စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂ ဦး အနည်းဆုံးရှိကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာ ၂၉ တွင် ဆည်အရှေ့ဘက်ရှိ လွှတ်တိုက်ကျေးရွာ၊ အောက်တိုဘာ ၂၉ နှင့် ၃၀ တို့တွင် ဆည်အနောက်ဘက်ရှိ ကျွဲတဲရွာတို့ စီးနင်းခံရခြင်း ဖြစ်သည်။
ယနေ့ (အောက်တိုဘာ ၃၀) နံနက် ၄ နာရီခန့်က သဖန်းဆိပ်ဆည်အနောက်ဘက်ရှိ ကျွဲတဲရွာအတွင်း တပ်စွဲထားသည့် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိုရွာမှ အသက် ၅၀ အရွယ် ဦးဝင်းနိုင် သေဆုံးခဲ့သည်။
အောက်တိုဘာ ၂၉ တွင် စစ်တပ်၏ လက်ချက်ကြောင့် ကျည်ထိဒဏ်ရာရထားသော ဇနီးသည်ကို လာရောက်ခေါ်ဆောင်ရန် စစ်တပ်က ဖုန်းဆက်ခေါ်သဖြင့် သွားရောက်စဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျွဲတဲရွာဒေသခံတစ်ဦးက ပြောသည်။
“မိန်းမကို သေနတ်မှန်လို့ သွားကောက်တာ။ လာယူတော့ဆိုပြီး ဆက်တာ။ ကျည်ဆန်လည်း ထုတ်ပြီးပြီ၊ ချုပ်လည်း ချုပ်ပြီးပြီ၊ လာယူပါဆိုတော့ သွားကြတာ” ဟု ၎င်းက ကြားသိရပုံကို ပြောသည်။
ဦးဝင်းနိုင်နှင့်အတူ ပါသူမှာ လွတ်မြောက်သွားပြီး ဖြစ်စဉ်အသေးစိတ်ကိုမူ မသိရကြောင်း၊ လက်ရှိတွင် ရွာသားများ ထွက်ပြေးနေရကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် ကျည်ဆန်ထိမှန်ထားသော ဦးဝင်းနိုင်၏ ဇနီးနှင့် ပတ်သက်၍ စုံစမ်း၍မရသေးပေ။
သဖန်းဆိပ်ဆည်အနောက်ဘက်ခြမ်းကို ရဟတ်ယာဉ်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းမှာ ဒေသခံ ကာကွယ်ရေးအဖွဲ့စခန်းများရှိသည်ဟု ယူဆသောကြောင့်ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုသည်။
ရဟတ်ယာဉ်များက တပ်အင်အား ၁၀၀ နီးပါးကို ထိုနေရာတွင် ချထားခဲ့ရာ ထိုစစ်သားများက ကျွဲတဲရွာအတွင်း ယမန်နေ့က ဝင်ရောက်ပစ်ခတ် တပ်စွဲထားသည်။
အလားတူ သဖန်းဆိပ်ဆည်အရှေ့ဘက်ရှိ လွှတ်တိုက်ကျေးရွာကိုလည်း စစ်ကြောင်းတစ်ခုက ယမန်နေ့က ဝင်ရောက်စီးနင်းခဲ့သည်၊ ယနေ့မနက်တွင် ရွာသားများက မီးရှို့ခံထားရသည့် ရွာသားတစ်ဦး၏ ရုပ်အလောင်းကို အိမ်သာတစ်ခုအတွင်း တွေ့ရှိခဲ့ရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျွန်းလှမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူမှာ အသက် ၃၀ အရွယ် ကိုငြိမ်းထွန်းဆိုသူဖြစ်သည်ဟု ကျေးရွာအတွင်း ပြန်ရောက်နေသည့် ဒေသခံများကို ကိုးကားပြီး ထိုအမျိုးသားက ပြောသည်။
