အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် ရပ်ကွက်ရုံး ဗုံးကွဲ၊ အုပ်ချုပ်ရေးမှူး အသတ်ခံရ

မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၄) က ရပ်ကွက်ငယ်ပေါင်း ၁၈ ခုဖြင့် ဖွဲ့စည်းထားသည့် သံလျက်မှော်အနောက်ရပ်ကွက် (သံနောက်) တွင် အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးလည်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ယမန်နေ့ မွန်းလွဲပိုင်းက ဆောက်လက်စ သံလျက်မှော်အနောက်ရပ်ကွက် (သံနောက်) အုပ်ချုပ်ရေးမှူးရုံး၌ ဗုံးတွေ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့က လာရောက်စစ်ဆေးစဉ် ပေါက်ကွဲကာ စစ်သားနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရသွားကြောင်း မျက်မြင်တွေ့သူအချို့ကို ကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေအသေးစိတ်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထိုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် အာဏာသိမ်းပြီး သုံးလအကြာ မေ ၁ တွင် ပထမဆုံးအကြိမ် ဗုံးဖြင့် တိုက်ခိုက်ခံရစဉ်က မီးလောင်ပျက်စီးခဲ့ဖူးသည်။ ထို့နောက် အသစ်ပြန်လည်တည်ဆောက်နေစဉ်အတွင်း စက်တင်ဘာလ၌ ၂ ကြိမ်၊ ယမန်နေ့က ၁ ကြိမ် စုစုပေါင်း ၄ ကြိမ်တိုင် ဗုံးဖြင့် တိုက်ခိုက်ခံရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ညနေ ၅ နာရီကျော်ခန့်တွင် အရာတော်ရပ်ကွက်(ငယ်) ၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ ဦးမျိုးနိုင်ဆိုသူကို လူတစ်စုက နေအိမ်တွင် သေနတ်ဖြင့် လာပစ်ရာ ဦးခေါင်း၊ ဗိုက်၊ ရင်ဘတ်တို့တွင် ကျည်ထိမှန်၍ သေဆုံးသည်။

အသက် ၆၀ အရွယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်မှာ မီနီအိုးဝေ အငှားယာဉ်မောင်းသူတစ်ဦးဖြစ်ကြောင်း သိရသည်။ 

လုံခြုံရေးအရ အမည်မဖော်လိုသည့် ရပ်ကွက်သားတစ်ဦးက ယင်းအချိန်တွင် အရာတော်လမ်းဘက်မှ သေနတ်သံငါးချက် ကြားရကြောင်း ပြောသည်။

“ခါတိုင်းလည်း စစ်သားတွေက ကင်းလှည့်ရင်း မထင်ရင်မထင်သလို ပစ်နေခတ်နေတာမို့ သူတို့လှည့်ပစ်နေတယ်ပဲ ထင်တာ။ နောက်မှ လူမှုရေးကားလာသယ်မှ (ဦးမျိုးနိုင်အသတ်ခံရမှန်း) သိရတာ”ဟု ၎င်းက ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူ ဦးမျိုးနိုင်မှာ ရပ်ကွက်အတွင်း စစ်ကောင်စီသတင်းပေး (ဒလန်) ဟု နာမည်ကျော်သူဖြစ်ကြောင်း၊ ဦးမျိုးနိုင်၏ နာရေးကို ယနေ့(နိုဝင်ဘာ ၅) နံနက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ စွပ်စွဲချက်များနှင့် ပတ်သက်၍ သေဆုံးသူ၏ မိသားစုထံ မေးမြန်းနိုင်ခြင်း မရှိသေးပါ။

မန္တလေး၊ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်ရပ်ကွက် (သံနောက်)၊ အရာတော်ရပ်ကွက် (ငယ်) အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်။ (ဓာတ်ပုံ – ပေးပို့)

အုပ်ချုပ်ရေးမှူးရုံးဗုံးပေါက်ကွဲမှု၊ ဦးမျိုးနိုင်သေဆုံးမှုတို့အပေါ် စစ်ကောင်စီဘက်မှ မှတ်ချက်တစ်စုံတစ်ရာမရသေးသော်လည်း အရာတော်ရပ်ကွက်(ငယ်) အုပ်ချုပ်ရေးမှူးကို မိမိတို့ လုပ်ကြံခဲ့သည်ဟု Generation Z Power (GZP) ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့က ယမန်နေ့( နိုဝင်ဘာ ၄) ညပိုင်းတွင် ကြေညာသည်။

ထိုထုတ်ပြန်ချက်တွင် စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေးအတွက် ထောက်တိုင်များ၊ အနွယ်ဝင်များကို ရှင်းလင်းမည်ဖြစ်သဖြင့် အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်ရေးယန္တရားနှင့် ပါဝင်ပတ်သက်ခြင်းမပြုရန် GZP က တိုက်တွန်းထားသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက မန္တလေးတွင် နေ့စဉ် ဆန္ဒပြဆန့်ကျင်နေသူများကို ရဟန်းသံဃာများပင်မချန် ကားဖြင့်တိုက်၊ သေနတ်ဖြင့်ပစ် အကြမ်းဖက်ဖြိုခွင်းနေချိန်တွင် ခုခံတော်လှန်သည့်အဖွဲ့များ ပေါ်ပေါက်လာကာ တန်ပြန်တိုက်ခိုက်မှုများ အရှိန်မြင့်နေသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button