Uncategorized

ဗိုလ်ချုပ်မှူးကြီးအမည်တပ် အွန်လိုင်းစာမျက်နှာ ၃ ခု (ဘလော့ဂ်ပို့စ် အစ အဆုံး)

(ရန်ကုန်) – Facebook ၏ အရေးယူခြင်းခံရသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွင် အများနှင့်ဆက်သွယ်နိုင်သော၊ နေ့စဉ် ပို့စ်အသစ် တင်နေသော အွန်လိုင်းစာမျက်နှာ ၃ ခု ရှိနေသည်။

ဘလော့၊ ဝက်ဆိုက် နှင့် တွစ်တာတို့ ဖြစ်သည်။

#ဘလော့
www.seniorgeneralminaunghlaing.com

ဤစာမျက်နှာကို blogger.com တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ blogger.com သည် အမေရိကန်ကုမ္ပဏီ Google က ပိုင်ဆိုင်သော အွန်လိုင်းပလက်ဖောင်းဖြစ်ရာ ထိုကုမ္ပဏီက ဝန်ဆောင်မှုပေးနိုင်သမျှ ကာလပတ်လုံး ဤစာမျက်နှာ ဆက်လက် တည်ရှိနိုင်သည်။

သြဂုတ် ၂၇ ရက်နေ့တွင် Facebook က တပ်မတော်၊ တပ်ချုပ်တို့နှင့် သက်ဆိုင်သည့် အကောင့်နှင့် စာမျက်နှာ အများအပြားကို အွန်လိုင်းမှ ဖယ်ရှားလိုက်သည်။ ထိုဖယ်ရှားမှုကို ကြိုတင်ပြဋ္ဌာန်းထားသည့် စည်းကမ်းချက်အတိုင်း လုပ်ဆောင်သည်ဟု Facebook က ဆိုသည်။ သို့သော်လည်း ဝေဖန်သူ အများအပြားကမူ Facebook သည် ကိုယ်ရေး အချက်အလက် ပေါက်ကြားမှုများနှင့် ပတ်သက်ပြီး အမေရိကန်တွင် စုံစမ်းစစ်ဆေးခံနေရ၊ ဖိအားပေးခံနေရသောကြောင့် ထိုဖိအားများ လျော့ပါးသွားစေရန် မြန်မာနိုင်ငံမှ အကောင့် တချို့ကို အွန်လိုင်းလူမြင်ကွင်းမှ ဖယ်ရှားခြင်း ဖြစ်သည်ဟု ဆိုကြသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင်…. တစ်ရက်တည်းတွင် Google ကလည်း အီရန်အစိုးရ၏ အွန်လိုင်းစာမျက်နှာတချို့ကို အွန်လိုင်းမှ ဖယ်ရှားကြောင်း ကြေညာလိုက်သည်။

အစိုးရ၏ ကမကထပြုမှုဖြင့် အွန်လိုင်းတိုက်ခိုက်မှု၊ သတင်းမှားဖြန့်ဝေမှုပြုလုပ်နေသော စာမျက်နှာတချို့ကို အရေးယူခြင်းဖြစ်သည်ဟု ဆိုသည်။ အစိုးရ၏ သတင်းအဖွဲ့အစည်းဖြစ်သော IRIB နှင့် တိုက်ရိုက်ဆက်စပ်နေသည်၊ အင်္ဂလိပ်ဘာသာဖြင့် တင်ဆက်သည်ဟူသော Youtube ရုပ်သံ စာမျက်နှာ ၃၉ ခု၊ ဘလော့ဂ် ၆ ခု၊ Google+ အကောင့် ၁၃ ခုကို ပိတ်လိုက်သည်။
Youtube နှင့် Google+ တို့သည် Blogger.com နည်းတူ Google က ပိုင်ဆိုင်သည်။

သို့သော်လည်း Google က မြန်မာနိုင်ငံဆိုင်ရာ စာမျက်နှာတို့နှင့် ပတ်သက်ပြီး အသံထွက်ခြင်း မရှိသေးပါ။

