကလည်း သဲ၊ ကျောက် စသည့် လိုင်စင်မဲ့ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ပြီး ကိုယ်ကျိုးရှာသဖြင့် စုံခုံဖွဲ့၍ စစ်ခံရဖူးကြောင်း ၎င်းက ဆက်ပြောသည်။
စက်ရုံရှိ ဝန်ထမ်းအင်အားကို ကိုယ်ပိုင်စီးပွားရေးတွင် သုံး၍ အားတစ်တိုးလွင် (အင်အားx၁) ဟုပင် တပ်အသိုင်းအဝိုင်းတွင် နာမည်ကြီးကြောင်း ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။
“သူက ဘာပဲလုပ်လုပ် ပေသီးခေါက်ပြီးတော့ တွက်တာ။ လူတွေခိုင်းရင်လည်း လုပ်အားချိန်နဲ့ အပြင်မှာခိုင်းသလို စက်ရုံထဲက စစ်သားတွေကို အချိန်နဲ့ နာရီ အတိအကျခိုင်းတာ။ အဲဒါကြောင့် အားတစ်တိုးလွင်၊ အားတစ်တိုးလွင်လို့ နာမည်ကြီးတယ်” ဟု ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးတိုးလွင်နှင့်အတူ စုံစမ်းစစ်ဆေးခံနေရသည့် ကပစ ၂၃ ဒုတိယစက်ရုံမှူး၊ အုပ်ချုပ်ရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီးရဲရန်ပိုင်မှာ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း – OTS အပတ်စဉ် ၉၉ ဆင်းဖြစ်ကြောင်း ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။
နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံပေါင်း ၃၀ကျော် ရှိကြောင်း၊ စက်ရုံဆိုင်ရာ ပစ္စည်းနှင့် ရိက္ခာ သယ်ယူရာတွင် စစ်သုံးယာဉ် အသုံးပြုမှုနည်းပြီး အရပ်ဘက်သုံး ကုန်တင်ယာဉ်များဖြင့် အရပ်သားအသွင်ယူ လုပ်ဆောင်လေ့ရှိကြောင်း CDM တွင် ပါဝင်နေသည့် တပ်မတော်သားအချို့က ပြောသည်။
PRA က ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းအရ ၎င်းတို့ဖမ်းခဲ့သည့် ကပစ ၂၃ မှ ဗိုလ်ကြီးနှင့် တပ်သား တို့ကို အရပ်ဝတ်ဖြင့်သာ တွေ့ရသည်။
ထိုဖြစ်စဉ်နှင့် နောက်ဆက်တွဲကိစ္စများကို သိရှိနိုင်ရန် စစ်ကောင်စီနှင့် PRA တို့ဘက်သို့ မေးမြန်းရန် ကြိုးပမ်းနေသော်လည်း အဆက်အသွယ်မရသေးပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)