
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကိုးကန့်တပ် (MNDAA) တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဆက်ဖြစ်ကာ စစ်ကောင်စီဘက်မှ လက်နက်ကြီး အမြောက်အမြားသုံးကာ ထိုးစစ်ဆင်နေသည်။
စက်တင်ဘာဒုတိယပတ်မှစ၍ စစ်ကောင်စီတိုက်ခိုက်ရေးတပ်များဖြစ်သော တပ်မ ၉၉ နှင့် တပ်မ ၈၈ လက်အောက်ခံတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ MNDAA တပ်များလှုပ်ရှားရာ မုံးကိုး၊ ပန်ဆိုင်းဒေသများတွင် စစ်တပ်က လက်နက်ကြီးများသုံးပြီး ထိုးစစ်ဆင်နေသည်ဟု သိရသည်။
မုံးကိုးမြို့နယ်၊ ဖောင်းဆိုင်ဒေသရှိ MNDAA စခန်းကို စစ်ကောင်စီက ထိုးစစ်ဆင်နေစဉ် မိုင်အနည်းငယ်ကွာသည့် မုံးကိုးမြို့အနီးရှိ စစ်တပ်ဗျူဟာကုန်းမှ တိုက်ပွဲဖြစ်ပွားရာသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးခဲ့ကြောင်း မုံးကိုးမြို့ခံတစ်ဦးက ပြောသည်။
“စနေနေ့ (အောက်တိုဘာ ၁၆) အထိက တိုက်ပွဲပြင်းထန်တယ်၊ မနေ့ကရောပဲ။ ဒီနေ့ကတော့ နည်းနည်းငြိမ်တယ်။ မနက်က ဗျူဟာကုန်းကနေတော့ လက်နက်ကြီးပစ်သံတွေ အကျယ်ကြီးကြားနေရတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၂ တွင် မုံးကိုးမြို့ ဗျူဟာကုန်းကို MNDAA တပ်က လာရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ရာ မုံးကိုးမြို့ ရပ်ကွက်(၆)အတွင်းသို့ လက်နက်ကြီးသုံးလုံး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အသက် ၂ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် ၆ ဦး ဒဏ်ရာရခဲ့သည်။
အောက်တိုဘာ ၈ မှစ၍ စစ်တပ်က အမျိုးအစားမတူသည့် လက်နက်ကြီးအလုံးရေ ၂,၀၀၀ ကျော် ပစ်ခတ်ခဲ့ပြီး အောက်တိုဘာ ၁၆ တစ်ရက်တည်း၌ပင် အလုံးရေ ၈၀၀ ကျော်ပစ်ခတ်ခဲ့သည်ဟု MNDAA ဘက်မှ ထုတ်ပြန်သည်။
မုံးကိုးမြို့၏ အနောက်ဘက် ပန်ဆိုင်း(ကြူကုတ်) မြို့နယ်တွင်လည်း အောက်တိုဘာ ၁၇ တွင် စစ်တပ်နှင့် MNDAA တပ်များ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့အနီး လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရခဲ့သည်ဟု မြို့ခံ ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးက ပြောသည်။
တိုက်ပွဲများကြောင့် တရုတ်-မြန်မာနယ်စပ်မျဉ်းအနီး စစ်ရှောင်နေရသူ ၁,၄၀၀ ခန့်ရှိနေပြီး အကူအညီများလိုအပ်နေဆဲဖြစ်သည်ဟု အဆိုပါစစ်ရှောင်များကို ကူညီပေးနေသူ အဆိုပါခရစ်ယာန်သင်းအုပ်ဆရာက ဆက်ပြောသည်။
“အခုအထိကို အဆင်မပြေသေးဘူးလို့ပဲ ပြောရမှာပဲ။ တချို့ကလည်း တရုတ်ထဲ ဝင်ပြီး အလုပ်လုပ်ကြတယ်။ အလုပ်မရှိတဲ့သူတွေကတော့ အစားအသောက်အတွက် တော်တော်လေးခက်ခဲကြတယ်” ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်-မြန်မာနယ်စပ်မျဉ်းအနီးတွင် စစ်တပ်က MNDAA အပြင် KIA နှင့်လည်း တိုက်ခိုက်နေပြီး အောက်တိုဘာ ၁၆ တွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ မူဆယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံတပ်မှ အင်အား ၂၀၀ ခန့်ဖြင့် KIA တပ်မဟာ ၆ နယ်မြေအတွင်း လှုပ်ရှားလာသည့်အတွက် မူဆယ်မြို့အရှေ့ဘက်ရှိ တီးမကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ (အောက်တိုဘာ ၁၉) တွင် ပြောသည်။
“သူတို့ ဆင်းလာတာကို ကျွန်တော်တို့ လမ်းမှာ မိုင်းခွဲပြီးမှ တိုက်ခိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ထိခိုက်၊ ဒဏ်ရာရတဲ့ သတင်းတွေကတော့ မကြားသိရသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။
ထို့ပြင် အောက်တိုဘာ ၁၈ တွင်လည်း ကွတ်ခိုင်မြို့နယ် KIA ၏ တပ်မဟာ ၆၊ တပ်ရင်း ၉ နယ်မြေအတွင်း လှုပ်ရှားလာသည့် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ၆၉ နှင့် ၂၉၀ တို့မှ တပ်အင်အား ၂၀၀ ခန့်ကို KIA မှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်မျဉ်းအနီး ထိုးစစ်များဆင်နွှဲရန် စစ်တပ်က စက်တင်ဘာလအစောပိုင်းကတည်းက ပြင်ဆင်နေခဲ့ပြီး ထိုးစစ်အတွက် လက်နက်ကြီးကျည်အမြောက်အမြားနှင့် ခဲယမ်းများ ကြိုတင်ဖြည့်တင်းနေသည်ဟု သိရသည်။
လတ်တလောတွင် ရှမ်းမြောက်ဒေသရှိ KIA ထိန်းချုပ်နယ်မြေများထက် MNDAA ထိန်းချုပ်ရာ ဒေသများတွင် စစ်တပ်၏ ထိုးစစ်များ ပိုမိုတွေ့ရကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် KIA နှင့် MNDAA တို့သည် စစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်များ၏ စာရင်းများအရ KIA နှင့် စစ်တပ်တို့ တိုက်ပွဲ ၁၀၀ ကျော်အထိ ရှိခဲ့သည်။
ရှမ်းမြောက်ဒေသတွင် KIA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ အခြေစိုက်လှုပ်ရှားနေပြီး တအာင်းအဖွဲ့ TNLA ၊ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သော RCSS နှင့် SSPP လည်း လှုပ်ရှားနေသည်။
စစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများတွင်သာမက ဒေသခံပြည်သူ့ကာကွယ်ရေးဖွဲ့များဖြင့်ပါ တိုက်ပွဲဖြစ်နေပြီး တပ်များဖြန့်ထားရကာ လက်နက်ကိုင်ခုခံနေသော ချင်းပြည်နယ်ကိုလည်း စစ်ကြောင်းနှစ်ကြောင်းခွဲကာ အပြင်းအထန်ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်