သတင်း

ရွာများမီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ကို ချင်းလက်နက်ကိုင် ၂ ဖွဲ့ဝင်တိုက်

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း-ဟားခါးလမ်းတွင် စခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ (အောက်တိုဘာ ၁၄) မနက်က ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဟားခါး – ဖလမ်း လမ်းပေါ်ရှိ ကျေးရွာနှစ်ခုမှ ဘုရားကျောင်း ၁ ခုအပါအဝင် အိမ်ခြေ ၁၆ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စခန်းချနေစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

“ဖလမ်းဘက်ကနေ ဟားခါးဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်က အဲ့ဒီနေရာမှာ ညက စခန်းချတယ်။ ရွာတွေကို မီးရှို့တယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ အဲ့ဒါကို ဒီနေ့ ကျွန်တော်တို့ ရဲဘော်တွေ ကားနဲ့ အဲ့ဒီကို သွားပိတ်ပြီးတော့ တိုက်ပွဲဖြစ်တယ်” ဟု ၎င်းနှစ်ဖွဲ့၏ မဟာမိတ် ချင်းအမျိုးသားတပ်ဦး (CNF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Myanmar Now ကို ပြောသည်။

“တိုက်ပွဲက မိနစ် ၃၀ ခန့် ကြာတယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ဖလမ်းမြို့ပေါ်က လှမ်းထုတယ်။ အသေအပျောက်က ကျွန်တော်တို့ဘက်က ဘာမှမရှိဘူး။ သူတို့ဘက်ကတော့ မသိရသေးဘူး”

ဖလမ်းမြို့ ခြေလျင်တပ်ရင်း ၂၆၈ ကလည်း ယနေ့နေ့လယ် ၁၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာ နေရာဘက်သို့ ၁၂၂ မမ လက်နက်ကြီးဖြင့် သုံးကြိမ်ပစ်ကူခဲ့ကြောင်း CNDF တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဖလမ်းမြို့နှင့် ၁၀ မိုင် ခန့်အကွာရှိ ရီလ်တီးလ်ရွာတွင် ဘုရားကျောင်းအပါအဝင် တစ်ရွာလုံးနီးပါးကို ယမန်နေ့ ညနေမှ ယနေ့မနက်ပိုင်းအတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ ဆက်လက်ပြီး အဆိုပါရွာနှင့် ၃ မိုင်အကွာမှ အိမ်ခြေ ၃၀ ခန့်ရှိ တလန်ရောန်ကျေးရွာတွင် နေအိမ် ၆ လုံးကို ဆက်မီးရှို့ခဲ့ကြသည်ဟု CNDF တာဝန်ရှိသူ ဆလိုင်းဝီလျံက Myanmar Now ကို ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

“မနေ့က (ရီတီးလ်) ၇ အိမ်လောက် ရှို့တယ်။ အိမ်ခြေက ၁၀ အိမ်လောက်ပဲ ရှိတယ်။ ဒီမနက် ကျန်တာ ဆက်ရှို့တယ်။ အားလုံးရှို့လိုက်တယ်။ ဘုရားကျောင်းပါ မီးရှို့တယ်” ဟု ဆလိုင်းဝီလျံက ပြောသည်။

“တလန်ရော်န်ဆိုတဲ့ အဲ့ဒီရွာနဲ့ တစ်မိုင်လောက်ပဲ ဝေးတဲ့ရွာမှာ ဒီနေ့ သူတို့က ၆ အိမ်လောက် မီးရှို့ပစ်တာ ရှိတယ်။ အခုချိန် (နေ့လယ်) အထိ မီးမငြိမ်းသေးဘူး”

လက်နက်ကိုင်ခုခံမှု အားကောင်းသည့် ချင်းပြည်နယ်ကို ထိုးစစ်ဆင်ရန် စစ်ကောင်စီက အောက်တိုဘာလဆန်းပိုင်းမှစ၍ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး လက်နက်၊ လူအင်အားအလုံးအရင်းဖြင့် ဖြည့်တင်းနေသောကြောင့် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေသည်။

ယမန်နေ့ (အောက်တိုဘာ ၁၃) ကလည်း ဖလမ်းမြို့မှ ဟားခါးမြို့ဘက်သို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်းအတွက် လမ်းကြောင်းရှင်းရန် ဟားခါးမှ ထွက်လာသည့် စစ်ကြောင်းကို ချင်းဒေသခံကာကွယ်ရေးအဖွဲ့နှစ်ခုက ဟားခါးမြို့အထွက်တွင် ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့သည်။

