သတင်း

မန္တလေးမြို့တွင် တစ်ညအတွင်း KBZ ဘဏ်ခွဲ ၇ နေရာ တိုက်ခိုက်ခံရ 

မန္တလေးမြို့တွင် ယမန်နေ့ (အောက်တိုဘာ ၂၇) ညပိုင်းက ကမ္ဘောဇ (KBZ) ဘဏ်ခွဲများရှိရာ နေရာ ၇ ခုတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ မသိရသေးပေ။ 

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာများမှာ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းပေါ်ရှိ KBZ ဘဏ်ခွဲမှ ATM (ငွေထုတ်စက်)၊ မနော်ဟရီလမ်းနှင့် ၅၇ လမ်းထောင့်ရှိ ဘဏ်ခွဲမှ မီးစက်၊ ၆၆ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ ဘဏ်ခွဲ၊ ၅၆ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ ဘဏ်ခွဲရုံး၊ ၆၁ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ ဘဏ်ခွဲရုံးရှေ့တွင် ရပ်ထားသည့် ဘဏ်ပိုင်မော်တော်ယာဉ်နှင့် မဟာအောင်မြေမြို့နယ် ၃၈ လမ်းနှင့် ၈၄ လမ်းထောင့်ရှိ KBZ ဘဏ်ခွဲ၊ ၇၃ လမ်းရှိ KBZ ATM စက်များ ဖောက်ခွဲခံခဲ့ရသည်။ 

မန္တလေးမြို့တွင် KBZ ဘဏ်ခွဲများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ထို့အတွက် ထိုပေါက်ကွဲမှုများမှာ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို မသိရသေးပေ။ 

တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ KBZ ဘဏ်တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကဘဏ်များကို စစ်ကောင်စီက နည်းမျိုးစုံဖြင့် ဗဟိုဘဏ်မှတစ်ဆင့် စည်းကမ်းအမျိုးမျိုးထုတ်ပြီး တင်းကျပ်နေကြောင်း သိရှိရသည်။ 

ထိုအခြေအနေတွင် ပုဂ္ဂလိကဘဏ်များသည် စစ်ကောင်စီ၏ ဖိနှိပ်သည့်နည်းလမ်းတွင် ပူးပေါင်းနေသည်ဟု ထင်မြင်ယူဆချက်များရှိနေသည်။ 

“ကမ္ဘောဇဘဏ်က တော်လှန်ရေးအတွက် အရေးကြီးတဲ့ အလှူငွေ လွှဲတာတို့လိုမျိုးလုပ်တယ်လို့ သံသယရှိရင် စစ်ကောင်စီကို သတင်းပေးတာမျိုး၊ အကောင့်ပိတ်ပစ်တာမျိုးတွေ လုပ်နေလို့ ပစ်မှတ်ဖြစ်သွားတာ ထင်ပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ၎င်း၏ သံသယကို ထုတ်ဖော်ပြောဆိုသည်။ 

စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ထောက်ပံ့သည့် အလှူငွေများကို ကမ္ဘောဇဘဏ်၏ အွန်လိုင်းငွေကြေးပေးချေမှုစနစ်ဖြစ်သော KBZ-Pay မှတစ်ဆင့် ပြုလုပ်ရာတွင် အကောင့်ပိတ်သိမ်းခံရခြင်းများ ရှိခဲ့သည်ဟု လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

“တော်လှန်ရေးအတွက်မှ မဟုတ်ဘူး။ ကိုဗစ်ကာကွယ်ကုသရေးအတွက်လုပ်တဲ့ အလှူခံတာ၊ ငွေလွှဲတာတွေကိုပါ လိုက်စစ်ပြီးတော့ ပိတ်ပစ်နေတာ။ နောက်ပိုင်း တော်လှန်ရေးအတွက် လှူတဲ့အကောင့်တွေ အများကြီးကို ပိတ်ပစ်တာ၊ စစ်ကောင်စီကို သတင်းပေးတာတွေ လုပ်နေတော့ အခုလို တိုက်ခိုက်ခံရတာ” ဟု လူမှုကူညီရေးအသင်းတစ်ခုမှ အတွင်းရေးမှူးဖြစ်သူ အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။ 

ယခုကဲ့သို့တိုက်ခိုက်မှုများသည် PDF များ၏ လက်ချက်ဖြစ်ပါက ထောက်ခံကြောင်းလည်း ၎င်းက  ဆက်ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပုဂ္ဂလိကဘဏ်အချို့ ဓားပြတိုက်ခံရမှုရှိသော်လည်း ဘဏ်အဆောက်အအုံနှင့် ဆက်စပ်ပစ္စည်းများ တိုက်ခိုက်ခံရမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။

အောက်တိုဘာ ၂၂ ရက်က ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံရပြီး ယင်းဓားပြတိုက်မှုတွင် ပါဝင်သူများကို ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်ခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button