သတင်း

စစ်ကိုင်းနှင့် ချင်းကို ထိုးစစ်တိုးချဲ့ရန် စစ်ကောင်စီပြင်ဆင် 

လက်နက်ကိုင်ခုခံသူများ အားကောင်းသည့် စစ်ကိုင်းတိုင်းနှင့် ချင်းဒေသတို့တွင် အောက်တိုဘာလဆန်းမှစ၍ စစ်ကောင်စီက အင်အားအလုံးအရင်း တိုးမြှင့်ချထားလျက်ရှိနေရာ ယနေ့ (အောက်တိုဘာ ၁၂) မနက်၌ စစ်ကား အစီး ၈၀ ကျော် ပါဝင်သည့် ယာဉ်တန်း ချင်းပြည်နယ်ဘက်ဘက်သို့ ဦးတည်နေသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့မှ တက်လာပြီး ချင်းပြည်နယ်၊ ကန်ပက်လက်ဘက်သို့ ဦးတည်ထွက်ခွာသွားခြင်းဖြစ်မည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ယူဆနေသည်။ 

“တင့်ကား (သံချပ်ကာကား) ၃ စီးရယ်၊ စစ်ကားက စုစုပေါင်း ၈၆ စီး တက်လာနေတယ် ကြားတယ်။ ဒီနေ့မနက်က ပခုက္ကူကနေ စထွက်လာပြီး ခု ပေါက်ကို ကျော်လာပြီလို့ ကြားတယ်” ဟု ကန်ပက်လက်မြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ ဒုတပ်မဟာမှူးက ယနေ့ နေ့လယ်တွင် ပြောသည်။ 

အဆိုပါကားတန်းသည် ယနေ့ ညနေတွင် ယောဒေသ၊ ကျောက်ထုမြို့ လေယာဉ်ကွင်း၌ ရောက်ရှိတပ်စွဲထားကြောင်း ဒေသအခြေစိုက် Zalen News တွင် ဖော်ပြထားသည်။

ကျောက်ထုသည် ချင်းပြည်နယ်ဘက်သို့ တက်ရာလမ်းကြောင်းဖြစ်ပြီး ထိုစစ်ယာဉ်တန်း မည်သည့်ဘက်သို့ ဆက်လက်ထွက်ခွာမည်ကို မသိရသေးပေ။ 

အောက်တိုဘာ ၈ တွင်လည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့မှ စစ်ကား အစီး ၄၀ ကျော်နှင့် သံချပ်ကာယာဉ် ၂ စီး ပါဝင်သော ယာဉ်တန်း ကလေးမြို့သို့ ရောက်သွားခဲ့ပြီးဖြစ်သည်။ နောက်တစ်နေ့တွင် သံချပ်ကာ ၂ စီးနှင့် စစ်ကား ၁၄ စီးသည် တီးတိန်မြို့ဘက်သို့ ထွက်သွားပြီး အောက်တိုဘာ ၁၁ တွင် ကျန်ကားများက ချင်းပြည်နယ်အထက်ဘက်သို့ ထွက်ခွာသွားကြသည်။

အောက်တိုဘာ ၁၀ ညတွင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) အခြေစိုက်ပြီး တပ်ရင်း ၁၀ ခု နီးပါးရှိသည့် ကလေးမြို့မှ စစ်တပ်မိသားစုဝင် ၃၀ နီးပါး လေယာဉ်ဖြင့် ရွှေ့ပြောင်းထွက်ခွာသွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကလေးမြို့ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

“လေယာဉ်တွေ ဝဲတာရော၊ စစ်အင်အားတွေ ဖြည့်တာရော၊ သံချပ်ကာကားတွေရော ဆိုတော့ မကြာခင်တော့ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေဖြစ်တော့မယ်ဆိုပြီး ပြောနေကြတာလည်း ရှိတော့ အဲ့လိုမျိုး (စစ်တပ်မိသားစုဝင်တွေ) ထွက်သွားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့” ဟု ထိုဒေသခံက ပြောသည်။ 

“ဒါပေမဲ့ အားလုံးချည်းတော့ မဟုတ်ဘူး။ (စစ်တပ်) တကယ့်ထိပ်ပိုင်းလောက်ပဲ။ အောက်ခြေ စစ်သား၊ သားသမီးတွေကတော့ ဒီအတိုင်းပဲရှိတယ်”  

