အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်း ကျွန်းလှတွင် ရွာလုံးကျွတ်မီးရှို့ခံရ 

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တောင်ပိုင်းရှိ ခဝါသည်ကျေးရွာကို ယမန့်နေ့ (နိုဝင်ဘာ၂၁) က စစ်သားနှစ်ရာခန့် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်သွားသည်။

သဖန်းဆိပ်ဆည်တွင် တပ်စွဲထားကာ ထိုဒေသတဝိုက် စစ်ရေးလှုပ်ရှားနေသည့် စစ်တပ်က ကျွန်းလှမြို့တောင်ဘက် မိုင် ၂၀ အကွာရှိ ခဝါသည်ရွာကို ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ရောက်လာသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဒေသခံတို့ ကြိုတင်တိမ်းရှောင်နေကြသည့်အတွက် လူထိခိုက်မှု မရှိသော်လည်း စစ်တပ်က တစ်နေကုန်မီးရှို့သဖြင့် ကျွန်းလှမြို့နယ်နှင့် တန့်ဆည်မြို့နယ်အစပ် အိမ်ခြေ ၁၃၀ ရှိ ခဝါ သည်ရွာမှ နေအိမ် ၉၅ လုံး ဆုံးရှုံးသွားသည်ဟု ကျေးရွာ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ထိတွေ့မှု(တိုက်ပွဲ) မဖြစ်ဘဲနဲ့ ရှို့သွားတာ။ ညနေပိုင်းကနေ ညထိကို ရှို့တာဗျ။ ရွာလုံးကျွတ်နီးပါးပဲ” ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ခဝါသည်ကျေးရွာကို မီးရှို့သည့် စစ်ကောင်စီတပ်ဖွဲ့ထဲမှ အချို့သည် ရွာတွင် ညအိပ်ခဲ့ပြီး အချို့မှာ တန်ဆည်မြို့နယ်အတွင်း ညတွင်းချင်း ထွက်ခွာသွားကြောင်း၊ ရွာတွင် ကျန်ခဲ့သည့် အဖွဲ့မှာ ယနေ့ (နိုဝင်ဘာ ၂၂) နံနက်တွင် တန့်ဆည်ဘက်သို့ လိုက်ပါသွားကြောင်း ဒေသခံတော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတို့က ဆိုသည်။

စစ်ကြောင်းထွက်သွားသော်လည်း ဒေသခံရွာသူရွာသားများမှာ ရွာထဲ ပြန်မဝင်ရဲကြသေးဘဲ တောတောင်များထဲတွင်သာ စစ်ဘေးရှောင်နေရသေးကြောင်း၊ မီးရှို့ခံရသည့်ထဲတွင် ၎င်း၏ ပျဉ်ထောင်သွပ်မိုး နှစ်ထပ်နေအိမ်လည်း ပါဝင်သွားကြောင်း ခဝါသည်ကျေးရွာ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“(စစ်ကောင်စီက) နယ်မြေရှင်းလင်းရေးလုပ်နေတာဗျ။ ကျွန်တော်တို့အိမ်လည်း ပါသွားတယ်။ ကျွန်တော်တို့ရွာက မြင်ကွင်းကတော့ တခြားစီပဲ။ အရင်တုန်းကနဲ့ ဘာမှ မဆိုင်တော့ဘူး၊ ပြာပုံပဲ မြင်ရတော့တာ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအတွင်း ခုခံမှုအားကောင်းသည့် ဒေသများကို ရွာစဉ်လှည့် မီးရှို့သည့်နည်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည်။ သို့သော် ပြည်သူပိုင်အိုးအိမ် ဆုံးရှုံးမှုများမှာ ၎င်းတို့ လက်ချက်မဟုတ်ဟု စစ်ကောင်စီက ငြင်းလေ့ရှိသည်။

စစ်ကောင်စီက ထိုသို့ ပြုမူနေသော်လည်း စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေး ဦးကျိုးရန် မရှိဟု အထက်ပါ ခဝါသည်ကျေးရွာ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

“(တော်လှန်ရေးကို)စိတ်နာတာလည်းမရှိပါဘူးဗျာ။ တော်လှန်ရေးကတော့ ဆက်လုပ်ရမှာပါပဲ”။

ကျွန်းလှမြို့နယ်နှင့် နယ်မြေချင်း ထိစပ်နေသည့် ကန့်လလူမြို့နယ် ကျောက်တိုင်ရွာကိုလည်း စစ်သားများက ယနေ့ (နိုဝင်ဘာ ၂၂) ရက်တွင် ဝင်ရောက်မီးရှိုနေသည်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းတွင်လည်း ပြီးခဲ့သည့် တစ်ပတ်အတွင်းအိမ်ခြေ (၅၀၀) ခန့် မီးရှို့ခံထားရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ် အတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းချိန်မှစ၍ ယခုနှစ် အောက်တိုဘာလကုန်အထိ နှစ်နှစ် နီးပါးအတွင်း စစ်ကောင်စီက နိုင်ငံအနှံ့တွင် အိမ်ခြေ သုံးသောင်းကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး မှတ်တမ်းများအရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button