သတင်း

ဝါယာကြိုးဖြင့် ရိုက်ခံရသည်ဆိုသော အိမ်အကူမိန်းကလေးကိစ္စ အမှုဖွင့်ရန်စီစဉ်နေ

ရန်ကုန်၊ ဩဂုတ် ၉ — ဒလမှ ရန်ကုန်သို့ အလုပ်လာလုပ်သည့် အသက် ၁၆ နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ်တစ်ဦး ဝါယာကြိုးဖြင့် ရိုက်နှက်ခံထားရသည့်ကိစ္စနှင့်ပတ်သက်ပြီး ရိုက်နှက်ခဲ့သည့်အိမ်ရှင်ကို အမှုဖွင့်ရန် ပြင်ဆင်နေသည်ဟု သက်ဆိုင်ရာ ရဲစခန်းက Myanmar Now ကို ယနေ့တွင်ပြောသည်။

ထို မိန်းကလေးမှာ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၆ လမ်းရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူ လုပ်ကိုင်နေ သည့် ဒလမြို့ဇာတိ မချိုပြုံးဖြစ်ပြီး ထိုအိမ်သို့ရောက်သည်မှာ တစ်လသာ ရှိသေးကြောင်း၊ ဩဂုတ်လ ၇ ရက်နေ့တွင် အိမ်ရှင် ဦးကျော်စိုးလင်းက တီဗီနှင့် ဒီဗီဒီစက် ဆက်သွယ်ရသည့် ဝါယာကြိုးဖြင့် ရိုက်နှက်ခြင်းဖြစ်ကြောင်း ကာယကံရှင်မိန်းကလေးက ပြောသည်။

“အမေက ပိုက်ဆံနှစ်သိန်းယူပြီး ကျွန်မကို အိမ်အကူလုပ်ဖို့ ထားခဲ့တာ။ ကျွန်မက ဘာမှမလုပ်တတ်လို့ဆိုပြီး ရိုက်တာ။ ကျွန်မကိုရိုက်တာကို သူ့အမျိုးသမီးက ဝင်တားတာတောင် သူ့အမျိုးသမီးကိုပါ ရိုက်တာ” ဟု ၎င်းက ယနေ့ မနက်ပိုင်းက ဆိုသည်။

ရိုက်နှက်ခံခဲ့ရသည့် မချို့ပြုံး၏ ဒဏ်ရာများ (ဓာတ်ပုံ – အောင်ငြိမ်းချမ်း / Myanmar Now)

တံမြက်စည်းမလှဲတတ်ခြင်း၊ အချက်အပြုတ် မတတ်ခြင်းများကြောင့် ဝါယာကြိုးနှစ်ပင်ပူးကာ ကျောကုန်း၊ ခြေသလုံး၊ ပေါင်များကို ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း မချိုပြုံးက ဆိုသည်။

ယနေ့မနက်ပိုင်း ဆိပ်ကမ်းသာလမ်း အပေါ်ဘလောက်ရှိ ပျံကျဈေးသို့ ဈေးဝယ်ထွက်လာသည့် မချိုပြုံးကို ဒလမြို့တွင် အိမ်နီးနားချင်းဖြစ်ခဲ့သူ ဈေးသည်တစ်ဦးက မှတ်မိသိရှိပြီး ခြေသလုံးရှိ အညိုအမည်းဒဏ်ရာများကို မြင်တွေ့ခဲ့ရာမှ စတင်မေးမြန်းရင်း ဖြစ်စဉ်ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။

အနီးဝန်းကျင် ပြည်သူများက ကျောက်တံတားရဲစခန်းသို့ လှမ်းဆက်သွယ်ရာမှ မိန်းကလေးကို လာရောက် ခေါ်ယူခဲ့ပြီး ဆေးစစ်ချက်ယူရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

ကျောက်တံတားရဲစခန်းက မချိုပြုံးနှင့် မချိုပြုံး၏အစ်မ၊ အိမ်ရှင် ဦးကျော်စိုးလင်း၏တူတော်သူ ကိုထွဋ်ခေါင်တို့၏ ထွက်ဆိုချက်များကို ယူထားပြီး ဒလမှ မချိုပြုံး၏ အမေရောက်လျှင် နာကျင်စေမှုဖြင့် အမှုဖွင့်ခိုင်းမည်ဟု စခန်းမှူး ဒုရဲမှူးတိုးမြို့က ပြောသည်။