စစ်အင်အားဖြည့်တင်းမှု၊ စစ်တပ်မိသားစုဝင်များ ရွှေ့ပြောင်းမှုများကြောင့် စစ်ကောင်စီတပ်က ချင်းဒေသကို ထိုးစစ်ဆင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ ချင်းနှင့် နယ်မြေထိစပ်ပြီး လက်နက်ကိုင်ခုခံသူများပြားသည့် စစ်ကိုင်းဒေသကိုပါ ပြင်းပြင်းထန်ထန်တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းလည်းဖြစ်ကြောင်း ဒေသခံများနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ (PDF/CDF) က ခန့်မှန်းနေကြသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့တော်လှန်ရေးစတင်ကြောင်း စက်တင်ဘာ ၇ တွင် ကြေညာခဲ့ပြီးနောက် ဒေသခံကာကွယ်ရေးအဖွဲ့များ၏ လက်နက်ကိုင်ခုခံတိုက်ခိုက်မှု နှစ်ဆနီးပါး တိုးလာခဲ့ပြီး စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် ခုခံမှုအများဆုံးဖြစ်သည်။

ကလေးမြို့မှ ထွက်ခွာသွားသည့် စစ်ယာဉ်တန်းကို ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးမှ ဖြတ်သန်းသွားသည်ကို အောက်တိုဘာ ၁၂ တွင် တွေ့မြင်ရစဉ်။ (ဓာတ်ပုံ- The Chin Journal)

NUG ၏ မှတ်တမ်းအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်တင်ဘာအတွင်း လက်နက်ကိုင်ခုခံမှု ၁၂၃ ခု ဖြစ်ပွားခဲ့သည့်အနက် ချင်းပြည်နယ်၌ ၁၆ ခု၊ စစ်ကိုင်းတိုင်းတွင် ၅၃ ခု ဖြစ်ပွားခဲ့သည်။ 

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ဘက်တွင် ခုခံတော်လှန်မှု များပြားသဖြင့် စစ်တပ်က အင်အားအလုံးအရင်း တိုးချဲ့နေခြင်းဖြစ်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု – CDM တွင် ပါဝင်ထားသည့် ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။ 

“အားကောင်းလာတဲ့နေရာကို ချိုးမှာကတော့ ဒါက စကစရဲ့ စစ်နည်းဗျူဟာပဲ။ သူက အများဆုံးဖြစ်တဲ့နေရာ။ တိုက်စစ်အဟုန် ရပ်သွားရင်တောင် အစိတ်စိတ်အမြွှာမြွှာ ခွဲပစ်လိုက်မှာ” ဟု သူက သုံးသပ်သည်။

စစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ ထိုဒေသ ၂ နှစ်ခု၏ စစ်ဆင်ရေးများကို ကိုင်တွယ်ရန် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် တာဝန်ပေးအပ်ထားသည်ဟု ဆိုသည်။ 

စစ်ကောင်စီက ယောနယ်ဘက်ကို ယခင်ကထက် သိသိသာသာ အင်အားချထားသည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

“အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်ကနေပြီးတော့ ယောဒေသပါမယ်၊ ချင်းဒေသပါမယ်၊ စစ်ကိုင်းဒေသပိုင်း ပါမယ်ပေါ့။ အဲဒီဘက်တွေကို သူတို့ထိုးစစ်အနေနဲ့ တိုက်နေတာမျိုးတွေ ရှိမယ်ဗျ။ အဲဒီတော့ ကျွန်တော်တို့က ခုခံနေရတဲ့အနေအထားမှာပဲ ရှိပါသေးတယ်” ဟု သူက ပြောသည်။

လက်နက်၊ လူအင်အား သာလွန်ပြီး ထိုးစစ်ဆင်လာမည့် စစ်တပ်ကို ရင်ဆိုင်ရန် အသင့်ရှိသော်လည်း NUG ထံမှ လက်နက်အကူအညီကို ဒေသခံကာကွယ်ရေးအဖွဲ့များက လိုလားနေကြသည်။ 

လက်ရှိတွင် စစ်ကိုင်း၊ မကွေး ဒေသခံကာကွယ်ရေးအဖွဲ့များက ချင်းပြည်နယ်သို့ ဦးတည်နေသည့် စစ်ကောင်စီယာဉ်တန်းများကို မိုင်းဆွဲတိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။

ယာဉ်တန်းများ ဖြတ်သန်းသွားရာ ပုံတောင်ပုံညာတောင်တန်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ အထိနာနေပြီး တိုက်ပွဲများပြင်းထန်လာမည့် အခြေအနေရှိနေကြောင်း ပုလဲမြို့နယ်ဒေသခံကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။ 

