သတင်း

မင်းတပ် – မတူပီလမ်း တိုက်ပွဲများတွင် စစ်ယာဉ်တန်း အထိနာ 

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့မှ မင်းတပ်မြို့သို့ ပြန်လည်ဦးတည်လာသည့် စစ်ယာဉ်တန်းကို လမ်းတွင် ချုံခိုတိုက်ခိုက်ခဲ့ရာ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ နီးပါး သေဆုံးခဲ့သည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ – CDF (မင်းတပ်) က ပြောသည်။

သံချပ်ကာယာဉ်နှစ်စီးနှင့် စစ်ကားအစီး ၇၀ ကျော် ပါဝင်သည့် ယာဉ်တန်းကို CDF (မင်းတပ်) က မိုင်တိုင် ၅၆ နှင့် မိုင်တိုင် ၁၁ ကြား ၁၃ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ (နိုဝင်ဘာ ၉) က မိုင်တိုင် ၁၆ နှင့် ၁၄ တို့တွင် တိုက်ပွဲဖြစ်ကြောင်း၊ ယနေ့မနက်တွင်မူ ထိုယာဉ်တန်းသည် မင်းတပ်မြို့အနီး ၁၁ မိုင်အရောက် ထိတွေ့ပစ်ခတ်မှု အနည်းငယ်ရှိခဲ့ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်ထံမှ သိရသည်။ 

မိုင် ၁၀၀ ကျော် အကွာအဝေးရှိသည့် မင်းတပ် – မတူပီ လမ်းကြောင်းတစ်လျှောက် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး  Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီတပ်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိပေ။ 

စစ်ယာဉ်တန်းကို ပြောက်ကျားနည်းဖြင့် လိုက်လံတိုက်ခိုက်နေသည်ဟု ကိုယောမန်က ပြောသည်။

“(လက်လုပ်) မိုင်းဆွဲတာရော၊ ချုံခိုတိုက်ခိုက်တာရော၊ ပစ်တာရောပဲ။ သူတို့က ကားသာများတာ၊ လူအင်အားက အဲဒီလောက်မများဘူး။ ကျွန်တော်တို့က ၄၈ မိုင်ကနေ ၁၄ မိုင်အထိကို တောက်လျှောက် မနားတမ်း သားကောင်ကို မုဆိုးလိုက်သလို တောက်လျှောက်လိုက်ပစ်ကြတာ”ဟု ကိုယောမန်က ဆိုသည်။

CDF (မင်းတပ်) ဘက်မှ ရဲဘော် ၃ ဦး လက်နက်ကြီး၊ ဗုံးဆန် ထိမှန်ဒဏ်ရာရပြီး ထိုအထဲမှ ၇၃ နှစ်အရွယ် ဦးနိန်ကီးယော ကွယ်လွန်သည်ဟု ဆိုသည်။ 

ချင်းတောင်ပိုင်းကို စစ်ဆင်ရေးလုပ်ရန် မကွေးတိုင်း၊ ပခုက္ကူဘက်မှ တက်လာသည့် ယာဉ်တန်းသည် မင်းတပ်တွင် တစ်ညအိပ်ပြီးနောက် အောက်တိုဘာ ၁၄ တွင် မတူပီဘက်သို့ ထွက်ခွာသွားသည်။

အသွားလမ်းကြောင်းတစ်လျှောက် CDF အဖွဲ့ဝင်များ ထောင်ထားသည့် လက်လုပ်မိုင်းများ ရှင်းလင်းရင်း နှစ်ပတ်နီးပါးအကြာ အောက်တိုဘာလကုန်တွင် မတူပီမြို့သို့ ရောက်ရှိခဲ့သည်။

ထိုသို့ မတူပီအသွားတွင် ရာသီဥတုဆိုးရွားပြီး တောင်ပေါ်လမ်းမြင်ကွင်း မသဲကွဲသည့်အတွက် မင်းတပ် CDF က နှစ်ကြိမ်သာ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး ယာဉ်တန်းပြန်လှည့်လာမှ တိုက်ခိုက်မှုပိုများလာသည်ဟု ဆိုသည်။ 

