သတင်း

ပလက်ဝတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်၊ တစ်ဦး သေ

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်တွင် (အောက်တိုဘာ ၆) ယမန်နေ့ ညနေ ၄ နာရီခန့်က ဖြစ်ပွားသော အချင်းချင်းပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု မြို့ခံများက ပြောသည်။

ရိက္ခာရပ်ကွက်အတွင်း စစ်သားများ တပ်စွဲထားသည့် သာသနာပြုဘုန်းကြီးကျောင်းတွင် သေဆုံးခြင်း ဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက Myanmar Now ကို ပြောသည်။

“စစ်သားအချင်းချင်း ပစ်ကြတာလို့ သိရတယ်။ သူတို့အချင်းချင်း ရန်ဖြစ်ကြတာလား၊ ဘာဖြစ်ကြတာလဲဆိုတာကို မသိရဘူး။ စစ်သားတစ်ယောက် သေတယ်လို့ပဲ ကြားတယ်။ ဒီနေ့ မနက်ပိုင်းမှာ သုံးဘီးနဲ့ အခေါင်းတစ်ခု သယ်တာတွေ့လို့ သိရတာ “ ဟု ရိက္ခာရပ်ကွက်တွင် နေထိုင်သူ အမျိုးသားက ပြောသည်။

ဘုန်းကြီးကျောင်းအတွင်း အဆောင်တစ်ခုမှ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး မိနစ်ပိုင်းအတွင်း လက်နက်ငယ်အသံနှစ်ချက်ထွက်ပေါ်ခဲ့ကြောင်း ရိက္ခာရပ်ကွက်နေ တခြားမြို့ခံတစ်ဦးက ဆိုသည်။

“တပ်ဖွဲ့ဝင်အချင်းချင်း စကားများကြလို့ ပစ်ခတ်မှုဖြစ်တာလို့ သိရတယ်” ဟု ၎င်းမြို့ခံက ပြောသည်။

အဆိုပါ စစ်ကြောင်းမှာ ယခင်က မြို့အနောက်ဘက် တောင်ကုန်းပေါ်တွင် စခန်းချပြီး မကြာသေးခင်ကမှ မြို့ပေါ်ရှိ သာသနာပြုဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့တပ်စွဲလာခြင်းဖြစ်သည်ဟု အထက်ပါမြို့ခံက ဆိုသည်။

ပလက်ဝဒေသသည် ရခိုင်ပြည်နယ်တွင် စစ်ဖြစ်နေသည့်ကာလအတွင်း စစ်ရေးအခြေအနေ တင်းမာခဲ့သည်။ 

မေ ၂၈ က ပလက်ဝမြို့၌ မြန်မာ့စီးပွားရေးဘဏ်ရှေ့နှင့် မြို့နယ်ထွေအုပ်ရုံးရှေ့ ပေါက်ကွဲမှုဖြစ်ရာ စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးကာ ချင်းဒေသကာကွယ်ရေးအဖွဲ့-ပလက်ဝ (CDF- ပလက်ဝ) နှင့် ဆက်စပ်သည်ဟု ယူဆခံရသည့် ဒေသခံတချို့ ဖမ်းဆီးခံခဲ့ရသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button