ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့တွင် စစ်ကောင်စီထိန်းချုပ်သည့် မူလာရှီးဒီအထူးစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ကြောင်း PDF (ပူတာအို) အဖွဲ့က ယနေ့ (အောက်တိုဘာ ၃) နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
ပူတာအိုမြို့သို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာမည်ဆိုသော သတင်းကြောင့် ထိုသို့ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါ စစ်ဆေးရေးဂိတ်မှာ ပူတာအိုမြို့တောင်ဘက် နှစ်မိုင်ခန့်အကွာ မုန်လန်ချောင်းပေါ်ရှိ မူလာရှီးဒီတံတားအနီး၌ တည်ရှိပြီး ယနေ့ နံနက် ၁ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PDF (ပူတာအို) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမလမ်က Myanmar Now ကို အတည်ပြုသည်။
“သူ့ကို (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) မကြိုက်ကြောင်း၊ သူလာတာကို မကြိုက်ဘူးဆိုတာကို သတိပေးတဲ့အနေနဲ့ မူလာရှီးဒီဂိတ်ကို ကျွန်တော်တို့ ဒီမနက် ၁ နာရီလောက်မှာ သွားရောက်ပစ်ခတ်တာရှိတယ်” ဟု ၎င်းက ပြောသည်။
မိနစ် ၂၀ ကြာ ပစ်ခတ်ပြီးနောက် အထိအခိုက်မရှိဘဲ ပြန်ဆုတ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်တွင် ထိခိုက်ကျဆုံးမှုရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း ကိုမလမ်က ဆက်ပြောသည်။
အဆိုပါစစ်ရေးဂိတ်တွင် ရဲနှင့် စစ်သား အယောက် ၂၀ ခန့်က အမြဲလိုစောင့်ကြည့်နေတတ်ပြီး ဂိတ်အနီး တောင်ကုန်း၌လည်း စစ်ကောင်စီတပ် တပ်စခန်းတစ်ခုရှိသည်ဟု သိရသည်။ ပူတာအို(PDF) အဖွဲ့ဝင် လူငယ်တစ်ဦး၏ နေအိမ်ကို ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေခဲ့သည်ဟုလည်း ကိုမလမ်က ပြောသည်။
ပူတာအိုမြို့ခံတစ်ဦးကမူ မြို့ပေါ်၌ ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်စီးနင်းသူအချို့ကို တားဆီးစစ်ဆေးသည်ကို တွေ့ရသော်လည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားမှုရှိသည်ဟု ဆိုသည်။
စက်တင်ဘာ ၁၈ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ လာရောက်ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပူတာအိုသို့ သွားရောက်မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မြစ်ကြီးနား-ပူတာအိုလမ်းကို သုံးရက်ကြာ ပိတ်ထားခဲ့သည်။
ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်သည် ပူတာအိုမြို့သို့ သွားရောက်မည်ဟု သတင်းများထပ်မံပေါ်ထွက်လာစဉ် စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။
စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့သည့် ပူတာအို (PDF) အဖွဲ့မှာ ဇူလိုင်လအတွင်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုအဖွဲ့သည် ယခင်က စစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုလေးကြိမ် ပြုလုပ်ပြီးဖြစ်ကာ တိုက်ပွဲအချို့တွင် KIA နှင့် ပူးတွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
မူလာရှီးဒီအထူးစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသည့်နည်းတူ စစ်ကောင်စီတာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးစတင်ကြောင်း စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် အခြား ပြည်နယ်နှင့် တိုင်းအချို့အပါအဝင် ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် ဒေသအချို့တွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p