
အာဏာသိမ်းပြီးမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာကုမ္ပဏီကြီးများက လုပ်ငန်းရပ်ဆိုင်းခြင်း၊ နိုင်ငံတွင်းမှ ထွက်ခွာခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပြန်လည်သုံးသပ်နေသော်လည်း တောင်ကိုရီးယားနိုင်ငံမှ POSCO ကုမ္ပဏီက စစ်ကောင်စီကို အကျိုးအမြတ်ရရှိစေမည့် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ဆက်လက်လုပ်ကိုင်လျက်ရှိသည်။
POSCO က ထုတ်ပြန်ထားသည့် ၂၀၂၁ ဒုတိယသုံးလပတ်အစီရင်ခံစာနှင့် Myanmar Now က ရရှိထားသည့် အချက်အလက်များအရ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ပုံမှန် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်ရေးအတွက် စီမံကိန်းအဆင့်(၂) ကို အမေရိကန်ဒေါ်လာ ၄၇၃ သန်း၊ စီမံကိန်းအဆင့် (၃) ကို ဒေါ်လာ ၃၁၅ သန်း ရင်းနှီးမြှုပ်နှံရန် လျာထားသည်။
စီမံကိန်းအဆင့် (၂) အရ ရခိုင်ကမ်းလွန် A-3 လုပ်ကွက်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ရွှေနှင့် ရွှေဖြူ အမည်ရလုပ်ကွက်ဧရိယာအတွင်း ၂၀၂၀ တွင် စတင်ထုတ်လုပ်နိုင်မည့် စီးပွားဖြစ်ထုတ်လုပ်ရေး ၈ တွင်း တူးဖော်မည်ဖြစ်သည်။
စီမံကိန်းအဆင့်(၃) ၌ ပင်မထုတ်လုပ်ရေးစင်နှင့် ချိတ်ဆက်မည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး ဖိအားနိမ့်စင်သစ်တည်ဆောက်ခြင်း၊ ထုတ်လုပ်ရေးတွင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းလုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။

ကိုဗစ်ကပ်ဘေးကြောင့် လုပ်ငန်းလည်ပတ်မှုအခြေအနေကို အတိအကျမသိသော်လည်း POSCO အနေဖြင့် ပုံမှန် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုများအပြင် စီမံကိန်းအဆင့်(၃) ကိုလည်း အစီအစဉ်အတိုင်း စတင်ဖွယ်ရှိသည်ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ၏ အကြံပေး ဦးကျော်ဉာဏ်ထွန်းက ဆိုသည်။
“ရေနံမှာက သူ့ဘာသာကျသွားတဲ့ဟာတွေ ရှိတာပေါ့။ ထုတ်လုပ်နေတဲ့ Production တွေကျသွားတာ ရှိတာပေါ့။ အဲ့ဒီကောင်တွေကို လိုက်မီဖို့အတွက်ကို ကျွန်တော်တို့က လိုက်ရှာတာ၊ တူးတာလုပ်ရတာပါ။ New Investment (ရင်းနှီးမြှုပ်နှံမှုအသစ်မဟုတ်ဘူး) မဟုတ်ပါဘူး” ဟု ၎င်းက ယမန်နေ့ (အောက်တိုဘာ ၂၁) တွင် Myanmar Now ကို ပြောသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် အထွေထွေမန်နေဂျာနှင့် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးကျော်ဉာဏ်ထွန်းသည် လက်ရှိတွင် MOGE ၌ အကြံပေးပညာရှင်အဖြစ် လုပ်ကိုင်နေသူဖြစ်သည်။
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ဩစတြေးလျရေနံကုမ္ပဏီကြီး Woodside ကလည်း ရခိုင်ကမ်းလွန်ရှိ ရေနံရှာဖွေရေးလုပ်ငန်းများ ရပ်နားခဲ့သည်။
ထို့ပြင် ပြင်သစ်ရေနံကုမ္ပဏီကြီး Total နှင့် အမေရိကန်မှ Chevron တို့သည်လည်း နိုင်ငံတကာဖိအားများကြောင့် MOGE နှင့် ဖက်စပ်လုပ်ကိုင်နေသည့် သဘာဝဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးစီမံကိန်းမှ အမြတ်ငွေခွဲဝေမှုကို ရပ်ဆိုင်းခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၏ ဖိအားပေးမှုကြောင့် မြန်မာနိုင်ငံရှိ ဘသာဝဓာတ်ငွေ့စီမံကိန်း၏ အမြတ်ဝေစုခွဲဝေပေးမှုကို POSCO International ကုမ္ပဏီက ပြန်လည်သုံးသပ်နေကြောင်း Reuters သတင်းဌာနက မေလအတွင်း ရေးသားခဲ့သည်။
“နိုင်ငံတကာအသိုင်းအဝိုင်းကနေ တောင်းဆိုနေတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပြန်သုံးသပ်နေပါတယ်။ ကုမ္ပဏီတွင်း ဘက်ပေါင်းစုံကနေ ဆွေးနွေးမှုတွေရှိနေပါတယ်” ဟု ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအော်ပရေတာဖြစ်သူ Posco ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။
