သတင်း

ရခိုင်ကမ်းလွန်မှ ရွှေဂက်စ်စီမံကိန်း တိုးချဲ့လုပ်ငန်းကန်ထရိုက် တရုတ်နိုင်ငံပိုင်ကုမ္ပဏီ လုပ်ပိုင်ခွင့်ရ

တိုက်ပွဲများပြင်းထန်နေသော ရခိုင်ပြည်နယ်၊ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် တွင်းအသစ်တူးဖော်ထုတ်လုပ်ရန် တည်ဆောက်ရေးလုပ်ငန်းတွင် တောင်ကိုးရီးယား POSCO နှင့် တရုတ်ကုမ္ပဏီ COOEC တို့ သဘောတူညီမှုရထားသည်။

တောင်ကိုရီးယား POSCO ကုမ္ပဏီက အော်ပရေတာအဖြစ် တူးဖော်ထုတ်လုပ်နေသည့် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအဆင့် (၄) တိုးချဲ့လုပ်ငန်းအတွက် တရုတ်နိုင်ငံပိုင် COOEC Offshore Oil Engineering Co., Ltd က ကန်ထရိုက်တာအဖြစ် လုပ်ပိုင်ခွင့်ရသွားသည်။

တရုတ်နိုင်ငံသို့ ဂက်စ်တင်ပို့နေသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် တွင်းအသစ်တူးဖော်ထုတ်လုပ်ရန် တည်ဆောက်ရေးလုပ်ငန်းများအတွက် POSCO နှင့် COOEC တို့ အမေရိကန်ဒေါ်လာ ၅၂၃ သန်းတန်ဖိုးရှိ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဇူလိုင် ၁၉ ရက်တွင် ရှန်ဟိုင်းစတော့အိတ်ချိန်းထံ တင်ပြသည့် ထုတ်ပြန်စာတွင် ဖော်ပြသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း အပိုင်း(၄) ရေအနက်မီတာ ၁,၀၀၀ တွင် ဓာတ်ငွေ့တူးဖော်ရန် ပလက်ဖောင်း၊ ပိုက်လိုင်း၊ စက်ရုံနှင့် လိုအပ်သည့်တည်ဆောက်ရေးလုပ်ငန်းများအတွက် တည်ဆောက်ချိန် ၃ နှစ် သတ်မှတ်ထားသည်ဟု တရုတ်နိုင်ငံပိုင် China National Offshore Oil Corporation ၏ ကုမ္ပဏီခွဲ COOEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုစီမံကိန်းလုပ်ပိုင်ခွင့်ရရှိခြင်းကြောင့် ကုမ္ပဏီ၏ စွမ်းဆောင်ရည်နှင့် အနာဂတ်စီပွားရေးတိုးတက်မှုကို မြှင့်တင်ရာတွင် အကျိုးအမြတ်ရှိမည်ဟု ကုမ္ပဏီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရွှေသဘာဝဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းတွင် တောင်ကိုရီးယားကုမ္ပဏီများဖြစ်သည့် POSCO က ၅၁ ရာခိုင်နှုန်း၊ KOGAS က ၁၇ ရာခိုင်နှုန်း၊ မြန်မာစစ်တပ်ထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE က ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံပိုင် ONGC နှင့် အခြားအိန္ဒိယကုမ္ပဏီတစ်ခုဖြစ်သော GAIL တို့က ၈ ဒသမ ၅ ရာခိုင်နှုန်းစီ ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။

ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းကို အဆင့်အလိုက်အကောင်အထည်ဖော်နေသည်။ ၂၀၁၃ တွင် ထိုစီမံကိန်းမှ ပထမဆုံး ဓာတ်ငွေ့ထုတ်လုပ်မှုများစတင်ပြီးနောက် ၂၀၁၈ တွင် စီမံကိန်းအဆင့် (၂) တည်ဆောက်ရေး လုပ်ငန်းများစတင်ခဲ့ကာ ဓာတ်ငွေ့တူးဖော်ထုတ်လုပ်ခဲ့သည်။

ထို့နောက် စီမံကိန်းအဆင့် ၃ တည်ဆောက်ရေးလုပ်ငန်းများကို စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ တွင် စတင်ခဲ့သလို စီမံကိန်းအဆင့် ၄ ကို ဆက်လက်အကောင်အထည်ဖော်ရန် ပြင်ဆင်ခြင်းဖြစ်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၏ သဘောသဘာဝအရ တူးဖော်ထုတ်လုပ်မှု ကြာမြင့်လာရာမှ အထွက်နှုန်းကျဆင်းလာသည်ကို ဖြည့်တင်းနိုင်ရန် တွင်းအသစ်များတူးဖော်ရကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။

“ထွက်ရှိမှုကျဆင်းလာတာကို ဖြည့်တင်းနိုင်ဖို့ တွင်းသစ်တူးဖော်ကြရပါတယ်။ ကမ်းလွန်ထုတ်လုပ်ရေးဖြစ်တဲ့အတွက် တွင်းတူးပြီး ရလာတဲ့ဓာတ်ငွေ့ထုတ်ဖို့အတွက် ပလက်ဖောင်းတစ်ခုထပ်ချဲ့ဖို့လည်း လုပ်ရပါတယ်” ဟု ၎င်းက ပြောသည်။ 

တိုးချဲ့တူးဖော်ရန် MOGE ထံ အတည်ပြုခွင့်ပြုချက် တောင်းခံရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

