မေးမြန်းခန်း

“သာတူညီမျှတဲ့စိတ်ထားနိုင်ပြီး အစွဲမကြီးဖို့ လိုတယ်” (အင်တာဗျူး)

ရှမ်း၊ ပလောင် ကပြား ဒေါက်တာမျိုးသန့်ထွန်းသည် လားရှိုးတက္ကသိုလ်၊ ဒဿနိကဗေဒဌာနတွင် တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းနေသူ ဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား တိုက်ခိုက်မှုများကြောင့် ပေါ်ပေါက်လာသော လူမျိုးရေး ပဋိပက္ခ လျော့နည်း ပပျောက်ရေး ဆောင်ရွက်နေသော ပရဟိတသမားတစ်ဦးလည်း ဖြစ်သည်။

မကြာသေးခင်က လားရှိုးမြို့တွင် ဒေါက်တာမျိုးသန့်ထွန်းနှင့် တွေ့ဆုံစဉ် မေးမြန်း၊ ပြောဆိုခဲ့သည်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး ။ ။ SSA နဲ့ TNLA တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသတွင်း ပလောင် နဲ့ ရှမ်းလူမျိုးတို့ရဲ့ ဆက်ဆံရေး အခြေအနေ ဘယ်လိုရှိပါသလဲ။

— ရှမ်းနဲ့ ပလောင်တင် မကပါဘူး၊ ဓနု၊ ပအိုဝ်း စတဲ့ ရှမ်းပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသား အချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ နှစ်အိမ့်တစ်အိမ်လို နေကြတယ်။ သူငယ်ချင်းလို လည်ပင်းဖက် ပေါင်းကြတယ်။ ဒီလိုနေကြရာကနေ ၂ဝ၁၆ ခုနှစ် (RCSS/SSA နဲ့ TNLA) အပြန်အလှန်တိုက်ပွဲဖြစ်ပြီး နောက်ပိုင်းမှာ ဆက်ဆံရေးပုံစံ ပြောင်းလာတယ်။

ပလောင်လူမျိုးတွေကလည်း TNLAကို RCSS က လာတိုက်တာဖြစ်တဲ့အတွက် ကျဆုံး၊ သေဆုံးတာတွေ ကြားရ၊ မြင်ရတဲ့အခါ မခံချင်ဘဲ “ရှမ်းတွေက ငါတို့ရန်သူ” ဆိုပြီးတော့ ဖြစ်၊ ရှမ်းဘက်ကလည်း ပလောင်တပ်မတော်ပေါ်မှာတင်မကတော့ဘဲနဲ့ ပလောင်လူမျိုးတွေပေါ်မှာကို ရောပြီးတော့ “ပလောင်သည် ငါတို့ရန်သူ” ဆိုပြီး မြင်လာတယ်။

တချို့ လည်ပင်းဖက်ပေါင်းနေတဲ့ သူငယ်ချင်း အချင်းချင်းတောင်မှ အဲဒီကိစ္စနောက်ပိုင်းကို တဖြည်းဖြည်း ဝေးကွာ၊ ဝေးကွာပြီးတော့ သီးသန့်ဖြစ်သွားကြတယ်။ ၂ဝ၁၆ခုနှစ် နမ့်ခမ်းဘက် မှာတော့ ပြည်သူ အချင်းချင်း ဆက်ဆံရေး အခြေအနေ အဆိုးဆုံးဖြစ်ခဲ့တယ်။ ပလောင်တွေက ရှမ်းရွာ ဆိုရင် ဖြတ်မသွား တော့ဘူး။ ရှမ်းတွေကလည်း ပလောင်ရွာဆို မဖြတ်တော့ဘူး။ အရောင်းအဝယ်လည်း အဲဒီလိုတွေ ဖြစ်လာတယ်။ ရှမ်းရောင်းတဲ့ဆိုင် ပလောင်မဝယ်နဲ့၊ ပလောင်ရောင်းတဲ့ဆိုင် ရှမ်းမဝယ်နဲ့ ဆိုတဲ့ ခွဲခြားမှုတွေ ဖြစ်ပေါ်ခဲ့တယ်။

