သတင်း

ရှစ်လကျော်ထိန်းသိမ်းခံရပြီးနောက် မုံရွာအောင်ရှင် နေအိမ်ပြန်ရောက် 

စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ထိန်းသိမ်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်သည် ယမန်နေ့ (အောက်တိုဘာ ၁၈) တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက အကျဉ်းကျနေသူ ၁၃၁၆ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်းနှင့် တရားစွဲဆိုခံထားရသူ ၄၃၂၀ ဦးကို အမှုပိတ်သိမ်းကြောင်း ယမန်နေ့က ကြေညာခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာသူများတွင် ရှစ်လကျော်ကြာ ထိန်းသိမ်းခံထားရသူ မုံရွာအောင်ရှင်လည်း ပါဝင်ခဲ့သည်။ 

နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည့် မုံရွာအောင်ရှင်နှင့် ပတ်သက်၍ ဇနီးဖြစ်သူ ဒေါ်ကေသွယ်မိုးက “ဆရာမောနေပါတယ်နော်၊ အနားပေးနေပါတယ်၊ အရမ်းပင်ပန်းနေတယ်၊ ကျန်းမာပါတယ်၊ အိမ်မှာပါနော်” ဟု Myanmar Now ကို အတည်ပြုပြောကြားသည်။

မုံရွာအောင်ရှင်ကို ပြန်လွှတ်ပေးပြီးနောက် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးခဲ့သည်ဆိုသော လူမှုကွန်ရက်သတင်းများ မဟုတ်မမှန်ကြောင်းလည်း ဒေါ်ကေသွယ်မိုးက ပြောသည်။ 

မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကြောရေးစခန်းတွင် တစ်ဦးတည်းသီးသန့်ထားရှိကာ ခေါ်ယူထိန်းသိမ်းထားခြင်းဖြစ်ကြောင်း၊ ပြန်လွှတ်ပေးရာတွင် ခံဝန်လက်မှတ်ရေးထိုးခဲ့ရခြင်း မရှိကြောင်း မုံရွာအောင်ရှင်က DVB သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေဆိုထားသည်။

မည်သည့်ပုဒ်မနှင့်မျှ တရားစွဲဆိုထားခြင်း မရှိကြောင်းလည်း မုံရွာအောင်ရှင်က ဆိုသည်။ သို့သော် ထိန်းသိမ်းခံထားရစဉ် စစ်ကောင်စီဘက်က မည်သို့စစ်ဆေးမေးမြန်းခြင်းများ ရှိခဲ့သည်ကိုမူ မသိရပေ။ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယမန်နေ့ ထုတ်ပြန်ကြေညာချက်အရ ပြန်လည်လွတ်မြောက်လာသူများတွင် NLD ပါတီမှ မုံရွာအောင်ရှင်အပြင် လွှတ်တော်ကိုယ်စားလှယ်အချို့ ပါဝင်သည်ဟု သိရသော်လည်း အသေးစိတ်ကို Myanmar Now က အတည်ပြုနေဆဲဖြစ်သည်။

စစ်ကောင်စီ၏ ကြေညာချက်အရ ပြန်လည်လွတ်မြောက်နိုင်ခြေရှိသူများမှာ ပုဒ်မ ၅၀၅ ဖြင့် စွဲဆိုခံထားရသူများသာဖြစ်ကြောင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသားလူငယ်များအတွက် အမှုလိုက်ပေးနေသည့် ရှေ့နေ ဦးသက်နောင်က ပြောသည်။

“ဘယ်လိုဟာတွေ လွှတ်တာလဲဆိုတော့ သူက ၅၀၅ သီးသန့်တွေ လွှတ်တာ။ ၅၀၅ နဲ့ကိုမှ အခြားပုဒ်မတွဲထားတဲ့လူတွေဆိုလို့ရှိရင် လွတ်တဲ့ထဲမှာ မပါဘူး။ ဥပမာပေါ့ ၁၇ (၁) တို့လို့ဟာမျိုးတွေ အကြမ်းဖက်တို့ ဖောက်ခွဲတို့ အဲ့ဒါမျိုးတွေနဲ့ အတွဲခံထားရတဲ့လူတွေ မပါဘူး။ ၅၀၅ ပုဒ်မ သီးသန့်စွဲခံထားရတဲ့ လူတွေကို လွှတ်ပေးတာ” ဟု ၎င်းက ပြောသည်။

သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်အများစုမှာမူ ပြန်လည်လွတ်မြောက်ခြင်း မရှိဘဲ ကြီးလေးသော ပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသည်။

ထို့ပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ လူထောင်ပေါင်းများစွာကိုလည်း စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကာ နေ့စဉ်နှင့်အမျှ ဖမ်းဆီးခံရသူများလည်း ရှိနေဆဲဖြစ်သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုစုမှုအရ စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၈ အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၇၃၅၅ ဦး ရှိသည်။

ထိုချုပ်နှောင်ခံထားရသူများတွင် ထောင်ဒဏ်ချမှတ်ခံရသူ ၃၅၄ ဦးရှိကာ သေဒဏ်ချမှတ်ခံရသူပေါင်း ၆၅ ဦးရှိသည်။ ထို့ပြင် စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးရသူ ၁၁၈၁ ဦးရှိပြီဖြစ်ကြောင်းလည်း AAPP က ဆိုသည်။ 

စစ်ကောင်စီ၏ အကျဉ်းသားများ လွှတ်ပေးမည်ဆိုသော ကြေညာချက်သည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ရှုတ်ချမှုများ ရပ်တန့်စေရန် အသုံးပြုသည့် နည်းပရိယာယ်တစ်ခုသာဖြစ်ပြီး ထိုသို့လွှတ်ပေးခြင်းဖြင့် အာဏာသိမ်းမှု အဆုံးသတ်စေမည်မဟုတ်ကြောင်းလည်း AAPP က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button