“သံချပ်ကာတွေ ပါတယ်။ စစ်ကား၊ လက်နက်အင်အား များတယ်ဆိုတာမျိုးလည်းဖြစ်မယ်။ ( မင်းတပ် – CDF ကို) လျှော့တွက်တာလည်းဖြစ်မယ်” ဟု ကိုယောမန်က စစ်ယာဉ်တန်းအထိနာမှုအခြေအနေကို သုံးသပ်သည်။ 

“တကယ်လို့ (CDF-မင်းတပ်က) ကျည်ဆန်တွေသာ အလုံအလောက်သာ စကစကိုသာ ဖြုတ်နိုင်ရင် စစ်ကားတွေ တော်တော်များများကို မီးရှို့နိုင်တယ်။ ဝင်သိမ်းနိုင်တဲ့ အခြေအနေတောင်ရှိတယ်။ ကျည်ဆန်တွေသာ စိတ်ကြိုက်ဖြုန်းလို့ရမယ် ဆိုရင်ပေါ့” 

ဧပြီနှင့် မေလအတွင်း အမြင့်ပေ ထောင်ချီပြီး တောတောင်ထူသည့် မင်းတပ် – မတူပီ လမ်းကြောင်းတွင် တိုက်ပွဲများ ဖြစ်ပွားထားသည်။

ဧပြီလကုန်ပိုင်းက မင်းတပ်မြို့တွင် တိုက်ပွဲပြင်းထန်နေစဉ် မတူပီဘက်မှ စစ်ကူလာသည့် ဗျူဟာမှူးဦးဆောင်သည့်စစ်ကြောင်း ကြားဖြတ်ချုံခိုတိုက်ခိုက် ပိတ်ဆို့ခံရသော်လည်း နှစ်ဖက်ညှိနှိုင်းမှုများအပြီး CDF က ဗျူဟာမှူးနှင့် စစ်ကြောင်းကို လမ်းဖွင့်ပေးခဲ့သည်ဟု သိရသည်။

မေလဆန်းပိုင်း၌ တိုက်ပွဲပြန်လည်ပြင်းထန်နေချိန် မတူပီမှ စစ်ကူတက်လာသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ရာ အထိနာသွားသည်။

လက်နက်ကိုင်ခုခံမှု အားကောင်းသည့် ချင်းပြည်နယ်ကို “အနော်ရထာ” ဟူသော စစ်ဆင်ရေးဖြင့် အင်အားအလုံးအရင်းသုံးပြီး ဖြိုခွင်းရန် ကြိုးပမ်းနေသည်ဟု သတင်းများထွက်လာပြီးနောက် အောက်တိုဘာလဆန်းတွင် စစ်ကြောင်း ၂ ခုဖြင့် ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းကို လက်နက် လူအင်အား ဖြည့်တင်းခဲ့ခြင်း ဖြစ်သည်။ 

စစ်ကောင်စီတပ်က တိုက်ပွဲဝင်လက်နက်အင်အား သာလွန်သော်လည်း တောတောင်ထူထပ်ပြီး မြေမျက်နှာသွင်ပြင် ပထဝီအနေအထား နယ်မြေကျွမ်းကျင်မှုတို့တွင် ဒေသခံကာကွယ်ရေးအဖွဲ့များက ပိုပြီး အားသာနေသည်။ 

“ကျွန်တော်တို့ကတော့ အနော်ရထာစစ်ဆင်ရေးကို ကြိုက်တယ်။ တိုက်ပွဲ ကျွန်တော်တို့နယ်မြေထဲမှာ လာဖြစ်ရင်တော့ ကျွန်တော်တို့က ပိုကြိုက်တယ်။ ကျွန်တော်တို့မှာ တကယ့်တကယ် အားကိုးရတာက ပထဝီပဲ။ တောင်တွေက အရမ်းမတ်တာလေ။ သူတို့မှာ သံချပ်ကာကားတွေ ပါလာတယ်ဆိုပေမဲ့လည်း သိပ်သုံးမရဘူး။ လက်နက်ကြီးတွေကလည်း ဒီလောက်ကြီးသုံးလို့မရဘူး။ ရဟတ်ယာဉ်ပစ်ကူဖို့ကလည်း အရမ်းခက်တာ” ဟု ကိုယောမန်က ပြောလိုက်သည်။  

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button