
ကချင်ပြည်နယ်၊ လီဒိုလမ်းမတစ်လျှောက်တွင် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တနိုင်းမြို့နယ်မှ ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့ (စက်တင်ဘာ ၂၉) က တိန်ကောက်နှင့် ကောင်ရာရွာကြားတွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ နောက်ဆက်တွဲ အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။
“အရင်ကတော့ တနိုင်း-ရှင်ဗွေယန်ဘက်မှာ လှုပ်ရှားတာပေါ့နော်၊ အခုကတော့ ဖားကန့်ဘက်နဲ့ မိုးကောင်းဘက်မှာ (စစ်ကောင်စီတပ်) လှုပ်ရှားလာတာကို တွေ့ရပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စက်တင်ဘာ ၂၈ က ရိက္ခာတင်ဆောင်လာသည်ဟု ယူဆရသည့် စစ်ကား အစီး ၄၀ ခန့် မိုးကောင်းမြို့မှ ထွက်ခွာသွားခဲ့ပြီး အဆိုပါယာဉ်တန်းကို စောင့်ကြိုရန် တနိုင်းမှ စစ်အင်အားများ တိန်ကောက်ကျေးရွာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
ဖားကန့်မြို့နယ်၊ လဝါး၊ ခွမ်ဆိုင်ယန်နှင့် ဒွမ်ဘန်ခကျေးရွာများတွင် စစ်ကောင်စီက တပ်စွဲထားပြီး လီဒိုလမ်းမတစ်လျှောက် စစ်ရေးလှုပ်ရှားနေသော်လည်း KIA က မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။
တိုက်ပွဲကြီးများ ဖြစ်လာနိုင်သည့်အတွက် ခွမ်ဆိုင်ယန်ကျေးရွာမှ ဒေသခံများက ရွာပိုကြီးသည့် လဝါးကျေးရွာဘက် တိမ်းရှောင်နေကြသည်။
ယနေ့ (စက်တင်ဘာ ၃၀) မနက် ၁၀ နာရီခန့်ကလည်း မိုးမောက်မြို့နယ်အထွက် ၂ မိုင်ခန့်အကွာတွင် စစ်ကောင်စီယာဉ်တန်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်းသတင်းဌာနတစ်ခုက ရေးသားထားသည်။
မိုးမောက်အခြေစိုက် နယ်မြေခံတပ်ရင်း ခြေမြန်တပ်ရင်း (ခမရ) ၄၃၇ က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထွက်လာစဉ် လုံဂျာတောင်ခြေအနီးတွင် KIA က မိနစ်အနည်းငယ်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
တနိုင်းနှင့် ရှင်ဗွေယန်အကြားတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) မှတစ်ဆင့် စစ်စခန်းများထပ်တိုးမည့် အစီအစဉ်များကို တွေ့ရကြောင်း၊ စက်တင်ဘာလအစောပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများပြီးနောက် တရုံကျေးရွာဘက်တွင်လည်း စစ်တပ်က ဆက်လက်တပ်စွဲထားကြောင်း ၎င်းထံမှ သိရသည်။
တရုံကျေးရွာမှ ဒေသခံအတော်များများတိမ်းရှောင်နေရပြီး စစ်တပ်က ရွာအတွင်းရှိ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများတွင် နေရာယူထားကြသည်ဟု တခက်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
“အခုအထိတော့ သူတို့ရှိနေတုန်းပဲ၊ ဒီဘက်ကလည်း လူငယ်တွေနဲ့ အမျိုးသားတွေက ရွာမှာ ကြာကြာမနေရဲဘူး။ အကုန်လုံးနီးပါး ရှောင်နေကြတယ်” ဟု သူက ဆက်ပြောသည်။
စက်တင်ဘာလဆန်းပိုင်းမှစ၍ တနိုင်းမြို့မှ စစ်အင်အားများကို ရှင်ဗွေယန်ဘက်သို့ ပို့ဆောင်နေပြီး အဆိုပါတပ်များကို KIA က တရုံ,တခက်, လဂျားဘွမ်စသည့် ကျေးရွာများအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါစစ်ကြောင်းမှာ ရှေ့ဆက်မတက်နိုင်ဘဲ တရုံကျေးရွာတွင်ပင် တပ်စွဲထားသည်။