၂ဝ၁၇ နောက်ပိုင်းမှာတော့ ပြည်သူတွေက … ရှမ်းသေတိုင်း ပလောင်သတ်တာမဟုတ်ဘူး။ ပလောင်သေတိုင်း ရှမ်းသတ်တာ မဟုတ်ဘူး၊ ကြားထဲမှာ ဝင်ပြီးတော့ လုပ်တဲ့သူတွေ ရှိတတ်တယ်ဆိုတာ နားလည်လာကြတယ်။ တိုက်ပွဲတွေကြောင့် နှစ်ဖက်စလုံးက ပြည်သူတွေဒုက္ခရောက်နေရတယ်ဆိုတာ မြင်လာတော့ တိုက်ပွဲတွေကို စိတ်ကုန်လာကြတယ်။ အဲဒီကစပြီး တင်းမာမှုတွေလျော့လာပြီး အရောင်းအဝယ်၊ ဆက်ဆံရေးကအစ ပြန်ပြီးတော့ လုပ်လာကြတယ်။ ဒါပေမယ့် တအားကို အယူသီး၊ အစွဲအလမ်းကြီးတဲ့သူတွေကတော့ ကျန်နေသေးတယ်။

မေး ။ ။ တိုက်ပွဲတွေ ဘယ်လို စဖြစ်လာတယ်လို့ သိရသလဲ။

— (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် – NCA မှာ) လက်မှတ်ထိုးပြီးတော့ RCSS က မြောက်ပိုင်းခွင်ကို ဝင်လာတယ်။ ရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင် တွေအကြား လက်နက်နဲ့ ရဲရဲတင်းတင်း ဝင်လာတာက ဝင်ခွင့်ပေးတဲ့ သူရှိတယ်။ ဝင်လာတဲ့ဒေသကိုလည်း လိုက်ပြီးတော့ ကူညီပံ့ပိုးနေတဲ့သူ ရှိတယ်။ ဒီတော့ နယ်ချဲ့လာတယ်လို့ ပြောလို့ရ တဲ့ RCSSနဲ့ ရှိရင်းစွဲ ပလောင်တိုင်းရင်းသား လက်နက်ကိုင်ဖြစ်တဲ့ TNLA တို့ ထိတွေ့မှုဖြစ်ကြ၊ တိုက်ကြတယ်။ ကိုယ့်အိမ်ပေါ်တက်လာပြီး သူများက ရန်လာလုပ်ရင် ပြန်ခုခံတာတော့ ရှိမှာပဲ။

ကျွန်တော်က ရှမ်းပလောင်ကပြားဖြစ်တဲ့အတွက် ပလောင်သေရင်လည်း ကျွန်တော့် အမေဘက်က အမျိုးတွေ သေတယ်လို့ ခံစားရတယ်။ ရှမ်းသေရင်လည်း ကျွန်တော်အဖေဘက်က အမျိုးတွေ သေတယ်လို့ ခံစားရ ပြန်ရော။ ဒါကြောင့် တစ်ဖက်ဖက်ကို အစွန်းရောက်ပြီးတော့ တွေးပေးစရာ မရှိပါဘူး။

RCSS က စစ်ရေးအကျိုးစီးပွား၊ နယ်မြေရရှိမှုပေါ် မူတည်တယ်။ NCA လက်မှတ်ထိုးထားတာဖြစ်လို့ RCSS နဲ့ တပ်မတော်ကြားမှာ ဘယ်လို ကတိကဝတ်တွေ ထားရှိစာချုပ်တွေ ရှိလဲ ဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ TNLA ကတော့ လက်မှတ်လည်း မထိုးထားဘူး။ လူ့သဘော သဘာဝအရ ကိုယ့်သဘောဆန္ဒမှ မလိုက်နာရင် မကြိုက်တာလည်း အမှန်ပဲ ဆိုတော့ စစ်ရေးအရ တင်းမာတာ တွေရှိတယ်။ ပလောင်စစ်သားမဟုတ်တဲ့ ပလောင် လူမျိုးတောင်မှ လမ်းခရီးသွားရင် စစ်ဆေးမေးမြန်းမှု တင်းကျပ်တဲ့ အခြေအနေမျိုးတွေ ရှိခဲ့တယ်။ တချို့ တာဝန်ရှိသူတွေက တအာင်းကို ပလောင်မှန်း မသိကြဘူး။ တအာင်းလို့ ပြောလိုက်တာနဲ့ ပိုပြီးတော့ တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်တာမျိုးတွေရှိတယ်။

နောက် ထူးခြားတာတစ်ခုက TNLA ထဲမှာ ရှမ်းစစ်သားတစ်ယောက်မှ မရှိဘူးလို့ ကြားပေမယ့် RCSS ထဲမှာ အထက်အကြီးအကဲတွေမှာတော့ ပလောင်တစ်ယောက်မှ မရှိဘူး။