“ဒီရက်ပိုင်းတွေမှာ စစ်ကောင်စီက တစ်ကြိမ်ပြီးတစ်ကြိမ် သုံးရက်ခြား၊ လေးရက်ခြား အင်အားတိုးမြှင့်ပြီးတော့ ထိုးစစ်ဆင်နေတာ တွေ့တယ်။ ဒါက သူတို့နဲ့ ကျွန်တော်တို့အနေအထားမှာ တဖြည်းဖြည်း စစ်ရေးအနေအထား မြင့်လာဖို့ပဲ ရှိတယ်။ တစ်ဖက်ဖက်က ရှုံးနိမ့်မသွားမချင်း ရှေ့ရောက်လေ ပြင်းထန်လေဖြစ်မှာပဲ”ဟု ၎င်းက ဆိုသည်။ 

ထိုအခြေအနေများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရပုဂ္ဂိုလ် Ravina Shamdasani က အင်တာနက်ဖြတ်တောက်ထားသည့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းမှ မြို့နယ်တချို့တွင် လက်နက်ကြီး၊ စစ်အင်အားအမြောက်အမြား အားဖြည့်ထားပြီး အဆင့်မြင့်စစ်ဗိုလ်ချုပ်နှစ်ဦးကို နေရာချထားသည့် သတင်းများကြောင့် စိုးရိမ်ပူပန်နေသည်ဟု အောက်တိုဘာ ၈ တွင် ထုတ်ပြန်ခဲ့သည်။ 

ပြီးခဲ့သည့်လပိုင်းအတွင်း စစ်တပ်က ၎င်းဒေသများရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်း အပါအဝင် စစ်တပ်၏ ကျူးလွန်မှုအထောက်အထားများရရှိထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂ၏ အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိုးစစ်ဆင်ခံရမည်ဟု ယူဆရသည့် ဒေသများဘက်တွင် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသည်။ 

ဒေသခံတချို့မှာ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသောကြောင့် စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ကနီမြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

“လူထုကြားထဲမှာ သတင်းမှားတွေ၊ ဆိုက်ဝါးတွေကတော့ ကျယ်ကျယ်ပြန့်ပြန့်များလာတာ။ လူထုတွေမှာတော့ သတင်းမှန်ကို သိဖို့ ခက်ခက်ခဲခဲရှိတာပေါ့။ အခု ပြည်သူလူထုတွေမှာတော့ ဂျင်းသတင်း( သတင်းမှား) တွေ ကြားပြီး ကြောက်ပြီး ပြေးရလွှားရတာတွေ ရှိလာတယ်” ဟု သူက ဆိုသည်။

ကုလသမဂ္ဂဆိုင်ရာမဟာမင်းကြီးရုံးက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်တပ်၏ လုပ်ရပ်များ အရှိန်လျော့စေရေး တွန်းအားပေးရန်၊ အရပ်သားများ၏ အိုးအိမ်နှင့် ပိုင်ဆိုင်မှုများ အကာအကွယ်ပေးရန်၊ လိုအပ်သူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးအတွက် တိုက်တွန်းထားသည်။ 

တိုက်ပွဲကြီးများ မဖြစ်သေးသော်လည်း ဒေသခံကာကွယ်ရေးအဖွဲ့များက စစ်ရေးပြင်ဆင်နေကြပြီး ဒေသခံများကလည်း လုံခြုံသည့်နေရာသို့ တိမ်းရှောင်ရေး စီစဉ်နေကြသည်။ 

ချင်းတောင်ပေါ်သို့ စစ်ကောင်စီတပ်ယာဉ်တန်း ရောက်ရှိလာပြီး စစ်သည်အင်အား၊ လက်နက်အင်အား ဖြည့်တင်းထားသည်ကို သိရှိကြောင်း၊ စစ်ကောင်စီတပ် အင်အားလျော့နည်းသွားသည့် ဒေသများတွင် အန်တုမှု ပိုမိုလုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက အောက်တိုဘာ ၁၂ တွင် Myanmar Now ကို ပြောသည်။

“လက်နက်ကိုင်တော်လှန်နေတဲ့သူဆိုရင် စစ်တပ်ရဲ့ ပျော့တဲ့နေရာတိုင်းတွေမှာ ထိုးစစ်ဆင်နိုင်ရင်တော့ ကောင်းတာပေါ့” ဟု CDF အရာရှိက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button