ကချင်ပြည်နယ်အတွင်းသို့ ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် စစ်အင်အားဖြည့်တင်းမှုကို စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် မြို့နယ်များတွင် KIA နှင့် ဒေသခံ PDF များက မကြာခဏ ကြားဖြတ်တိုက်ခိုက်နေသည်။
စစ်အင်အား၊ လက်နက်၊ ခဲယမ်းနှင့် စားနပ်ရိက္ခာများကို ဖြည်းဖြည်းချင်း ဖြည့်တင်းလာနေသည်ကို တွေ့ရသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ခုခံစစ်စတင်ကြောင်း ကြေညာပြီးနောက် ကချင်ပြည်နယ်အတွင်း စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်လာသည်။
“လိုင်ဇာတဝိုက်ပေါ့နော်။ ကျွန်တော်တို့ KIO ဌာနချုပ်ဝန်းကျင်က တပ်တွေထဲမှာတော့ တဖြည်းဖြည်းနဲ့ စစ်အင်အားတွေ ဖြည့်ထားတာကတော့ အမြဲတမ်းလိုလိုရှိပါတယ်။ လက်နက်တွေ၊ ခဲယမ်းတွေ စစ်အင်အားတွေနဲ့ စားနပ်ရိက္ခာတွေ ပြင်ဆင်ထားတာတော့ တွေ့ရပါတယ် ” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
ဒေသတွင်းမီဒီယာများ ရေးသားမှုများအရ စက်တင်ဘာလအတွင်း မိုးမောက်မြို့၊ ဒေါ့ဖုန်းယန်မြို့များမှ အင်အား ရာနှင့်ချီ ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းများ လိုင်ဇာမြို့သို့ ဦးတည်ပြီး ထွက်ခွာသွားသည်ဟု ဖော်ပြထားသည်။
ပွင့်လင်းရာသီရောက်သည်နှင့် စစ်တပ်က တိုင်းရင်းသားဒေသများတွင် ထိုးစစ်များဆင်နွှဲလေ့ရှိသော်လည်း ကချင်ပြည်နယ်အတွင်း စစ်တပ်၏ ထိုးစစ်များစတင်မည့်အချိန်ကိုတော့ ခန့်မှန်း၍မရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များကို KIA က ဆက်တိုက်တိုက်ခိုက်နေပြီး မေလ ၃ က မိုးမောက်မြို့နယ်အနီးဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချနိုင်ခဲ့သည်။
KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအင်ဘန်လက စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းသွားရန် ဆုံးဖြတ်ထားပြီး ဗမာပြည်သူလူထု၊ အဖွဲ့အစည်းများနှင့် လက်တွဲကာ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းတိုက်ခိုက်သွားမည်ဟု ဩဂုတ် ၁၉ က ကျရောက်သော ကချင်အာဇာနည်နေ့တွင် ပြောဆိုထားသည်။
စစ်ကောင်စီက မေလ ၈ ရက်နေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်ရာတွင် ကချင်ဒေသတိုက်ပွဲများကြောင့် နှစ်ဖက်လုံး ထိခိုက်ကျဆုံးကြသည်ဟု ဖော်ပြထားသည်။
ယင်းနောက်ပိုင်းတွင် ထိုဒေသတိုက်ပွဲများအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသလို သတင်းထောက်တို့ မေးမြန်းလျှင်လည်း တုံ့ပြန်လေ့ မရှိပေ။
ဇွန် ၈၊ ၉ ရက်နေ့ သတင်းထုတ်ပြန်ချက်များတွင် စစ်ကောင်စီက လူငယ် ၃ ဦးကို ဖမ်းထားကြောင်း၊ ထိုသူတို့မှာ KIA ထံတွင် စစ်သင်တန်းတက်ပြီး ပြန်လာသူများဖြစ်ကြောင်း စွပ်စွဲထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p