
တပ်ပိုင်ကုမ္ပဏီများ၏ အကြီးအကဲ ဗိုလ်မှူးဟောင်း၊ Mytel ဆက်သွယ်ရေးကုမ္ပဏီ ဘဏ္ဍာရေးမှူးချုပ် ဦးသိန်းအောင် ပစ်သတ်ခံလိုက်ရသည့် နိုဝင်ဘာ ၄ ရက်နေ့က ထိုမြို့နယ်အတွင်း အဆောင်တစ်ခုမှ လူငယ် ၂၀ ကို စစ်တပ်က ည ၇ နာရီတွင် အင်အားအလုံးအရင်းဖြင့် သွားရောက်ပြီး ဖမ်းဆီးကြသည်ဟု သိရသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ခြံချင်းကပ်လျက်ဖြစ်သည့် မရမ်းကုန်းမြို့နယ်၊ ၇/ဂ ရပ်ကွက် တေးနုယဉ်လမ်းရှိ နေအိမ်အနီး၌ နံနက် ၇ နာရီခန့်တွင် သေနတ်ဒဏ်ရာ ၄ ချက်ဖြင့် ဦးသိန်းအောင် သေဆုံးခဲ့ရခြင်းဖြစ်သည်။
ထိုဖြစ်စဉ်အပြီး စစ်သားအင်အား ၁၅၀ ခန့်ဖြင့် ပိုက်စိပ်တိုက်ရှာဖွေကြကြောင်း၊ ည ၇ နာရီခန့်တွင် အခြားရပ်ကွက်မှ လူငယ်များကို ဖမ်းသွားကြောင်း ထိုရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။
“ဘယ်သူ ဘယ်သူတွေဆိုတာတော့ နာမည်တွေမသိရဘူး၊ မိန်းကလေးတွေလည်း ပါတယ်။ သူတို့နဲ့ သက်ဆိုင်တဲ့ ကာယကံရှင်တွေကိုလည်း ဆက်သွယ်လို့မရဘူး။ အဆောင်ပိုင်ရှင်တော့ အဖမ်းမခံရဘူး”ဟု ၎င်းက ပြောသည်။
အဖမ်းခံရသူတို့မှာ အမှတ် ၆ ရပ်ကွက်၊ ဇေယျာခေမာလမ်းရှိ ဒေါ်ကြည်ညွန့်အဆောင်နေသူများဖြစ်ကြောင်း၊ ဖမ်းဆီးမှု နေ့စဉ် ရှိနေသည့် ရန်ကုန်တွင် ၎င်းတို့ကို မည်သည့်အမှုအတွက် သံသယဖြစ်ပြီး ဖမ်းဆီးသည်ကို မသိရကြောင်း ၎င်းက ဆက်ပြောသည်။
အဖမ်းခံရသူတို့ စစ်ကားဖြင့် ပါသွားသည်ကို တွေ့ရသော်လည်း မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုမူ စုံစမ်း၍ မရသေးဟု ဆိုသည်။
ယခု ဖမ်းဆီးခံရသည်ဆိုသော လူငယ် ၂၀ ဦးနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပေ။
အသက် ၅၆ နှစ်အရွယ် ဦးသိန်းအောင် ပစ်သတ်ခံရသည့် ၇/ဂ ရပ်ကွက်တွင်မူ ထိုနေ့က ဖမ်းဆီးခံရသူမရှိဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က ပြောသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ခြံချင်းကပ်လျက်ရှိသည့် တေးနုယဉ်လမ်းတွင် အိမ်ခြေ ၈၂ လုံးရှိကာ အားလုံးနီးပါးမှာ အငြိမ်းစားတပ်အရာရှိများဖြစ်ကြောင်း၊ အဝင်အထွက်တစ်လမ်းသာရှိပြီး အဝင်ဝတွင် ၂၄ နာရီ စောင့်ကြပ်သည့် လုံခြုံရေးအဖွဲ့ရှိကာ ၎င်းကိုယ်တိုင်ပင် အစစ်ဆေးခံပြီးမှ ဝင်ခွင့်ရကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။
ဦးသိန်းအောင် အသတ်ခံရသည့်အချိန်ထက် အနည်းငယ်စော၍ တေးနုယဉ်လမ်းအတွင်း စက်ဘီးနှစ်စီးဖြင့် ရောက်လာသည့် လူငယ်သုံးဦးကို CCTV မှတ်တမ်းများမှတစ်ဆင့် တွေ့ရကြောင်း ၎င်းက ပြောသည်။
သို့သော် အခင်းဖြစ်သည့်နေ့တွင် စစ်ကောင်စီက သတင်းဌာနတချို့ထံ ဖြေကြားရာတွင် ဦးသိန်းအောင်တို့ ဇနီးမောင်နှံကို သေနတ်သမားတစ်ဦးက ပစ်ခတ်သွားပြီး ရန်ကုန်-ပြည်လမ်းအတိုင်း ထွက်ပြေးသွားသည်ဟု ဆိုသည်။
