သတင်း

ဟားခါးတွင် စစ်ကောင်စီဖမ်းဆီးသွားသည့် လူငယ်တစ်ဦး အစအနပျောက်နေ 

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် လွန်ခဲ့သည့်သုံးပတ်က စစ်ကောင်စီဖမ်းသွားသည့် လူငယ်ငါးဦးအနက် အသက် ၂၄ နှစ်အရွယ် ကိုရာလ်ကျုံဆိုသူ လူငယ်မှာ ယနေ့အချိန်ထိ သေသည်ရှင်သည် မသိရဘဲ အစအနပျောက်နေသည်ဟု သိရသည်။ 

ဟားခါးမြို့နယ်၊ နှီးယာန်လောန်ထာရွာတွင် အောက်တိုဘာ ၁၃ ရက်က ဖမ်းဆီးခံခဲ့ရသည့်လူငယ်များအနက် ကိုရာလ်ကျုံး သေဆုံးသွားပြီ၊ လိုက်မရှာနှင့်ဟု မည်သူမည်ဝါမသိရသူက ယမန်နေ့ (နိုဝင်ဘာ ၈) နံနက်ပိုင်းက  မိသားစုထံ အကြောင်းကြားခဲ့သော်လည်း မိသားစုဝင်များအနေဖြင့် အလောင်းရှာမရဖြစ်နေသည်။

ကိုရာလ်ကျုံးနှင့်အတူ ဖမ်းဆီးခံရသူ အခြားလူငယ်လေးဦးမှာလည်း သတင်းအစအနပျောက်နေဆဲဖြစ်ကြောင်း၊ ကိုရာလ်ကျုံး သေဆုံးပြီဟု ဖုန်းဆက်အကြောင်းကြားသူမှာ မည်သည့်ဌာနမှဖြစ်သည်ကိုပင် မသိခဲ့ရကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူက ပြောသည်။

မိသားစုဝင်များ၊ ဆွေမျိုးနီးစပ်တော်စပ်သူများက စစ်ကောင်စီ၏ ဟားခါးမြို့အခြေစိုက် ၂၆၆ တပ်ရင်းတွင် သွားရောက်စုံစမ်းသော်လည်း ဖမ်းဆီးထားခြင်းမရှိဟုသာ ငြင်းဆိုခဲ့ပြီး၊ ယမန်နေ့တွင် အထက်ပါအတိုင်း သေပြီဟု မည်သူမည်ဝါမသိရသူက ဖုန်းဆက်လာခဲ့သည်ဟု ဆိုသည်။ 

“ဘယ်သူဆက်တယ်ဆိုတာတော့ အတိအကျမသိဘူး။ သူတို့စစ်သားထင်တယ်။ အတိအကျတော့မပြောဘူး” ဟု ကိုရာလ်ကျုံး၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

မည်သည့်နေ့တွင်၊ မည်သည့်အကြောင်းဖြင့် ကွယ်လွန်သည်ကို မသိရသည့် ကိုရာလ်ကျုံးအတွက် ခရစ်ယာန်ဘာသာရေးထုံးတမ်းစဉ်လာအရ ဆုတောင်းခြင်းအခမ်းအနားကို နိုဝင်ဘာ ၈ ရက် ညပိုင်း၌ မိသားစုက ရုပ်အလောင်းမပါဘဲ ကျင်းပပြုလုပ်ခဲ့ရကြောင်း The Chin Journal ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

လူငယ်တစ်ဦးဖြစ်သူ ကိုရာလ်ကျုံးမှာ တောင်ယာလုပ်ငန်းလုပ်ကိုင်သည့် အရပ်သားတစ်ဦးဖြစ်ပြီး အသက် ၆ နှစ်ရွယ် သား၊ အသက် ၃ နှစ်နှင့် ၁ နှစ်အရွယ် သမီးငယ် ၂ ဦး ကျန်ရစ်ကြောင်း မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။

CDF ၏ စာရင်းများအရ ဟားခါးမြို့တွင် မေလမှစ၍ စစ်ကောင်စီက ဖမ်းပြီးနောက် သေဆုံးခဲ့သူမှာ ကိုရာလ်ကျုံးအပါအဝင် သုံးဦးရှိပြီဟု သိရသည်။

