အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မုံးကိုးတွင် ကလေးတစ်ဦးသေဆုံး 

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်တွင် စက်တင်ဘာ ၂၇ ရက်က စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။ 

မုံးကိုးမြို့နယ် မန်ခါးကျေးရွာမှ ၉ နှစ်အရွယ် ယောက်ျားလေးဖြစ်သူမှာ စက်တင်ဘာ ၂၇ ညနေပိုင်းက သံလွင်မြစ်တစ်ဖက်ကမ်းတွင် တပ်စွဲထားသော စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ 

မန်ခါးကျေးရွာ နေအိမ်တစ်လုံးကို လက်နက်ကြီးကျည် ထိမှန်ခဲ့ရာတွင် အိမ်တွင်ရှိနေသည့် မိခင်ဖြစ်သူ ဒေါ်လဘန်ရွယ်တွင် ခြေသလုံးဒဏ်ရာ၊ သားဖြစ်သူ မာဘုံမှာ ဦးခေါင်းဒဏ်ရာရခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။ 

ဒဏ်ရာရထားသည့် သားအမိနှစ်ဦးကို အချိန်မီဆေးကုသနိုင်ခြင်းမရှိသဖြင့် ဒဏ်ရာပြင်းထန်သည့် မာဘုံမှာ ယမန်နေ့(၂၈) ညနေ ၄ နာရီခန့်က သေဆုံးခဲ့သဖြင့် ညမရောက်မီ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ထိတဲ့အချိန်ထဲက ကလေးက သတိရတဲ့ အခြေအနေမှာ မဟုတ်တော့ဘူး”ဟု ထိုသူက ပြောသည်။

ဆေးကုသခွင့်မရသေးသဖြင့် ဒေါ်လဘန်ရွယ်၏ ခြေသလုံးတွင် စိုက်ဝင်နေသည့် လက်နက်ကြီးအပိုင်းအစကို ထုတ်ယူနိုင်ခြင်း မရှိသေးသော်လည်း အသက်အန္တရာယ်မစိုးရိမ်ရဟု ယူဆရကြောင်း အထက်ပါ သတင်းရင်းမြစ်ကပင် ပြောသည်။

မုံးကိုးမြို့သည် တရုတ်-မြန်မာနယ်စပ်အနီးတွင်ရှိပြီး လက်နက်ကြီးထိမှန်သည့် မန်ခါးရွာမှာ မုံးကိုးမြို့၏ အရှေ့ဘက် ၂၀ မိုင်ခန့် အကွာတွင်ရှိသည်။

လက်နက်ကြီးပစ်ခတ်သည့်နေရာမှာ သံလွင်မြစ်အရှေ့ဘက်ခြမ်း ကိုးကန့်ခရိုင် ဟဲရှန်းနှင့် လုံးခန်းတွင် အခြေစိုက်ထားသည့်​ စစ်ကောင်စီတပ်ဖွဲ့များထံမှ ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု ယူဆကြောင်း ဒေသခံအချို့က ဆိုသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ရှိရာ ထိုဒေသအတွင်းသို့ စက်တင်ဘာလဆန်းပိုင်းမှစ၍ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး MNDAA တပ်ဖွဲ့ဝင်များရှိမည်ဟု ခန့်မှန်း၍ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်လေ့ရှိသည်ဟု ဒေသခံတို့က ဆိုသည်။ 

ထိုဒေသအတွင်း တိုက်ပွဲများ ဆက်လက်ရှိနေဆဲဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်က ကိုးကန့်ဒေသ ဟုန်ရှင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၇ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိသည်ဟု MNDAA က ထုတ်ပြန်သည်။

ဒေသအခြေစိုက် The Kokang သတင်းဌာန၏ အဆိုအရ စက်တင်ဘာ ၁၇ တစ်ရက်တည်းတွင် မုံးကိုးမြို့နယ်အတွင်းသို့ အင်အားဖြည့်လာသည့်​ စစ်ကောင်စီတပ်အင်အားမှာ စစ်ကားကြီး ၁၅စီးစာခန့်ရှိသည်ဟု သိရသည်။

မုံးကိုးဒေသ စစ်ရေးကိစ္စများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးသလို Myanmar Now ကလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

တိုက်ပွဲများကြောင့် မုံးကိုးမြို့တွင် စစ်ရှောင်အများအပြားရှိနေပြီး မုံးကိုးနှင့် မူဆယ်မြို့ကြားရှိ ပန်ဆိုင်းမြို့နယ်၌ပင် စစ်ရှောင် ၁၄၀၀ ခန့်ရှိသည်ဟု အကူအညီပေးရေးလုပ်ဆောင်နေသူအချို့က ပြောသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button