သတင်း

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တရုတ်က ပိတ်ပင်

မြန်မာ၏ အဓိကကုန်သွယ်ဖက် တရုတ်က ကိုဗစ်နိုင်တင်း (Covid-19) ထိန်းချုပ်ရေးအကြောင်းပြချက်ဖြင့် နယ်စပ်ကုန်သွယ်မှုကို ကန့်သတ်ပိတ်ပင်လျက်ရှိရာ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုလည်း ယနေ့ (အောက်တိုဘာ ၆) ရက်တွင် စတင်ပိတ်ပင်လိုက်သည်ဟု သိရသည်။

ယခုနှစ်အတွင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၅၀ ကျော်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိတ်မှတစ်ဆင့် မြန်မာပို့ကုန်များတင်ပို့ခြင်းကို အာဏာသိမ်းပြီးသုံးလကြာကတည်းက တရုတ်က ကန့်သတ်ထားခဲ့သည်။

ယခုအခါ မြန်မာပို့ကုန်အပြင် ကိုဗစ်နိုင်တင်းကာကွယ်ကုသရေးပစ္စည်းများမှလွဲ၍ တရုတ်ကုန်ပစ္စည်းများ တင်သွင်းရောင်းချမှုကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ကွမ်းလုံ-ဟိုပန်-ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးအသင်းမှ အမည်မဖော်လိုသူ ကုန်သည်တစ်ဦးက Myanmar Now ကို ပြောသည်။

“ဒီဘက် (ပို့ကုန်) ကိုတော့ လုံးဝလက်မခံတာ။ ကိုဗစ်ပစ္စည်းပဲ ပေးသွင်းမယ်ဆိုပြီးတော့ ဖွင့်ပေးတဲ့နောက်ပိုင်း တဖြည်းတဖြည်းနဲ့ တခြားကုန်တွေပါ ရောလာတာလေ။ ရောလာတော့ (အခြားကုန်သွယ်ဇုန်မှ) ကုန်သည်တွေနဲ့ စကားများတာထင်တယ်။ ထင်တာပြောတာ။ မူဆယ်ကျတော့ ပိတ်ထားတယ်။ ဒီဘက်က ဖွင့်ထားတယ်လေ” ဟု ၎င်းက တရုတ်၏ ပိတ်ပင်မှုအပေါ် သုံးသပ်သည်။

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ချင်းရွှေဟော်ကုန်သွယ်ရေးဇုန်သည် ပို့ကုန်အလေးသာသည့် ကုန်သွယ်ရေးဇုန်ဖြစ်ပြီး သွင်းကုန်အနေဖြင့် ဟင်းချိုမှုန့်၊ ဆပ်ပြာမှုန့်၊ လူသုံးကုန်များနှင့် စားသောက်ကုန်များ တင်သွင်းသောကြောင့် သွင်းကုန်နှင့် ပတ်သက်၍ သက်ရောက်မှုမကြီးမားကြောင်း အထက်ပါ ကုန်သည်က ဆိုသည်။

သို့သော် မြန်မာဘက်မှ ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ ပြောင်းနှင့် ကြံတို့ အင်တိုက်အားတိုက်တင်ပို့နေသော ကုန်သွယ်ရေးဂိတ်ဖြစ်ရာ ယခုအချိန်တွင် ပို့ကုန်များရပ်ဆိုင်းသွားပြီး ပဲတီစိမ်း၊ ငရုတ်သီးတန်ချိန်အများအပြား ဂိုဒေါင်များ၌ ပိတ်မိကာ ပျက်စီးဆုံးရှုံးတော့မည့် အခြေအနေကြုံနေကြောင်း ၎င်းက ပြောသည်။ 

“အခု တော်တော်ကို ဒုက္ခရောက်ကုန်တယ်။ ဒီဘက်ပေါက်ကမရလို့ မူဆယ်ဘက်ပြေးတော့လည်း မူဆယ်ကမရလို့ ဒီဘက်ပြန်ပြေးလာတယ်။ သူတို့မှာ ပတ်ချာ ပြေးသွားပြေးလာနဲ့ စရိတ်နဲ့တင် မွဲသေပြီ။ ငရုတ်သီးကုန်သည်ဆိုရင် လူတောင်မဖြစ်ချင်တော့ဘူး” ဟု အဆိုပါကုန်သည်က ဆက်ပြောသည်။

တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီးနှင့် ချင်းရွှေဟော် စသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်အားလုံးကို တရုတ်ဘက်က ကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးကို မှီခိုလုပ်ကိုင်သူများ အထိနာကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များက ဆိုသည်။ 

အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ်ကို ကာလရှည်ပိတ်ထားသောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် လျော့ကျသွားကြောင်း စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနစာရင်းအရ သိရသည်။

ထိုသို့ ကန့်သတ်ပိတ်ပင်မှုကြောင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျယ်ဂေါင်မြို့တွင် ကုန်ပစ္စည်းတင်ကား အစီးရေ ၆၀၀ ကျော် ပိတ်မိနေသည်ဟု သိရသည်။ ထိုပိတ်မိနေသော ကုန်ပစ္စည်းများကို သတ်မှတ်ချက်နှင့်အညီ သယ်ယူခွင့်ပေးမည်ဟု တရုတ်အာဏာပိုင်များက ကြေညာထားသည်။

မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ ခုရှိပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ် စက်တင်ဘာ ၂၄ အထိ နယ်စပ်မှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၆  ဘီလျံကျော် ကုန်သွယ်ထားပြီး ယခင်နှစ်နှင့် ယှဉ်လျှင် ဒေါ်လာ ၈၃၂ သန်းကျော် လျော့နည်းကြောင်း စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနစာရင်းများတွင် တွေ့ရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button