အိမ်ရှင် ဦးကျော်စိုးလင်းသည် ယမန်နေ့ညကပင် မက္ကာသို့ ဘုရားဖူးထွက်သွားသည်။

ရိုက်နှက်ခံခဲ့ရသည့် မချို့ပြုံး၏ ဒဏ်ရာများ (ဓာတ်ပုံ – အောင်ငြိမ်းချမ်း / Myanmar Now)

အဆိုပါနေ့က ဦးကျော်စိုးလင်းသည် အပြင်မှပြန်လာစဉ်ကတည်းက ဒေါသထွက်နေသည်ကို တွေ့ရကြောင်း၊ အိမ်အကူဖြစ်သူ မချိုပြုံးကလည်း အိမ်အခန်းတစ်ခန်းထဲတွင်ပင် တံမြက်စည်း လှဲနေသည်မှာ တစ်နာရီနီးပါး ရှိနေသဖြင့် ဦးကျော်စိုးလင်း ဒေါသဖြစ်ကာ ဝါယာကြိုးဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင် သက်သေတစ်ဦးဖြစ်သည့် ဦးကျော်စိုးလင်း၏တူ ကိုထွဋ်ခေါင်က ပြောသည်။

“ကျွန်တော်တို့အမေရဲ့အိမ်မှာ မချိုပြုံးရဲ့ အစ်မ အိမ်အကူလုပ်နေတာဆို ကိုးနှစ်ရှိပြီ။ ဦးကျော်စိုးလင်းတို့အိမ်မှာ အဲ့ဒီနေ့က ကျွန်တော်ကိုယ်တိုင်ရှိနေတာ။ ဦးကျော်စိုးလင်းက ရိုက်တယ် ဆိုတာတော့ ဟုတ်တယ်။ ဒါပေမယ့် ဆုံးမတဲ့သဘောမျိုးနဲ့ပဲလို့ ကျွန်တော်ထင်တယ်။ မချိုပြုံးကလည်း မလုပ်တတ်မကိုင်တတ်တာများ၊ အဲ့ဒီနေ့က ဦးကျော်စိုးလင်းကလည်း အပြင်က ပြန်လာကတည်းက ဒေါသထွက်နေတော့ သူ့ကိုပါ မဲလိုက်တဲ့သဘောမျိုးပါ။ ဦးကျော်စိုးလင်းရဲ့ မိန်းမကိုတောင် ရိုက်တာလာတားရလားဆိုပြီး ရိုက်သေးတယ်” ဟု ၎င်းက ဆိုသည်။

(ဓာတ်ပုံ – အောင်ငြိမ်းချမ်း / Myanmar Now)

မချိုပြုံး၏ မိဘများနှင့် တွေ့ဆုံကာ ပြေလည်မှုရရှိအောင် ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း၊ ကိုကျော်စိုးလင်းအနေဖြင့် ယမန်နေ့ညက မက္ကာသို့ ဘုရားဖူးထွက်သွားသည့်အတွက် ကိစ္စအဝဝကို မိမိကပင် တာဝန်ယူ ဖြေရှင်းသွားမှာဖြစ်ကြောင်း ငြိမ်းချမ်းရေးတည်ဆောက်မှု ကွန်ရက်အဖွဲ့မှ ကိုကျော်လင်းဦးက ဆက်ပြောသည်။

“ဖြစ်သွားတာကတော့ စိတ်အခန့်မသင့်လို့ ရိုးရိုးဆုံးမတာပါပဲဗျာ။ ဦးကျော်စိုးလင်းကလည်း စိတ်သဘောကောင်းတဲ့သူပါပဲ။ သူကိုယ်တိုင်ရိုက်ခဲ့တဲ့အချိန်တုန်းက စိတ်မကောင်းလို့ ကလေးမလေးကိုတောင် မက္ကာမသွားခင် မုန့်ဖိုးတွေဘာတွေ ပေးခဲ့သေးတယ်။ ကလေးမလေးကလည်း ‘အသား (ကျူလီယာ လူမျိုးတို့ အသုံးအရ ‘အဖေ’) မြန်မြန်ပြန်လာ’လို့တောင် ပြောသေးတယ်” ဟု ၎င်းက ဆိုသည်။

Show More

Related Articles

Back to top button