အောက်ခြေက အသေခံတိုက်ရတဲ့ စစ်သားတွေရဲ့ ၆ဝရာခိုင်နှုန်းက တောင်ပိုင်းက ပလောင်လူမျိုးတွေချည်းပဲလို့ သိရပါတယ်။ ဒါကြောင့် ရှမ်းနဲ့ ပလောင်နဲ့ တိုက်ပွဲဖြစ်နေတာ မဟုတ်ဘူး၊ စစ်မြေပြင်မှာ TNLA က ပလောင်နဲ့ RCSS က ပလောင်၊ ပလောင်အချင်းချင်း တိုက်နေသလို ဖြစ်နေတာ။

မေး ။ ။ လောလောဆယ် ရှမ်းနဲ့ တအာင်းကြားမှာ လူမျိုးရေးပဋိပက္ခ ကြီးကြီးမားမား ရှိနေသလား။

— ရှမ်းက ပလောင်ကိုလုပ်တယ်၊ ပလောင်က ရှမ်းကို လုပ်တယ်၊ ပဋိပက္ခတွေ ဖြစ်တယ်ဆိုတာတွေ မြေပြင်မှာ မမြင်တွေ့ရပေမယ့် အင်တာနက်တွေ၊ လိုင်းတွေပေါ်မှာတော့ တွေ့ရ၊ ကြားရတယ်။

မေး ။ ။ ရှမ်းမြောက်မှာ လက်နက်ကိုင်ပဋိပက္ခတွေ၊ မတူတဲ့ လူမျိုးတချို့ကြား အနည်းငယ်တင်းမာနေတာတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေလျှော့လို့ရနိုင်မလဲ။

— ရှမ်းမြောက်မှ မဟုတ်ဘူး။ တစ်နိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်တွေက တန်းတူညီမျှမှုကို လိုနေတယ်လို့ ယူဆတယ်။ တန်းတူညီမျှဆိုတာ အားလုံး တူညီစွာရဖို့မဟုတ်ဘူး၊ ဗမာတစ်ကျပ်ရတိုင်း တိုင်းရင်းသားတွေ တစ်ကျပ်ရရမယ်လို့ မဆိုလိုပါဘူး။ တိုင်းရင်းသားတွေ လိုချင်တဲ့ တန်းတူညီမျှမှုဆိုတာ အရမ်းကို ခွဲခြားလွန်းတာတွေ မလုပ်စေချင်တာပါ။

ဥပမာ…နေပြည်တော်သွားလမ်းလို တောင်ပေါ်ဒေသတွေမှာ နိုင်လွန်ကတ္တရာ နေရာတိုင်း လုပ်ပေးရမယ်၊ အကြီးကြီးလုပ်ပေးရမယ် ဆိုတဲ့ သဘောမဟုတ်ပါဘူး။ ဟိုမှာ ပေတစ်ရာလောက် ခင်းထားပေးရင် တိုင်းရင်းသားဒေသတွေမှာ ပေနှစ်ဆယ်လောက်ကော မရနိုင်ဘူးလား။ နိုင်လွန် ကတ္တရာ မခင်းပေးနိုင်လည်း ကွန်ကရစ် လမ်းပေါ့။ မခင်းနိုင်တဲ့ နေရာလည်း ထားပေါ့၊ ဒါပေမယ့် လမ်းဖောက်ပေးဖို့တော့ လိုအပ်တယ်။ အစိုးရဘက်ကတော့ စေတနာမှန်ရပါမယ်။ အဲဒါမှ တန်းတူ ညီမျှတယ်ဆိုတာ ဖြစ်လာမှာပါ။

မေး ။ ။ ရှမ်း၊ ပလောင် တိုင်းရင်းသားတစ်ယောက်အနေနဲ့ ပဋိပက္ခတွေ လျော့ကျအောင် ဘာတွေလုပ်နေသလဲ။