POSCO ၏ ၂၀၂၂ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၌ အကောင်အထည်ဖော်မည့် ရေနံတွင်းသစ်များ။

တောင်ကိုရီးယားကုမ္ပဏီ၏ ယခုလုပ်ငန်းသည် ရှိရင်းစွဲစီမံကိန်းမှ အဆင့်အလိုက်တိုးချဲ့လုပ်ကိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတ်မှတ်ထားသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများကို လိုက်နာရန် လိုသည်ဟု NUG လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက Myanmar Now ကို ပြောသည်။

“တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့လိုတယ်ဆိုတာကို ပြောချင်တယ်။ သက်ဆိုင်ရာ ကုမ္ပဏီသည်လည်း ဒီအတိုင်းလိုက်နာမယ်ဆိုရင်တော့ မလုပ်ရဘူးလို့ မတားတဲ့လုပ်ငန်းဖြစ်တယ် လုပ်သင့်တယ်လို့တော့ မပြောဘူး” ဟု ၎င်းက ဆိုသည်။

၂၀၂၂ ဖေဖော်ဝါရီတွင် ဥရောပသမဂ္ဂ (အီးယူ) က MOGE ကို အရေးယူပိတ်ဆို့ခဲ့ရာ POSCO ကုမ္ပဏီသည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ MOGE ရရှိမည့် အကျိုးအမြတ်များကို မပေးတော့ဘဲ တတိယဘဏ်စာရင်း (Escrow account) ထဲ ထည့်သွင်းထားသည့်သတင်းများလည်း ထွက်ပေါ်နေသည်။

စစ်ကောင်စီ အကျိုးအမြတ်ရစေမည့်အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်ပြီး ဝင်ငွေများပေးနေပါက ကန့်ကွက်ရမည်ဟု ဦးစိုးသူရထွန်းက ပြောသည်။

“စစ်ကောင်စီကို ပေးမယ့်ငွေကို အပြည့်မပေးဘဲနဲ့ ပိတ်ပြီးတော့ ရပ်ခဲ့တယ်။ တရုတ်ကိုယ်တိုင်ကလည်း လက်ခံခဲ့တယ်။ လုပ်ငန်းရှင်က သူ့ဘာသာသူရတာကို သူယူတာက တစ်ပိုင်းပေါ့။ ဒီဘက်က Quota (ခွဲတမ်း) ကို ခွဲမပေးတဲ့ သမိုင်းကြောင်းလည်း ရှိတဲ့အခါကျတော့ သူတို့တွေ ချင့်ချိန်ပြီးလုပ်မယ်ဆိုရင် အများကြီးပြောစရာတော့ မရှိဘူး” ဟု သူက ဆိုသည်။ 

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ပထမဆုံးဂက်စ်ထုတ်လုပ်မှုကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး ထွက်ရှိလာသည့် ဓာတ်ငွေ့ကို ရခိုင်၊ မကွေး၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွယ်တန်းထားသော အလျား ၇၉၃ ကီလိုမီတာရှည်သော ဂက်စ်ပိုက်လိုင်းမှ နေ့စဉ် သဘာဝဓာတ်ငွေ့ ၅၀၀ သန်းကုဗပေကို တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း POSCO ကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် တရုတ်အမျိုးသားရေနံနှင့် သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း (CNPC) နှင့်အတူ POSCO, MOGE, KOGAS, GAIL, India’s Oil Companies Overseas နှင့် India Gas Corporation တို့ ပူးပေါင်းရင်းနှီးမြှုပ်နှံထားသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ၂၀၂၃ ခုနှစ် ပထမ ၃ လအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်ဖိုး ရေနံရောင်းချခဲ့ကြောင်း ထိုနှစ် ဧပြီလအတွင်း ထုတ်ပြန်သည့် ကုမ္ပဏီ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ဒေါ်လာဘီလျံချီ ရနေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ထိုဝင်ငွေများဖြင့် လက်နက်နှင့် ကျည်ဆန်များဝယ်ယူကာ ပြည်သူလူထုအပေါ် ဖိနှိပ်သတ်ဖြတ်နေသည်ဆိုကာ ဓာတ်ငွေ့ဝင်ငွေများပိတ်ဆို့ရန် ပြည်တွင်းပြည်ပတက်ကြွလှုပ်ရှားသူတို့က ဖိအားပေးနေသည်။

စစ်အာဏာသိမ်းပြီးနောက် ဆိုးရွားလာသည့်အခြေအနေများကြောင့် ပြင်သစ် Total နှင့် အမေရိကန် Chevron တို့အပါအဝင် နာမည်ကြီးရေနံကုမ္ပဏီများ ထွက်ခွာသွားကြသည်။

စစ်ကောင်စီ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်ကမူ မြန်မာ၏ ရေနံတူးဖော်မှုသည် နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်း တိုးတက်မှုနောက်ကျနေကြောင်း၊ ခေတ်မီနည်းပညာဖြင့် တိုးမြှင့်ထုတ်လုပ်ရန် လိုကြောင်း ယခုနှစ် ဇူလိုင် ၁၇ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ရွှေသဘာဝဓာတ်ငွေ့နှင့် စီးပွားရေးစီမံကိန်းများစွာရှိသည့် ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်နေပြီး မြို့နယ်အများအပြားကို AA က ထိန်းချုပ်ထားသည်။ 

Show More

Related Articles

Back to top button