
ချင်းပြည်နယ်မြောက်ပိုင်းရှိ မြို့တော် ဟားခါးသို့ အင်အားအလုံးအရင်းဖြင့် ထိုးတက်လာနေသည့် စစ်ကောင်စီစစ်ကြောင်းမှာ ရှေ့မတိုးနိုင်ဘဲ ပိတ်မိနေသည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) တာဝန်ရှိသူများက ဆိုသည်။
စစ်ကောင်စီသည် ချင်းပြည်နယ်ကို အကြီးအကျယ်ထိုးစစ်ဆင်ရန် အောက်တိုဘာလဆန်းပိုင်းမှစ၍ သံချပ်ကာယာဉ်များပါဝင်သည့် စစ်ကြောင်းများ ပို့လွှတ်နေသည်။ မကွေးတိုင်း ပခုက္ကူ-ပေါက်- ကျောက်ထုလမ်းပိုင်းမှတစ်ဆင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီမြို့သို့လည်းကောင်း၊ စစ်ကိုင်းတိုင်း ကလေး-တမူးလမ်းမှတစ်ဆင့် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမှ မြို့တော်ဟားခါးသို့လည်းကောင်း စစ်ကြောင်းနှစ်ခု ချီတက်နေခြင်းဖြစ်သည်။
မြောက်ပိုင်းရှိ မြို့တော် ဟားခါးသို့ သွားရာလမ်းပေါ်ရှိ သံချပ်ကာယာဉ် ၂စီး၊ စစ်သုံးထရပ်ကား ၃၅ စီးကျော်ပါသည့် စစ်ကောင်စီယာဉ်တန်းကို ဖလမ်းမြို့မှ ထွက်ခွာလာပြီး ငါးရက်အကြာ အောက်တိုဘာ ၁၃ တွင် ထက်ဝက်ခန့် ဖျက်ဆီးပစ်လိုက်နိုင်သည်ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဖလမ်းအကျော် တလန်ရောန်ရွာအနီးတွင် အောက်တိုဘာ ၁၆ က စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်ဟန့်တား တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးထက်မနည်း သေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကား ၇ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ နောက်တစ်ရက် (အောက်တိုဘာ ၁၇) တွင် ထိုနေရာမှ သုံးမိုင်ခန့်သာ ဝေးသည့် တားလ်ကျေးရွာအနီးတိုက်ပွဲတွင် စစ်သုံးယာဉ် ၉ စီးကို ထပ်မံဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။
ယာဉ်စီးရေ ထက်ဝက်ခန့် ပျက်စီးသွားသည့် အခြေအနေကြောင့် ကျန်ရှိ စစ်ယာဉ်တန်းမှာ ဟားခါးမြို့နှင့် ၂၈ မိုင်ခန့်သာ ဝေးတော့သည့် တားလ်ကျေးရွာအနီးတွင် ပိတ်မိနေပြီး ယနေ့ အောက်တိုဘာ ၁၈ နံနက်ပိုင်းအထိ ရှေ့မတိုးဘဲ ရပ်တန့်နေကြောင်း CDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“တားလ်မှာပဲ တပ်စွဲထားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ရှေ့ကို တိုးလို့မရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ကျွန်တော်တို့ဘက်က အကုန်လုံးပိတ်ထားတာ” ဟု ၎င်းက ယနေ့ နံနက်ပိုင်းတွင် Myanmar Now ကို ပြောသည်။
ဖလမ်း-ဟားခါးလမ်းတစ်လျှောက် ချီတက်လာသည့် စစ်ကြောင်းကို ချင်းအမျိုးသားတပ်ဦး CNF နှင့် CNDF ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာ ၁၃ ရက်မှစ၍ ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီစစ်ကြောင်းမှာ ဖလမ်းမြို့မှ စတင်ထွက်ခွာလာသည့် အောက်တိုဘာ ၁၃ ရက်က ၁၀ မိုင်ခန့်အကွာရှိ အိမ်ခြေ ၁၀ လုံးကျော်သာရှိသည့် ရီလ်တီးလ်ရွာတွင် ဘုရားကျောင်းပါမချန် မီးရှို့ဖျက်ဆီးခဲ့သလို နောက်တစ်ရက်တွင် တလန်ရောန်ကျေးရွာရှိ နေအိမ် ၁၂ လုံးကိုလည်း မီးရှို့ခဲ့သည်ဟု သိရသည်။
