အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗကသဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို ၅၀၅ ဖြင့် ထပ်အမှုဖွင့်

စစ်ကောင်စီက ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို ယမန်နေ့ (အောက်တိုဘာ ၅) တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ ဖြင့် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တရားရုံး၌ ထပ်မံတရားစွဲဆိုလိုက်သည်ဟု ၎င်း၏ ရှေ့နေက ပြောသည်။

ယမန်နေ့က ကျောက်တံတားနှင့် ကမာရွတ်မြို့နယ် တရားရုံးတို့တွင် ရုံးထုတ်စစ်ဆေးစဉ် ထိုသို့ ကြားသိရခြင်းဖြစ်ကြောင်း ၎င်းဘက်မှ လိုက်ပါဆောင်ရွက်သူ ရှေ့နေ ဦးသက်နောင်က Myanmar Now ကို ပြောသည်။

“ရုံးတွေ၊ ထောင်တွေ ပိတ်ထားပြီး ကျွန်တော်တို့က မတွေ့ရတဲ့အခါကျတော့ မနေ့က သူက ကျောက်တံတားနဲ့ ကမာရွတ်မှာ ရုံးပြန်ထွက်တော့ သူ့ကို မရမ်းကုန်းကနေပြီး ၅၀၅ နဲ့ ထပ်စွဲထားတယ်ဆိုတာ အကြမ်းဖျင်းသိရတာပေါ့။ ဒီပုဒ်မနဲ့ပဲ နောက်တစ်မြို့နယ်က ထပ်စွဲတာပေါ့။ ကျွန်တော်တို့က ရှေ့နေပါဝါ မတင်ရသေးဘူး။ အဲ့ဒီ (ယမန်နေ့) ရုံးချိန်းကလည်း ကျွန်တော်တို့ မဝင်ရသေးဘူး”ဟု ၎င်းက ဆိုသည်။ 

ကျောက်တံတားတရားရုံးတွင် ငြိမ်းစုစီ ပုဒ်မ ၁၉၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)၊ ကမာရွတ်တရားရုံးတွင် ပုဒ်မ ၅၀၅-က တို့ဖြင့် စွဲဆိုခံထားရပြီး ဖြစ်သည်။

မတ်လအတွင်းက ဖမ်းဆီးခံရသူ ကိုဝေယံဖြိုးမိုး အင်းစိန်ထောင်၌ ချုပ်နှောင်ခံထားရသည်ဟု ရှေ့နေက ပြောသည်။

“သူတို့ကတော့ နေကောင်းပါတယ်။ သူ့ကိုတော့ ရာဇဝတ်သားတွေနဲ့ပဲ ရောထားသေးတာပေါ့။ ပြစ်မှုကြီးတွေ၊ မုဒိမ်းမှုတို့၊ မူးယစ်ဆေးဝါးတို့ စတဲ့သူတွေနဲ့ အတူထားတာပေါ့။ သူ့ရဲ့လုံခြုံရေးကိုတော့ စိုးရိမ်တယ်။ ထောင်ပိုင်တွေကို ပြောထားတယ်။ ရွှေ့ပေးမယ်လို့ ပြောထားတယ်ပေါ့နော်။ ဒါပေမဲ့ အခုချိန်ထိတော့ မရွှေ့ပေးသေးဘူး။ ရွှေ့ခိုင်းထားတာလည်း အတော်ကြီးကို ကြာနေပြီ။ အခြားသူတွေကတော့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပဲ အတူထားတာပေါ့” ဟု ရှေ့နေက ဆိုသည်။

မတ်လ ၃ ရက်နေ့က တာမွေမြို့နယ်တွင် စစ်အာဏာရှင်ကို အလိုမရှိကြောင်း ချီတက်ဆန္ဒပြနေသည့် အထွေထွေသပိတ်ကော်မတီစစ်ကြောင်းကို စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းရာ ကိုဝေယံဖြိုးမိုးအပါအဝင် ကျောင်းသား၊ ပြည်သူ ၅၀၀ ခန့် ဖမ်းဆီးခံရသည်။ 

ထို့နောက် ကိုဝေယံဖြိုးမိုးအပါအဝင် ကျောင်းသားလူငယ် ၇ ဦးကို ထောင်အာဏာပိုင်များက အင်းစိန်အကျဉ်းထောင်၏ ထောင်စည်းကမ်းများဖတ်ရန် ခိုင်းစေမှုကို ငြင်းဆန်ခဲ့ကြသဖြင့် ဧပြီ ၂၂ တွင် တစ်ပတ်ကြာ တိုက်ပိတ်ခဲ့သည်။ 

ထို့နောက် ၎င်းတို့ ၇ ဦး အင်းစိန်ထောင်အတွင်း နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ရာဇဝတ်သားအများအပြားရှိရာ အဆောင်သို့ ပို့ဆောင်ခံခဲ့ရပြီး အကျပ်ကိုင်ငွေတောင်းခံရခြင်း၊ အလုပ်ကြမ်းခိုင်းစေခြင်းနှင့် အသက်အန္တရာယ်ဖြစ်စေနိုင်လောက်သည့် ခြိမ်းခြောက်မှုများပင် ကြုံတွေ့ခဲ့ရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button