“စစ်သားတွေက (အိမ်တံခါး)ရိုက်ဖွင့်တော့ သူက နောက်ဖေးပေါက်ကနေ ခုန်ချပြီးတော့ ပြေးတာ။ သေနတ်နဲ့ ပစ်လိုက်တာ။ အဲ့ဒီအချိန်မှာ သေသွားလားတော့ မသိဘူး။ ပစ်လိုက်တဲ့အိမ်နဲ့ နှစ်အိမ်ကျော်မှာ စျေးဆိုင်တစ်ဆိုင်ရှိတယ်။ အဲ့ဒီဆိုင်ကို ရိုက်ဖွင့်ပြီးတော့ ဓာတ်ဆီကို သွားယူပြီးတော့ အိမ်သာထဲကို မီးရှို့တယ်။ မီးရှို့တာကြောင့် သေတာလား။ သေနတ်ဒဏ်ရာကြောင့် သေတာလားမသိဘူး” ဟု ၎င်းက ဆိုသည်။
လွှတ်တိုက်ရွာမှ အသက် ၃၀ အရွယ် ကိုကျော်ဇင်ထွန်းဆိုသူကိုလည်း စစ်တပ်က ဖမ်းဆီးသွားပြီး ယနေ့နေ့လယ်အထိ အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရသည်။
စစ်တပ်က ဝင်ရောက်စီးနင်းသည့် ထိုရွာ ၂ ရွာ၌ နေအိမ်များကို စစ်တပ်က ဝင်ရောက်ရှာဖွေကာ အိမ်သုံးပရိဘောဂများကို ဖျက်ဆီးသလို၊ နေအိမ်တချို့ကို လွှဖြင့်တိုက်ကာ ဖျက်ဆီးခဲ့သည်ဟု ကျေးရွာဒေသခံများက ဆိုသည်။
ကျွဲတဲ၊ အင်လှ၊ လွှတ်တိုက်ရွာအပါအဝင် ဒေသခံ ၃၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
စစ်သားများကြောင့် ဒေသခံတို့ အခက်တွေ့ရသည်ဟု တိမ်းရှောင်နေရသည့် ကျွဲတဲရွာဒေသခံတစ်ဦးက ပြောသည်။
“ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ကုန်ပြီဆိုတော့ အိမ်ပေါ်က အထုပ်တွေဆွဲချပြီး ဒုန်းပြေးခဲ့ရတော့တာပဲ။ ချောက်ထဲမှာ ဝပ်နေရတာ တစ်နေ့လုံးပဲ။ အစားလည်းမစားရဘူး။ ရေလည်းမသောက်ရဘူး။ နွားတွေရော၊ လူတွေရော၊ ကလေးတွေရောပဲ” ဟု ထိုအမျိုးသမီးကြီးက ဆိုသည်။
“အခုလည်း နေရထိုင်ရတာ လုံခြုံမှုကတော့ လုံးဝမရှိဘူး။ ဘာသံမှလည်း မကြားနိုင်တော့ဘူး။ ရင်ထဲကလည်း လှပ်လှပ်လှပ်လှပ်နဲ့ နေတာပဲ”
စစ်ကောင်စီတပ်က အကြမ်းဖက်မှုကျူးလွန်သည်ဟု ရွာသားတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်တပ်ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းလိုသော်လည်း အဆက်အသွယ်မရသေးပေ။
မြ၀တီသတင်းဌာနကမူ အကြမ်းဖက်မှုကျူးလွန်သူတို့မှာ PDF များဖြစ်ကြောင်း၊ ပြည်သူများ တပ်မတော်နှင့် ပူးပေါင်းရန် တိုက်တွန်းလိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်ဟု အောက်တိုဘာ ၃၀ တွင် ထုတ်ပြန်ထားသည်။
“လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နယ်မြေအေးချမ်းသာယာရေး၊ မိမိဒေသလုံခြုံရေး အတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ (လူထုကို) တိုက်တွန်းလိုပါတယ်” ဟု သူက စစ်တပ်ဝါဒဖြန့် မြဝတီကို ပြောသည်။
အောက်တိုဘာ ၂၉ ၊ ည ၁၂ နာရီဝန်းကျင်ကလည်း ကျွန်းလှမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရုံး မီးလောင်ရာ တစ်ရုံးလုံးနီးပါး ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ မည်သည့်အတွက်ကြောင့် မီးလောင်ကြောင်း မသိရသေးပေ။
စစ်ကောင်စီတပ်က လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)



