အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထန်တလန်တွင် စစ်သားတစ်ဦး ပစ်သတ်ခံရပြီး စစ်တပ်က မြို့ကို မီးရှို့

ချင်းပြည်နယ်မြောက်ပိုင်း၊ မြို့လုံးကျွတ်စစ်ရှောင်နေရသည့် ထန်တလန်မြို့တွင် ယနေ့ (အောက်တိုဘာ ၂၉) မနက်က စစ်သားတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က မီးရှို့သောကြောင့် လူနေအိမ် ၇၀ ခန့် မီးလောင်သွားကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF ထန်တလန်) ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မနက် ၉ နာရီခွဲခန့်၌ မြို့တွင်းအခြေအနေကို စောင့်ကြည့်နေသည့် CDF တပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်လမ်းပေါ်ရှိ ဈေးဆိုင်တစ်ခုကို ဖောက်ထွင်းနေသော စစ်ကောင်စီတပ်သားတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ဆိုသည်။

၎င်းစစ်သား ပစ်သတ်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးဖြင့် မြို့ပေါ်ကို ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ မနက် ၁၀ နာရီခွဲခန့်တွင် စစ်သားသေဆုံးသည့် နေရာသို့ စစ်ကြောင်းရောက်လာကာ နေအိမ်များကို မီးစရှို့ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့ (စစ်သားများ) က သက်သက်မဲ့ အိမ်တွေကို မီးရှို့တာဗျ။ မနက် ၁၀ နာရီခွဲလောက်မှာ မြို့ထဲကို လမ်းလျှောက်လာပြီးတော့ အိမ်တွေကို မီးရှို့တာပေါ့” ဟု CDF ထန်တလန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မနက် ၁၀ နာရီခန့်ခွဲမှ ညနေ ၅ နာရီခန့်အတွင်း နေအိမ် ၄၀ ခန့်အထိ လောင်ကျွမ်းသွားသည်။ ညနေ ၅ နာရီခန့်အထိ မြို့ပေါ်တွင် မီးဆက်လောင်နေဆဲဖြစ်ပြီး ဗိုလ်ချုပ်လမ်းမပေါ်ရှိ CB ဘဏ်နှင့် ခရစ်ယာန်ဘုရားကျောင်းတစ်ခုလည်း မီးဒဏ်အနည်းငယ် ခံခဲ့ရသည်ဟု သိရသည်။

မြို့ပေါ်တွင် အသက်ကြီးပိုင်းအမျိုးသမီးနှစ်ဦး အပါအဝင်  ၃ ဦး ဆက်လက်နေထိုင်နေသည်ဟု သိရပြီး ၎င်းတို့ကို  Myanmar Now က ဆက်သွယ်ရာတွင် ဖုန်းပိတ်ထားသည်။

ထန်တလန်မြို့အနီးနေထိုင်သူ ဒေသခံ အမျိုးသားတစ်ဦးက မီးလောင်နေသည့်အခြေအနေများကို အဝေးမှသာ လှမ်းမြင်နေရပြီး မြို့ပေါ်တွင် နေထိုင်သူ အမျိုးသမီးနှစ်ဦးနှင့် အဆက်အသွယ်မရသေးကြောင်း ညနေ ၅ နာရီခန့်က ပြောသည်။

ထန်တလန်မြို့ မီးလောင်ကျွမ်းနေသည်ကို အောက်တိုဘာ ၂၉  မွန်းလွဲပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Supplied) 

“မီးခိုးတော့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့က မြို့အပြင်နားမှာနေတာဆိုတော့ မီးခိုးပဲ မြင်ရတယ်။ အခုထိလည်း မီးခိုးတွေထွက်နေတုန်းပဲ” ဟု အဆိုပါမြို့ခံက ပြောသည်။

ယနေ့ည ၇ နာရီတွင် နေအိမ်အလုံး ၇၀ ကျော်ခန့် လောင်ကျွမ်းသွားပြီဖြစ်ကြောင်း CDF ထန်တလန်က ပြောသည်။ 

ချင်းပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က စစ်ကောင်စီတပ်၏ လုပ်ရပ်ကို ရှုတ်ချလိုက်သည်။

“ချင်း​တောင်မှာ အိမ်တစ်လုံးဖြစ်လာဖို့ မလွယ်ပါ။ ချင်း​တွေက ကိုယ့်အိမ်ကိုယ် မီးရှို့စရာအ​ကြောင်း မရှိပါ။ ယ​နေ့ဖြစ်ပွားသည့် ထန်တလန်မြို့​ပေါ်က မီး​​လောင်မှုများအတွက် စစ်​ကောင်စီတွင် ကြီးမားစွာ သမိုင်းနှင့်ချီ၍ တာဝန်ရှိသွားပါပြီ” ဟု ဝန်ကြီးက  facebook တွင် ညနေ ၆ နာရီခန့်က ရေးသားလိုက်သည်။

“စစ်​​​ကောင်စီ၏ ချင်းပြည်နယ်အစိုးရအဖွဲ့ယန္တရားတွင် ပါဝင်​ထောက်ကူ​နေကြသည့် ချင်းလူမျိုးများ ချက်ချင်းနုတ်ထွက်သင့်ကြပါပြီ”

ထန်တလန်အခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၊ စစ်တပ် သတင်းပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်စိုးနိုင်ဦးတို့ကို ယနေ့ ညနေပိုင်းတွင် မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းပြန်လည်ဖြေဆိုကြခြင်း မရှိပေ။

ထန်တလန်မြို့တွင် အိမ်ခြေ ၂,၀၀၀ ခန့်ရှိပြီး  စက်တင်ဘာလလယ်မှစ၍ ဖြစ်ပွားသည့် မြို့ပေါ်တိုက်ပွဲများကြောင့် ထိုစဉ်က နေအိမ် ၁၉ လုံးမီးလောင်ကျွမ်းခဲ့ပြီးဖြစ်သည်။

မြို့လုံးကျွတ် စစ်ရှောင်ခဲ့ကြရာ ၇,၇၀၀ ကျော်မှာ နယ်စပ်တစ်လျှောက်ရှိ တောင်ကြောများပေါ်မှ ရွာပေါင်း ၅၀ ကျော်တွင် ခိုလှုံနေကြပြီး ၄၀၀၀ ကျော်မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲသို့ တိမ်းရှောင်နေကြသည်။ 

စက်တင်ဘာလကုန်ပိုင်းက ထန်တလန်ရပ်မိရပ်ဖများ စီးနင်းလာသည့် ကားကို ထန်တလန်မြို့အဝင်တွင် စစ်တပ်က ပစ်ခတ်ခဲ့သည့်အတွက် နှစ်ဦးသေပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်။

CDF အဖွဲ့၏ အချက်အလက်များအရ ထန်တလန်မြို့ပေါ်တွင် ဟားခါးအခြေစိုက် ခလရ ၂၆၉၊ တပ်မ ၁၁ ၏ လက်အောက်ခံတပ်များ ရှိနေပြီး အင်အား ၂၀၀ ခန့်ဖြင့် မြို့ကို အပေါ်စီးကနေမြင်ရသည့် တောင်ကုန်းတွင် တပ်စွဲထားကြသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button