— ကျွန်တော်တတ်နိုင်တဲ့ အတိုင်းအတာအရတော့ လားရှိုးတက္ကသိုလ်ရဲ့ လှုပ်ရှားမှုတွေ ၊ လားရှိုးမြို့နယ်အတွင်း လှုပ်ရှားမှုတွေမှာ မြို့နယ်အလိုက် တိုင်းရင်းသားယဉ်ကျေးမှုကော်မတီတွေ စုပေါင်းပြီးတော့ လုပ်ဆောင်ရတဲ့ အခမ်းအနားတွေ ကျင်းပတာ၊ အစည်းအဝေးတွေ လုပ်တာ၊ ညစာစားပွဲတွေ လုပ်တာတွေရှိတယ်။ ရင်းရင်းနှီးနှီး ချစ်ချစ် ခင်ခင်နဲ့ ညီအစ်ကို မောင်နှမ တွေလိုဆက်ဆံ ပြောဆိုကြတာတွေ လုပ်ခွင့်ရအောင် ဒီလိုအခမ်းအနားတွေ လုပ်ပြီး ဆုံကြတယ်။ လူမျိုး ပဋိပက္ခ မဟုတ်ဘူး၊ လက်နက်ကိုင်တွေကြားထဲမှာ ဖြစ်တဲ့ ပြဿနာဆိုတာကို ပေါ်လွင်အောင် ပလောင်လူငယ်အဖွဲ့၊ ရှမ်းလူငယ်အဖွဲ့တွေ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတာတွေ ရှိတယ်။

လားရှိုးကို တာဝန်နဲ့ ပြောင်းလာရတော့ ဒီမှာ ရှမ်းလည်းရှိတယ်။ ပလောင်လည်းရှိတယ်။ ရှမ်းအင်အားစုက များတယ်။ ငွေကြေးလည်း တောင့်တင်းတယ်။ လူအင်အားလည်း တောင့်တင်း တယ်။ တစ်ဖက်က ပလောင်တွေကျတော့ ပညာတတ်မှု အားနည်းတယ်။ လားရှိုးမြို့ ပတ်ပတ်လည်မှာဆို စာသင်ကျောင်းမရှိ၊ ဗမာစကား မတတ်တဲ့ ပလောင်ရွာတွေ အများကြီးတွေ့ရ သလို၊ တော်တော်ကို အောက်ကျနောက်ကျဖြစ်နေတာ တွေ့ရတယ်။ ဆေးရုံတက်ရမယ့် ကိစ္စကြုံ လို့ ဆေးရုံလာတက်ရရင်တောင် ငွေကြေးမပါ၊ အဝတ်အစားမပါ၊ တောင်ယာ လုပ်ငန်းမှာ ဝတ်ထားတဲ့ အဝတ်အစားတစ်ခုပဲရှိပြီး ချွေးတွေနဲ့ ညစ်ညစ်ပတ်ပတ်ဖြစ်နေတဲ့ ပလောင်တွေကို ဘယ်သူ လုပ်ပေးမှာလဲ။ လုပ်ပေးမယ့်သူ လားရှိုးမှာ မရှိခဲ့ဘူး။

တအာင်းပရဟိတအဖွဲ့ကို ကျွန်တော် ထူထောင်တယ်။ တအာင်းပရဟိတအဖွဲ့မှာ လုပ်နေတာဖြစ်လို့ တခြားလူမျိုးတွေကို မကူညီဘူး ဆိုတာ မရှိဘူး။ အဖွဲ့နဲ့ သွားရင်းလာရင်း ကြုံရင်ကြုံ သလို ကူညီတာပါ။ ရှစ်ဆယ် ရာခိုင်နှုန်းကတော့ ပလောင်တွေကို ကူညီတာ များတယ်။


မေး ။ ။ တိုင်းရင်းသားတွေ ငြိမ်းချမ်းစွာ အရင်ကအတိုင်း အတူယှဉ်တွဲနေနိုင်ဖို့ ဘာတွေလိုအပ်ပါသလဲ။

— တိုင်းရင်းသားတွေကြားမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ အဓိကကတော့ “ငါ့လူမျိုး၊ ငါ့ဒေသ” ဆိုတဲ့ အစွဲတွေစွန့်ပြီးတော့မှ ငါတို့လူသားတွေပဲဆိုတဲ့ အသိရှိဖို့ပဲ။ ငါကရှမ်း၊ သူကပလောင်ဆိုတဲ့ ကွဲပြားမှုတွေ ထည့်မစဉ်းစားဘဲ လူသားအချင်းချင်းဆိုတဲ့ သာတူညီမျှတဲ့စိတ်ထားနိုင်ပြီး အစွဲမကြီးဖို့ လိုတယ်။ ကျရာ တာဝန်တော့ ထမ်းဆောင်ရမှာပေါ့၊ ရှမ်းပြည်မှာ နေရင် ရှမ်းပြည်ကောင်းကျိုးကို လုပ်မယ်၊ ရေနံချောင်းမှာ နေရင် ရေနံချောင်းမြို့ရဲ့ကောင်းကျိုးကိုတော့ လုပ်ပေးနေဖို့လိုတယ်။

Show More

Related Articles

Back to top button