သတင်း

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းကို ယနေ့ (အောက်တိုဘာ ၅) မနက်တွင် မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗန်းမော်မြို့မှ တက်လာသည့် စစ်ကား ၁၀ စီးကျော်ပါသည့် ယာဉ်တန်းကို မိုးမောက်မြို့အထွက် မြို့သစ်ကျေးရွာအနီးမရောက်မီ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဘယ်လောက်အထိ ထိခိုက်ပျက်စီးတယ်ဆိုတာကတော့ သဲသဲကွဲကွဲ မသိသေးဘူး။ မိုင်းနဲ့ တိုက်ခိုက်တယ်ဆိုတော့ အနည်းအများကတော့ ထိခိုက်မှုတော့ ရှိမှာပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။

ဒေသတွင်းသတင်းဌာနများတွင် ပျက်သွားသည့်ကား ၃ စီး အနည်းဆုံးရှိသည်ဟု ဒေသခံများကို ကိုးကား၍ ရေးသားထားကြသည်။

မိုးမောက်မြို့နှင့် ဒေါ့ဖုန်းယန်မြို့များမှာ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် မိုင် ၅၀ ဝန်းကျင်ခန့်သာဝေးကာ ပြီးခဲ့သည့် စက်တင်ဘာအတွင်း အဆိုပါမြို့နယ်များမှ စစ်ကောင်စီအင်အား ၄၀၀ ခန့် လိုင်ဇာဘက်သို့ ဦးတည်ထွက်ခွာသွားသည်ဟု ဒေသတွင်းသတင်းများက ရေးသားဖော်ပြထားကြသည်။

မြို့သစ်ကျေးရွာမှာ မိုးမောက်မြို့နယ်နှင့် ဒေါ့ဖုန်းယန်မြို့နယ်နှစ်ခုကြားတွင် ရှိသည်။

ပြီးခဲ့သည့် မေလ ၃ တွင် မြို့သစ်ကျေးရွာအနီးရှိ စလောင်းကုန်းစခန်းတိုက်ပွဲအတွင်း တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချခဲ့သည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့် နေရာများထဲတွင် မြစ်ကြီးနား-တနိုင်း-ရှင်ဗွေယန်တို့ကို ဆက်သွယ်ထားသည့် နာမည်ကြီး လီဒိုလမ်းပေါ်မှ ဒေသတချို့လည်း ပါဝင်သည်။

တနိုင်းမြို့နယ် လီဒိုလမ်းမတစ်လျှောက်လှုပ်ရှားနေသည့် စစ်တပ်စစ်ကြောင်းများကို ယမန်နေ့ (အောက်တိုဘာ ၄) မနက်က တိန်ကောက်နှင့် ကောင်ရာရွာများအနီး KIA က နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

“အဲဒီဘက်မှာလည်း စစ်ကောင်စီဘက်က လုံခြုံရေးယူထားတဲ့ တပ်တွေနဲ့ တိုက်ပွဲဖြစ်ပါတယ်။ ရိက္ခာပို့တာတွေဘာတွေ၊ သူတို့(စစ်ကောင်စီ)လည်း ပွင့်လင်းရာသီရောက်တယ်ဆိုတော့ ရိက္ခာပို့တာနေမှာပါ။ သူတို့ အဲဒီပတ်ဝန်းကျင်မှာတော့ လှုပ်ရှားနေတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါလမ်းတစ်လျှောက် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) က လှုပ်ရှားတိုက်ခိုက်နေပြီး အောက်တိုဘာ ၂ ကလည်း လီဒိုလမ်းမပေါ်ရှိ ဘန်ကောက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

စက်တင်ဘာလဆန်းပိုင်းက လီဒိုလမ်းမကြီး၏ တနိုင်း-ရှင်ဗွေယန်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ခဲ့ပြီး စက်တင်ဘာနောက်ဆုံးပတ်မှစ၍ တနိုင်းနှင့် မိုးကောင်းမြို့အကြား လမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

စက်တင်ဘာနောက်ဆုံးပတ်တွင် ရိက္ခာများတင်ဆောင်လာသည်ဟု ယူဆရသည့် စစ်ကားအစီး ၄၀ ခန့် တနိုင်းမြို့သို့ ဦးတည်ထွက်ခွာခဲ့ပြီး ၎င်းယာဉ်တန်းနှင့် ယာဉ်တန်းလုံခြုံရေးယူပေးနေသည့် စစ်ကောင်စီစစ်ကြောင်းများကို လဝါး၊ ဒွန်ဘမ်ခ၊ ဘန်ကောက်၊ ကောင်ရာနှင့် တိန်ကောက် စသည့် ကျေးရွာများအနီး KIA က တိုက်ခိုက်ခဲ့သည်။

ကချင်ဒေသတိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်လေ့ မရှိပေ။ 

KIA က မြို့ပေါ်ပြောက်ကျားတပ်ဖွဲ့များကို လေ့ကျင့် လက်နက်တပ်ဆင်ပေးနေသည်ဟု ယူဆထားသော စစ်ကောင်စီက ကချင်ပြည်နယ်ဘက်ကို စစ်အင်အားတိုးချဲ့ချထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button