ထို့အတူ အခင်းဖြစ်ချိန်တွင် အတူရှိနေပြီး ဒဏ်ရာရခဲ့သည့် ဇနီးဖြစ်သူ ဒေါက်တာသိမ့်အောင်သူကို မင်္ဂလာဒုံမြို့နယ်ရှိ ခုတင် ၁,၀၀၀ စစ်ဆေးရုံတွင် ကုသနေသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသော်လည်း စစ်ကောင်စီကမူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ထားရှိသည်ဟု ဆိုသည်။ ဒေါက်တာသိမ့်အောင်သူ၏ ဒဏ်ရာအခြေအနေအသေးစိတ်ကိုမူ မသိရသေးပေ။
လုံခြုံရေးကောင်းသော သီးသန့်ရပ်ကွက်တွင် ပေါ်ပေါက်ခဲ့သည့် ထိုပစ်ခတ်မှုမှာ အာဏာသိမ်းမှုဆန့်ကျင်သူတို့၏ လက်ချက်ဖြစ်သည်ဟု ယူဆသူများရှိသလို အချင်းချင်းလုပ်ကြံမှုသာ ဖြစ်နိုင်သည်ဟု ယူဆသူများလည်း ရှိသည်။
ဦးသိန်းအောင်သည် စစ်တပ်ပိုင်ဆက်သွယ်ရေးကုမ္ပဏီ Mytel တွင် CFO တာဝန်အပြင် အခြားသော တပ်ပိုင်ကုမ္ပဏီကြီးဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ အထွေထွေမန်နေဂျာ (GM) တစ်ဦးလည်းဖြစ်သည်။
ထို့အတူ စစ်တပ်၏ စီးပွားရေးလုပ်ငန်းများဖြစ်သည့် Star High Group, Star High Co., Ltd, Jewels of Angel, Golden Majestic Star Mobile, Agro Pack, Telecom International Myanmar တို့တွင်လည်း ဦးသိန်းအောင်က ဒါရိုက်တာအဖြစ် ပါဝင်သည်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ မှတ်တမ်းများတွင် တွေ့ရသည်။
ထိုလုပ်ငန်းများအနက် ဦးသိန်းအောင် အမြင့်ဆုံးရာထူးတာဝန်ယူထားသည့် Mytel ၏ ရှယ်ယာ ၂၈ ရာခိုင်နှုန်းကို MEC လက်အောက်ခံ Star High ကုမ္ပဏီ၊ ၄၉ ရာခိုင်နှုန်းကို ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment ကုမ္ပဏီ၊ ၂၃ ရာခိုင်နှုန်းကို Myanmar National Telecom Holding က ပိုင်ဆိုင်ထားသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းနေသည့် လုပ်ရပ်ကို ဆန့်ကျင်သော ပြည်သူတို့က တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ကြရာ Mytel ၏ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ သုံးလဝင်ငွေ ကန်ဒေါ်လာ ၂၅ သန်း(ကျပ် ၄၅ ဘီလျံ) ခန့် ထိခိုက်သည်အထိ ဖြစ်ခဲ့သည်။
ထို့အတူ တစ်နိုင်ငံလုံးတွင် Mytel တာဝါတိုင် ၁၂,၀၀၀ ခန့်ရှိသည့်အနက် နိုဝင်ဘာလဆန်းပိုင်းအထိ ၂၀၀ ခန့် ဖျက်ဆီးခံခဲ့ရသဖြင့် လူအစောင့်ချ၊ စစ်တပ်သုံးခြေနင်းမိုင်းသုံး၍ ကာကွယ်ရသည်အထိပင် စစ်တပ်က သူ၏ အကျိုးစီးပွားကို ကာကွယ်နေရသည်ဟု ကုမ္ပဏီကို စွန့်ခွာ၍ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် အင်ဂျင်နီယာ ၇ ဦးထံမှ သိရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)