သတင်း

ထီးချိုင့်မြို့တွင် ရဲကင်းစခန်းများ နှစ်ရက်ဆက်တိုက်မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကမ်းနီရဲကင်းစခန်းကို ယမန်နေ့ (အောက်တိုဘာ ၄ ) ၁၀ နာရီဝန်းကျင်တွင် ဒေသခံကာကွယ်ရေးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ရာ နှစ်ရက်ဆက်တိုက် ရဲကင်းစခန်း ၂ ခု မီးရှို့ခံရခြင်း ဖြစ်သည်။ 

ထီးချိုင့်မြို့နှင့် ၄ မိုင်ခန့်အကွာရှိ ထိုစခန်းမှ အချုပ်ခန်းနှင့် ဝန်ထမ်းတန်းလျားအဆောက်အအုံတို့ လောင်ကျွမ်းခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

“အချုပ်ခန်းရယ်၊ အချုပ်ခန်းနောက်က ဝန်ထမ်းတန်းလျားရယ် ရှို့လိုက်တာ။ ရှို့ပြီးမှ သေနတ် ၄၊ ၅ ချက်လောက် ဖောက်ပြီး ပြန်သွားတာ။ ရဲတစ်ယောက်မှ မရှိဘူး။ မိသားစုတွေလည်း မရှိဘူး” ဟု ထီးချိုင့်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ 

ထိုစခန်းများကို လွန်ခဲ့သည့် ၄ လခန့်ကတည်းက စွန့်ခွာသွားကြပြီးဖြစ်သော်လည်း စစ်ကောင်စီတပ်က ကျေးရွာများသို့ လာရောက်လျှင် ဝင်ရောက် စခန်းချလေ့ရှိသည့်အတွက် မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ 

“လူမရှိတာ၊ ရှိတာပဲ ကွာတာ။ ရဲကင်းတွေ အကုန်လုံးကို သူတို့က ထိန်းချုပ်ထားတာဖြစ်တဲ့အတွက် သက်ရောက်မှုကတော့ ရှိတယ်။ နယ်မြေခံရဲကင်းဆိုတာကလည်း မြို့နယ်မှာ ၅ ခုလောက်ပဲရှိတာ။ အခုရှို့လိုက်တာက တိုက်နယ်ကြီးတွေဖြစ်နေတဲ့အတွက် ဒီဥစ္စာကို လုပ်ပြီးသွားရင်တော့ မြို့နယ်ရဲစခန်းကို သိမ်းရုံပဲရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ဆင့်ချင်းသွားမဲ့သဘောရှိတယ်။ အောက်ခြေကနေ စဖြိုတဲ့သဘောပါ” ဟု ဒေသခံကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

ထီးချိုင့်နှင့် အနီးဝန်းကျင် မြို့များ

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၉ ထုတ်ပြန်ထားသည့် အချက်အလက်များအရ လူဦးရေ ၁၂၀,၀၀၀ ကျော်ရှိ ထီးချိုင့်မြို့နယ်တွင် နယ်မြေခံရဲကင်းစခန်း ၅ ခု ရှိသည်။ 

မီးရှို့ခံလိုက်ရသည့် ထိုရဲကင်းစခန်း ၂ ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လာရောက်စစ်ဆေးခြင်း မရှိသေးကြောင်း၊ ထီးချိုင့်မြို့ပေါ်တွင် လုံခြုံရေးအင်အား တင်းကျပ်ထားသည့် အခြေအနေမှာ ပုံမှန်အတိုင်းသာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

ထီးချိုင့်မြို့တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ စက်တင်ဘာလကုန် နောက်ဆုံးထားနုတ်ထွက်ကြရန် ဒေသခံကာကွယ်ရေးအဖွဲ့က သတိပေးပြီး ရက်ပိုင်းအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃၀ ကျော်အနက် အားလုံးနီးပါး နုတ်ထွက်ခဲ့သဖြင့် ထိုဒေသတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားမှာ ရပ်တန့်လုနီးပါးဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။ 

ဧရာဝတီမြစ်ဘေးတွင် တည်ရှိသော ထီးချိုင့်နှင့် အနီးဝန်းကျင်မြို့များတွင် PDF အဖွဲ့အများအပြား လှုပ်ရှားလျက်ရှိသည်။ 

တစ်နိုင်ငံလုံး ပြည်သူ့တော်လှန်ရေးစတင်ရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် ဒေသအလိုက် စစ်အာဏာရှင်ထောက်တိုင်အဖွဲ့အစည်းများကို ပစ်မှတ်ထားထိန်းချုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ၌ ကြေညာပြီးနောက် ယခင်ကတည်းက လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် စစ်ကောင်စီအခြေစိုက်စခန်းများ၊ ရဲကင်းစခန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှု အရှိန်မြင့်လာသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝင်းမနားကျေးရွာရဲစခန်းငယ်တစ်ခုကို ဒေသခံကာကွယ်ရေးအဖွဲ့များက စက်တင်ဘာ ၁၁ တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က လေကြောင်းဖြင့်ပါ ပြန်လည်ခုခံပြီးနောက်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များ ဆုတ်ခွာခဲ့ရသည်။ 

ယင်းနေ့မှာပင် အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ လုံလဲရ်ရွာရှိ စစ်ကောင်စီအခြေစိုက် တပ်စခန်းတစ်ခုကို ဒေသခံ ချင်းလက်နက်ကိုင်အဖွဲ့နှစ်ခု ပူးပေါင်းတိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button