#Twitter
www.twitter.com/SGMinAungHlaing

တပ်ချုပ်အမည်ဖြင့် ဖွင့်ထားသည့် တွစ်တာစာမျက်နှာတွင် ပရိသတ် နှစ်သောင်းနီးပါးရှိသည်ကို တွေ့ရသည်။ Twitter ခေတ်မစားသည့် ဒေသတွင် ဤပမာဏမှာ များသည်ဟု ဆိုနိုင်သည်။

ဝက်ဆိုက်၊ ဗိုလ်ချုပ်မှူးကြီးအမည်ဖြင့် တည်ဆောက်ထားသည့် ယမန်နေ့က အပိတ်ခံလိုက်သည့် Facebook စာမျက်နှာတို့ကို ညွှန်းဆိုရာတွင် Twitter ကို သုံးနေကြောင်း တွေ့ရသည်။

Twitter သည် Facebook, Google တို့ နည်းတူ ရုရှား၊ အီရန်တို့ရှိ အွန်လိုင်းရန်မူခြင်းနှင့် ပတ်သက်သည့် အကောင့် ရာနှင့်ချီကို ပိတ်ပင်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သတင်းများတွင် တွေ့နိုင်သည်။

မြန်မာအကောင့်တစ်ခုခုနှင့် ပတ်သက်ပြီး Twitter တွင် လူ့အခွင့်အရေးအဖွဲ့များ၊ အနောက်နိုင်ငံအစိုးရများက ပေးသည့် ဖိအား ရှိသည်ဟု မကြားမိသေးပါ။

#ဝက်ဆိုက်
www.seniorgeneralminaunghlaing.com.mm

ဤဝက်ဆိုက်တွင် ပြီးခဲ့သည့် ၁၂ လတာ ကာလအတွင်း တပ်ချုပ်နှင့် သက်ဆိုင်သည့် သတင်းထုတ်ပြန်ချက်များ၊ ဓာတ်ပုံများ တွေ့နိုင်သည်။ ယခင်နှစ်များက သတင်း၊ ဓာတ်ပုံတို့ကို နောင်တွင် ထပ်ဖြည့်ကောင်း ဖြည့်ဖွယ်ရှိသည်။

ဘလော့နည်းတူ အင်္ဂလိပ် မြန်မာ နှစ်ဘာသာ သုံးထားရာ ဝက်ဆိုက်၏ ညာဘက် အပေါ်ထောင့်တွင် ဘာသာစကား ရွေးချယ်နိုင်သည်။

ကိုယ်ရေးအချက်အလက် အနည်းငယ်ကို ဖော်ပြထားသည့်ထဲတွင် မြဝတီရုပ်မြင်သံကြားကို နှစ်သက်ပုံ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့က ပေးအပ်သော ဆုအမည်များ ပါဝင်သည်။

အထက်ပါစာမျက်နှာ သုံးခုသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးတွင် ရှိနေသရွေ့ သူ၏လှုပ်ရှားမှုသတင်းများ ဆက်လက် တင်ဆက်နေဖွယ် ရှိသည်။

တပ်ချုပ်သည် ၂ဝ၂ဝ အလွန်တွင် သမ္မတ သို့မဟုတ် ဒုသမ္မ္မတရာထူးဖြင့် နိုင်ငံရေးတွင် ဆက်လက် ပါဝင်နေဖွယ်ရှိသည်ဟု ယူဆသူများ ရှိသည်။ တချို့ကလည်း ၎င်းသည် ဥပဒေနှင့်အညီ လက်ရှိရာထူးတွင် ဆက်လက် တာဝန်ယူရေးအတွက် ဆောင်ရွက်သွားမည်ဟု ယူဆနေသည်။ ၎င်းကိုယ်တိုင်ကမူ အနာဂတ်အတွက် ကြိုတင်ပြောဆိုမှု မပြုသေးပေ။

ဆက်စပ်ဖတ်ရှုရန် –

တပ်ချုပ် ဖေ့စ်ဘွတ်ပေ့ချ် အမုန်းစကားမပြောဟု တပ်အရာရှိတစ်ဦး ဆို

Show More

Related Articles

Back to top button