မကွေးတိုင်း၊ ပခုက္ကူမြို့ဘက်မှ တက်လာသည့် သံချပ်ကာ ၂ စီးနှင့် စစ်ကား ၈၀ ကျော်ပါဝင်သည့် စစ်ကြောင်းသည် ယောဒေသ ကျောက်ထုမြို့မှတစ်ဆင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့သို့ အောက်တိုဘာ ၁၃ မနက်က ရောက်ရှိတပ်စွဲထားသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတစ်ဆင့် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့သို့ သံချပ်ကာယာဉ်အပါအဝင် စစ်ကား အစီး ၄၀ ကျော်ပါဝင်သည့် အင်အား ရာနှင့်ချီသည့် စစ်ကြောင်းသည် အောက်တိုဘာ ၁၂ က ဖလမ်းမြို့သို့ ရောက်ရှိနေသည်။

ဖလမ်းမြို့အနီးမှ ဖြတ်သန်းသွားသည့် သံချပ်ကာ ကား ၂ စီးကို အောက်တိုဘာ ၁၂ က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

စစ်ကြောင်းချီတက်လာရာ လမ်းတစ်လျှောက် ကျေးရွာများကို မီးရှို့ပစ်ခတ်ခဲ့သည့် စစ်တပ်ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း ချုံခိုတိုက်ခိုက်ရန် ကြိုးပမ်းနေသည်။

စစ်ကြောင်းချီတက်ခဲ့သည့် ကလေး- ဖလမ်း လမ်းကြောင်းပေါ်ရှိ သူဖယ်ရွာ ဒေသခံ ၂ ဦးမှာ ကျည်ထိဒဏ်ရာဖြင့် သေဆုံးခဲ့ရာ စစ်ကောင်စီ၏ လက်ချက်ဟု ဒေသခံများက ယူဆနေသည်။

အောက်တိုဘာ ၁၁ ၌ သူဖယ်ရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ဝင်ရောက်လာစဉ် ရွာသူရွာသားများက နီးစပ်ရာ တောင်ယာတဲများသို့ ရှောင်တိမ်းခဲ့ကြပြီး ပျောက်ဆုံးနေသည့် ထိုသူ ၂ ဦးကို အောက်တိုဘာ ၁၃ တွင် လိုက်လံရှာဖွေရာမှ ကျေးရွာအနီး ၁ ဖာလုံခန့်အကွာတွင် ရုပ်အလောင်းများကို တွေ့ရှိခဲ့ရသည်ဟု ရွာသားများက ဆိုသည်။

ကလေး ၂ ဦး ဖခင်ဖြစ်သည့် အသက် ၂၉ နှစ်အရွယ် ကိုထောင်လွန်မန်မှာ ပါးရိုးတွင် သေနတ်ဒဏ်ရာ တစ်ချက်၊ အသက် ၃၄ နှစ်အရွယ် ဆလိုင်းထောင်နေမောမှာ ညာဘက်နံရိုးအောက် ပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း၊ အလောင်းများကို ယမန်နေ့ ညနေပိုင်းတွင် သင်္ဂြိုဟ်ခဲ့ကြောင်း သူဖယ်ရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖလမ်းမြို့တွင် အသစ်ရောက်လာသော စစ်သားများက ခလရ ၂၆၈ တပ်ရင်း၊ မြို့တော်ခန်းမ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် တပ်စွဲထားသည်။

စစ်တပ်က အင်အားအလုံးအရင်းဖြင့် ပြင်ဆင်နေသည့်အတွက် ချင်းပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်မည့် အလားအလာရှိပြီး အခြားဒေသမှ အင်အားကောင်းပြီး အဆင်သင့်ဖြစ်နေသည့် ဒေသခံကာကွယ်ရေးအဖွဲ့များအနေဖြင့် စစ်မျက်နှာဖွင့်ပေးရန် CNDF တာဝန်ရှိသူက တောင်းဆိုသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်တွင် မြို့တော်ဟားခါးမှအပ ကျန် ၈ မြို့နယ်တွင် စက်တင်ဘာ ၂၃ ရက်နေ့မှစ၍ စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသည့်အတွက် သတင်းအချက်အလက်ရရှိရေး ခက်ခဲနေသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button