ကြားဖြတ်တိုက်ခိုက်ခံနေရသည့် ထိုစစ်ကြောင်းကို လမ်းကြောင်းရှင်းရန် မြို့တော် ဟားခါးဘက်မှ စစ်ကောင်စီတပ်ဖွဲ့အချို့က ကြိုးပမ်းသဖြင့် ဟားခါးအထွက်၌ပင် အောက်တိုဘာ ၁၃ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရကြောင်း၊ စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကြောင်း CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောထားသည်။
ဖလမ်း – ရိဒ်၊ ဖလမ်း – ဟားခါး လမ်းကြောင်းတစ်လျှောက်တွင် စစ်ကောင်စီက ခရီးသွားပြည်သူများကို ဖမ်း၍ လူသားဒိုင်းသဖွယ် အကာအကွယ်ယူနေသဖြင့် သေရေး၊ ရှင်ရေးမှအပ ခရီးသွားလာခြင်းမပြုရန် ချင်းအမျိုးသားအဖွဲ့ချုပ်က အောက်တိုဘာ ၁၃ ကတည်းက ထုတ်ပြန်ထားသည်။’

ထို့ပြင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မှ မတူပီဘက်သို့ အောက်တိုဘာ ၁၆ ရက်တွင် စတင်ထွက်ခွာနေသည့် သံချပ်ကာယာဉ် ၂ စီးအပါအဝင် ၆၄ စီးပါ စစ်ယာဉ်တန်းမှာ မင်းတပ်မြို့မှ မိုင် ၂၀ ကျော်အကွာသို့ ရောက်နေပြီဖြစ်သော်လည်း ရာသီဥတုအခြေအနေကြောင့် ကြားဖြတ်တိုက်ခိုက်နိုင်ခြင်း မရှိသေးကြောင်း မင်းတပ်-CDF ထံမှ သိရသည်။
“မိုးတောက်လျှောက်သည်းနေတယ်။ မှိုင်းတွေ တိုက်နေတယ်။ အရမ်းအေး။ ဆိုတော့ ဘယ်လိုမှ ကိုယ့်ဘက်သူ့ဘက်ရော အခြေအနေမကောင်းဘူး။ ရာသီဥတုအရပေါ့။ ထိတွေ့မှုတော့ သိပ်မရှိဘူး” ဟု CDF (မင်းတပ်) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်ကောင်စီ၏ ထိုယာဉ်တန်းမှာ မိုင်းရှင်းလင်းရေးကို ဦးစားပေးနေပြီး ဖြည်းဖြည်းချင်း ရှေ့ဆက်နေသည့်အတွက် ထိခိုက်ပျက်စီးမှု မရှိသလောက်ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အတူ ထိုစစ်ကြောင်းအတွက် လမ်းကြောင်းရှင်းပေးရန် အင်အား ၇၀ နီးပါးဖြင့် အောက်တိုဘာ ၁၆ တွင် မတူပီဘက်မှ ထွက်လာသည့် စစ်ကြောင်းတစ်ခုမှာလည်း မင်းတပ်- မတူပီ နယ်နိမိတ်အနီးသို့ပင် ရောက်နေပြီဟု မတူပီ – CDF ဘက်မှ သိရသည်။
ထိုစစ်ကြောင်းသည် လမ်းတစ်လျှောက်တွင် လက်နက်ကြီးဖြင့် တရစပ်ပစ်နေ၍ ဒေသခံကာကွယ်ရေးအဖွဲ့များဘက်မှ ကြားဖြတ်တိုက်ခိုက်ရန် ခက်ခဲနေသဖြင့် အခွင့်အခါကို စောင့်နေရကြောင်း CDF (မတူပီ) တာဝန်ရှိသူက ပြောသည်။
“ဟိုဘက်(မင်းတပ်ဘက်က တက်လာတဲ့ စစ်ကြောင်း) ကလည်း ရိက္ခာတွေရော၊ လက်နက်တွေရော ပါလာတယ်။ ဒီဘက်(မတူပီဘက်မှ လာတဲ့စစ်ကြောင်း) ကလည်း လက်နက်တွေနဲ့ လက်နက်ကြီးတွေလည်း ပါတယ်ဆိုတော့ သူတို့တော့ အမြန်ဆုံးတွေ့နိုင်တယ်”ဟု ၎င်းက ခန့်မှန်းသည်။
မတူပီမြို့ပေါ်ရှိ စစ်တပ်ဗျူဟာကုန်းပေါ်မှတစ်ဆင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ယမန်နေ့ တစ်ရက်တည်းတွင်ပင် မြို့တောင်ဘက် ဝလံပီရွာအနီး တောင်ယာတဲတစ်ခုတွင် အသက် ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့သည်။