နိုင်ငံတကာဖိအားများအပေါ် ထိုသို့ တုံ့ပြန်ပြောဆိုခဲ့သော်လည်း တောင်ကိုရီးယားနိုင်ငံမှ POSCO ကုမ္ပဏီသည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကာ စီမံကိန်းအတွက် ကိုရီးယားနိုင်ငံမှ ဝန်ထမ်းသစ်များ မြန်မာနိုင်ငံသို့ ရောက်လာနေသည်ဟု Myanmar Now က စုံစမ်းသိရှိရသည်။

ယခုလ (အောက်တိုဘာ) နှင့် နိုဝင်ဘာလအတွင်း၌လည်း ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် တာဝန်ထမ်းဆောင်ရန် တောင်ကိုရီးယားနိုင်ငံမှ ဝန်ထမ်းသစ်များ ထပ်မံရောက်လာရန်ရှိသည်ဟု ရန်ကုန်သတင်းရင်းမြစ်တစ်ခုက Myanmar Now ကို ပြောသည်။
POSCO အနေဖြင့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း အဆင့်(၃) ကို ဆက်လက်လုပ်ကိုင်ခြင်းမှာ စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ လိုက်နာရမည့် နိုင်ငံတကာစံချိန်စံညွှန်းများကို ဆန့်ကျင်ရာရောက်ကြောင်း မြန်မာ့ဒီမိုကရေစီအရေး ကူညီပေးနေသည့် ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းတစ်ခု၏ လူ့အခွင့်အရေးဆိုင်ရာရှေ့နေဖြစ်သူ Kinam Kim က ဆိုသည်။
“လူ့အခွင့်အရေးကို လက်ကိုင်ပြုရမဲ့အစား POSCO အနေနဲ့ သူတို့စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့နေတာဟာ စစ်ကောင်စီထံ စီးဆင်းမယ့် ဘဏ္ဍာငွေကို ဖြတ်တောက်ဖို့ တောင်းဆိုနေတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
POSCO နှင့် Lotte အပါအဝင် တောင်ကိုရီးယားစီးပွားရေးလုပ်ငန်း ၅ ခုအနေဖြင့် မြန်မာစစ်တပ်နှင့် ပတ်သက်နေမှုကို ဖြတ်တောက်ရန် တောင်ကိုရီးယားနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းနှစ်ခုနှင့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း တောင်းဆိုခဲ့ဖူးသည်။
တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချနေသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် စီးပွားဖြစ်ထုတ်လုပ်ရေး စတင်ခဲ့ခြင်းဖြစ်သည်။
ထိုစီမံကိန်းမှနေ၍ ၂၀၂၁ ခုနှစ် ပထမသုံးလတွင် နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၅၇၀ ခန့် ထုတ်လုပ်ရောင်းချခဲ့ကာ အမြတ် ကိုရီးယားဝမ် ၃၀ ဒသမ ၄ ဘီလျံ (ဒေါ်လာ ၂၅ သန်းကျော်) နှင့် ဒုတိယသုံးလတွင် နေ့စဉ် ကုဗပေ သန်း ၅၂၀ ခန့်နှင့် အမြတ် ကိုရီးယားဝမ် ၃၇ ဒသမ ၇ ဘီလျံ (ဒေါ်လာသန်း ၃၀ ကျော်) ရရှိခဲ့ကြောင်း POSCO ၏ ၂၀၂၁ ဒုတိယသုံးလပတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါစီမံကိန်းတွင် POSCO က ၅၁ ရာခိုင်နှုန်း၊ အခြားတောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည့် KOGAS က ၁၇ ရာခိုင်နှုန်း၊ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဓာတ်ငွေ့လုပ်ငန်းက ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံပိုင် ONGC နှင့် အခြားအိန္ဒိယကုမ္ပဏီတစ်ခုဖြစ်သော GAIL တို့က ၈ ဒသမ ၅ ရာခိုင်နှုန်းစီ ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၂၇ သန်း ထပ်မံရင်းနှီးမြှုပ်နှံရန် ONGC ကုမ္ပဏီကို အိန္ဒိယအစိုးရက ခွင့်ပြုလိုက်ကြောင်း ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းစာများက ရေးသားခဲ့သည်။
သဘာဝဓာတ်ငွေ့ဝင်ငွေများမှာ စစ်ဗိုလ်ချုပ်ကြီးများထိန်းချုပ်သည့် တွင်းနက်ကြီးသဖွယ်ဖြစ်နေပြီး ထိုဝင်ငွေများအပေါ် နိုင်ငံတကာက ပိတ်ဆို့အရေးယူလိုက်မည်ဆိုပါက စစ်ကောင်စီအနေဖြင့် ဘဏ္ဍာရေးအရ သိသိသာသာ အထိနာမည်ဖြစ်ကြောင်း နိုင်ငံတကာရှိ ဥပဒေကျွမ်းကျင်သူများက ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
စစ်အာဏာမသိမ်းမီ ခန့်မှန်းထားချက်များအရ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ − ၂၀၂၁ တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှနေ၍ ကျပ်ဘီလျံ ၂,၃၀၅ ရရှိမည်ဖြစ်ကာ ဒေါ်လာသန်း ၁၅၀၀ ခန့်ရှိပြီး နိုင်ငံ့ဝင်ငွေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်