သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ တရားလို စာကြည့်ဖတ်၍ သက်သေထွက်ခွင့်မရတော့

ဒေါ်အောင်ဆန်းစုကြည်အား တရားလိုအဖြစ် တရားစွဲဆိုထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အရာရှိ ဦးရဲထက်ကို အသင့်ပါလာသည့် စာအုပ်တွင် ရေးထားသမျှကို တစ်လုံးမကျန်ဖတ်ရှု၍ သက်သေထွက်ဆိုခြင်း မပြုရန် တရားသူကြီးက ယနေ့ (အောက်တိုဘာ ၂၂) တွင် တားမြစ်လိုက်သည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုပြီးဖြစ်သည့် အဂတိမှုလေးမှုအတွက် နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားရုံးသို့ အပတ်စဉ် သောကြာနေ့တိုင်း လာရောက်ကြားနာသည့် မန္တလေးတိုင်းတရားလွှတ်တော်တရားသူကြီး ဦးမြင့်စန်းက ၎င်းစစ်ဆေးနေသည့် အမှုတစ်ခုတွင် ထိုသို့မလုပ်ရန် တားမြစ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ စိုက်ပျိုးရေးဆိုင်ရာသင်ကြားမှုများကို မျှဝေရန် နေပြည်တော်၌ ထူထောင်မည့် လရောင်တောစီမံကိန်းအတွင်း ရည်ရွယ်ချက်နှင့် မဆိုင်ဘဲ နေအိမ်ဆောက်လုပ်သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည့် အမှုတွင် ပြီးခဲ့သည့်ရုံးချိန်း၌ ဦးရဲထက်က စာအုပ်ကြည့်ထွက်ဆိုသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ကန့်ကွက်ထားခြင်းဖြစ်သည်။

“သက်သေသည် အသင့်ရေး ယူဆောင်လာသော မှတ်စုမှတ်ရာများကို သက်သေထွက်ဆိုခွင့် မရှိဘူးဆိုပြီး ဒီနေ့ အမိန့်ချတယ်။ သက်သေခံဥပဒေအရ ကိန်းဂဏန်းတွေ ရက်စွဲတွေ အမှတ်ရအောင်ကြည့်ဖို့တော့ ရတယ်။ ဒါပေမဲ့ စာအုပ်ကြီးကို တောက်လျှောက်ဖတ်တာတော့ မလုပ်ရဘူးပေါ့” ဟု ရှေ့နေအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

ယနေ့ရုံးချိန်းတွင် ထိုအမှုအပြင် စီမံကိန်းမြေနေရာအတွက် ဂရန်ရယူရာတွင် နိုင်ငံရေးရာထူးရှိစဉ် အဂတိမကင်းဆောင်ရွက်သည်ဟုဆိုကာ စွပ်စွဲထားသည့် အမှုတစ်ခုနှင့် ပတ်သက်၍ တရားလိုဘက်ကို စစ်ခဲ့ကြောင်း၊ နံနက် ၁၀ နာရီကျော်တွင် စတင်သည့် တရားခွင်မှာ နေ့လယ်ထမင်းစား ခေတ္တနားချိန်မှအပ ညနေ ၃ နာရီခွဲခန့်မှ ပြီးဆုံးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သိရသည်။

မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်စန်း စစ်ဆေးသည့် အမှုများမှာ ထောင်ဒဏ် ၁၄ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားခြင်းဖြစ်ပြီး သုံးမှုမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်သည်။

အလားတူပုဒ်မဖြင့်ပင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့် ငွေများ ရယူသည်ဟု စွပ်စွဲထားသည့် တစ်မှုနှင့် အခြားတစ်မှုမှာမူ ယနေ့တရားခွင်၌ စစ်ဆေးခဲ့ခြင်း မရှိပေ။

ထိုအဂတိမှုလေးမှုတွင် ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်ကို အခြေခံသည့် အမှုနှင့် ပရဟိတစီမံကိန်းဧရိယာအတွင်း နေထိုင်ရန် အိမ်ဆောက်လုပ်သည်ဟုဆိုကာ စွပ်စွဲထားသည့် တစ်မှုတွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကိုသာ တရားစွဲထားသည်။

လရောင်တောစီမံကိန်းအတွက် မြေနေရာရယူမှု၊ ဂရန်ကိစ္စများနှင့် ပတ်သက်သည့် နှစ်မှုတွင်မူ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူတို့ကိုပါ စစ်ကောင်စီက တစ်ပေါင်းတည်းတရားစွဲထားသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီး ၈ လကျော်လာချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားသည့် ပုဒ်မပေါင်း ၁၁ ခုအထိရှိသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button