ထို့အတူ မတူပီမြို့အရှေ့ဘက်ရှိ ဟာသူးနှင့် ချင်းပြန်းကျေးရွာအတွင်း လက်နက်ကြီးကျည်အချို့ ကျရောက်ခဲ့၍ အနည်းဆုံး ဒေသခံတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထိုအဖွဲ့ကပင် ထုတ်ပြန်ထားသည်။
“သူတို့က အဝေးကနေပဲ ကျွန်တော်တို့ရှိတယ်ထင်တဲ့ တည်နေရာကို မှန်းပြီး ပစ်နေတာဗျ”ဟု CDF (မတူပီ) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ယမန်နေ့ နေ့လယ်ပိုင်းတွင် ပြောသည်။
မင်းတပ် -မတူပီ လမ်းမကြီးတစ်လျှောက် လမ်းပြုပြင်ရေးလုပ်နေသည့် ကုမ္ပဏီများအပါအဝင် စစ်ကောင်စီနှင့် ပေါင်းသည့် မည်သူ့ကိုမဆို အရေးယူမည်ဟု CDF (မတူပီ) က အောက်တိုဘာ ၁၅ ကတည်းက ထုတ်ပြန်ကြေညာထားသည်။
စစ်ကောင်စီက သူ၏ တပ်များကို ချင်းပြည်နယ်သို့ အင်အားအလုံးအရင်း ပို့လွှတ်နေခြင်းမှာ CDF ခြေကုပ်စခန်းများနှင့် ၎င်းတို့၏ ဌာနချုပ်ကို တိုက်ခိုက်ရန် ဖြစ်နိုင်သည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ခန့်မှန်းထားသည်။
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသည်ကိုပင် အကြမ်းဖက်ဖြိုခွင်းသည့် စစ်ကောင်စီကို ရိုးရာတူမီးသေနတ်ဖြင့် ဦးဆုံးခုခံသည့် ဒေသများတွင် ပါဝင်သော ချင်းပြည်နယ်အတွင်း ဒေသခံ ပြည်သူတို့မှာ မြို့များကိုပါ စွန့်ခွာ၍ စစ်ဘေးရှောင်နေရသည်အထိ စစ်ရေးအရှိန်မြင့်တက်နေသည်။
သို့သော် ရင်ဆိုင်တိုက်ပွဲများတွင် လက်နက်အင်အားမမျှသည့် အခြေအနေကြောင့် စစ်တပ်၏ စစ်ရေးရည်မှန်းချက်များကို ကြားဖြတ်ဟန့်တားခြင်း၊ စစ်ကောင်စီ၏ ယန္တရားကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများတွင် အခက်အခဲများစွာ ကြုံနေရသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ပြောထားသည်။
လက်ရှိတွင် ချင်းပြည်နယ်မြို့တော် ဟားခါးမှလွဲ၍ ကျန်မြို့နယ်အားလုံးတွင် စက်တင်ဘာလ ၂၃ ရက်မှစ၍ စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး စစ်ရေးလှုပ်ရှားမှုများတိုးမြှင့်နေပြီ ဖြစ်သည်။
“တိုက်ပွဲက ကြီးလာဖို့ရှိတယ်။ ……. အဓိကက ဒေသခံပြည်သူတွေက ကိုယ့်လုံခြုံရေးကို အတတ်နိုင်ဆုံးယူကြဖို့ပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ဒေသခံပြည်သူလူထုကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံးရှောင်ပြီးတော့ ကျွန်တော်တို့က တိုက်ခိုက်သွားမှာဖြစ်ပါတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။
လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ပါဝင်မည့် ပြည်သူ့တော်လှန်ရေးစပြီဟု စက်တင်ဘာ ၇ တွင် ကြေညာထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က နိုင်ငံအနှံ့ ရရာလက်နက်ဖြင့် တော်လှန်နေကြသည့် ဒေသကာကွယ်ရေးအဖွဲ့များနှင့် မည်သို့ပူးပေါင်းဆောင်ရွက်နေသည်၊ ထောက်ပံ့နေသည်တို့ကိုမူ ယနေ့တိုင် ရှင်းလင်းစွာ မသိရသေးပေ။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်