သတင်း

ထီးချိုင့်တွင် ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်တစ်ဦး စစ်ကြောရေးအတွင်း သေဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ဝင်ဟူသော သံသယဖြင့် ဖမ်းဆီးခံရသူ အမျိုးသားတစ်ဦး စစ်ကောင်စီ၏ စစ်ကြောရေးအတွင်း သေဆုံးခဲ့သည်။

ဖမ်းဆီးခံရပြီး နာရီပိုင်းအတွင်း သေဆုံးခဲ့သူမှာ အသက် ၂၅ နှစ်အရွယ် ကိုဇော်မျိုးထွန်း (ခ) ကိုပေါက်စီ ဆိုသူဖြစ်ပြီး ထီးချိုင့်မြို့နယ် အင်းတိန်ရွာတွင် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသူဖြစ်ကာ အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းက ထီးချိုင့်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ရသည်ဟု သိရသည်။ 

ဆိုင်ကယ်အပိုပစ္စည်းထည့်ရာ Tool Box အတွင်းမှ ကျည်ဆန်ခွံတစ်ခု တွေ့သည်ဆိုကာ ထီးချိုင့်မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ည ၈ နာရီဝန်းကျင်တွင် သေဆုံးကြောင်း အကြောင်းကြားခဲ့သည်ဟု ကိုဇော်မျိုးထွန်း၏ မိသားစုနှင့် နီးစပ်သူက ဆိုသည်။ 

“ထီးချိုင့်မြို့အဝင်ဂိတ်နားမှာ ဆိုင်ကယ်တွေ စစ်တော့ (Tool Box) ထဲက ကျည်ဆန်တစ်တောင့်တွေ့တာ။ အဲ့ဒီတော့ ဖမ်းပြီးတော့ သေနတ်ဒင်တွေနဲ့ ရိုက်ပြီး တောက်လျှောက်စစ်တာ သေသွားတာ။ အဲ့ဒီတော့မှ အလောင်းလာယူခိုင်းတာ။ ည ၈ ခွဲ ၉ နာရီလောက်မှာ အကြောင်းကြားတယ်။ မသွားရဲကြဘူး။ နောက်ရက် မနက်မှပဲ သွားယူပြီးတော့ သင်္ဂြိုဟ်လိုက်ရတယ်” ဟု အဆိုပါနီးစပ်သူက Myanmar Now ကို ပြောသည်။ 

ကိုဇော်မျိုးထွန်းကို ဖမ်းဆီးနှိပ်စက်၊ စစ်ဆေးမေးမြန်းခဲ့သည့် ထီးချိုင့်ရဲစခန်းတွင် နယ်မြေခံရဲများသာမက စစ်တပ်ကပါ တပ်စွဲနေရာယူထားသည်မှာ နှစ်လကျော်ရှိပြီဖြစ်ကြောင်း သိရသည်။ 

အောက်တိုဘာ ၉ နံနက်က ကိုဇော်မျိုးထွန်း ရုပ်အလောင်းကို ထီးချိုင့်မြို့ရင်ခွဲရုံ၌ သွားရောက်ထုတ်ယူချိန်တွင် ဦးခေါင်းမှာ ရိုက်နှက်ခံထားရသည့် ညိုမည်းဒဏ်ရာများတွေ့ရကြောင်း မျက်မြင်တွေ့ရှိခဲ့သူများကို ကိုးကားလျက် အထက်ပါ နီးစပ်သူက ပြောသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူ ကိုဇော်မျိုးထွန်း၏ ရုပ်အလောင်းကို အောက်တိုဘာ ၉ က ထီးချိုင့်မြို့သုသာန်၌ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

“မိသားစုတွေဘက်ကတော့ မကျေနပ်ပေမဲ့လည်း အခုချိန်မှာ ပြောလို့၊ တိုင်လို့ရတဲ့အနေအထားလည်း မဟုတ်ဘူးဆိုတော့ ဒီအတိုင်းပဲ သူနဲ့ ဆက်စပ်ရာဆက်စပ်ကြောင်းတွေလည်း လိုက်ရှာနေတော့ အကုန်ပြေးနေရတာ” ဟု ၎င်းက ဆိုသည်။ 

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ အချက်အလက်ကောက်ယူစုဆောင်းနေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အချက်အလက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်မှ အောက်တိုဘာ ၉ အထိ ပြည်သူ ၁၁၆၁ ဦး သေဆုံးခဲ့သည့်အနက် စစ်ကြောရေး၌ သေဆုံးသူ ၄၀ နီးပါး ပါဝင်သည်။ 

ဒေသခံကာကွယ်ရေးအဖွဲ့များ အားကောင်းသည့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင် အောက်တိုဘာ ၃ နှင့် ၄ ၌  အလယ်တောရွာရဲစခန်းနှင့် ​ကမ်းနီရဲစခန်းတို့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် စစ်ကောင်စီက ထီးချိုင့်မြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကို ဝင်ရောက်မွှေနှောက်ပြီး တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထား ဖမ်းဆီးလျက်ရှိသည်။ 

ထီးချိုင့်မြို့ပေါ်တွင် အောက်တိုဘာ ၇ နှင့် ၈ ရက်က အသက်မပြည့်သေးသူ သုံးဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထောက်ခံသူများအပါအဝင် ၁၃ ဦး ဖမ်းဆီးခံထားရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button