ဟားခါးမြို့၌ မေ ၉ ရက်တွင် စစ်ကောင်စီ ဖမ်းသွားသူနှစ်ဦးဖြစ်သည့် အသက် ၅၇ နှစ်အရွယ် ပူးတလဲရ်လိန်း၊ အသက် ၂၇ နှစ်အရွယ် ကိုခမ်ဘွေတို့၏ မိသားစုများမှာလည်း ကိုရာလ်ကျုံးကဲ့သို့ပင် အလောင်းပင်ပြန်မရခဲ့ဟု ချင်းပြည်နယ်အခြေစိုက် မီဒီယာများက ရေးသားသည်။ 

ပူးတလဲရ်လိန်းကို ကိုဗစ်နိုင်တင်းကပ်ရောဂါ၊ ကိုခမ်ဘွေကို အဆုတ်ရောဂါဖြင့် သေသည်ဟု စစ်ကောင်စီက အကြောင်းပြခဲ့ကြောင်း သိရသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် အောက်တိုဘာလက ပါဝင်လာသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးမျိုးထွဋ်လှိုင်၏ ကိုယ်ရေးအရာရှိ အမှုတွဲကိုင်စာရေး တပ်ကြပ်ကြီး ဟင်လျန်ပြန် (Hin Lian Piang)၏ ထုတ်ဖော်ပြောဆိုချက်အရ ထိုနှစ်ဦးမှာ စစ်ကြောရေးအတွင်း နှိပ်စက်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ ရိုက်ရင်းနဲ့ သေသွားတယ်။ သေနေတဲ့ အလောင်းကို ဂလူးကို့စ်ချိတ်ရင်းနဲ့ ကားတွေစီစဉ်ပြီးတော့ ကလေးကို တိုက်ရိုက်ပို့တယ်။ ပို့ပြီးတော့ ကလေးမှာ ရင်ခွဲတယ်။ အလောင်းကို မီးရှို့တယ်။ ပြီးတော့ ရင်ခွဲစစ်ဆေးချက်ကို ဆရာဝန်တွေကို ဖန်တီးခိုင်းတယ်”ဟု ရုပ်သံမှတ်တမ်းတွင် တပ်ကြပ်ကြီး ဟင်လျန်ပြန်က ပြောထားသည်။

စစ်ကောင်စီ၏ လုပ်ရပ်များနှင့် ပတ်သက်၍ CDF ပြောရေးဆိုခွင့်ရှိသူ ကိုဂျွန်က “ဒါတွေကတော့ တကယ့် ဂျီနီဗာကွန်ဗင်းရှင်းနဲ့ စစ်ဥပဒေကို ချိုးဖောက်နေတာဖြစ်တယ်”ဟု ဆိုသည်။

ခုခံတော်လှန်မှုပြင်းထန်နေသည့် ချင်းပြည်နယ်အတွင်း စစ်ကောင်စီက သံချပ်ကာယာဉ်များပါပါဝင်သည့် တပ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဘာသာရေးအဆောက်အအုံများကိုပင်မချန် ဖျက်ဆီးနေသလို ထိုဒေသအတွင်း အရပ်သားထိခိုက်သေဆုံးမှုနှင့် စစ်ဘေးရှောင် အရေအတွက် တိုးပွားလာနေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီ ၁ မှ နိုဝင်ဘာ ၈ ရက်အထိ စာရင်းအရ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသည့် အရပ်သားပြည်သူ ၁၂၄၄ ဦး အထိ ရှိပြီဖြစ်ကာ ယင်းအနက် စစ်ကြောရေးတွင် အသက်ပျောက်ရသူ ၄၀ ကျော်ပါဝင်သည်။

AAPP ကို တရားမဝင်အသင်းအဖွဲ့ဟု ပြောလေ့ရှိသည့် စစ်ကောင်စီကမူ ထိုသို့သောကိစ္စများကို သတင်းထုတ်ပြန်လေ့မရှိပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button