
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ယမန်နေ့ (စက်တင်ဘာ ၂၆) တွင် ဝင်ရောက်စီးနင်းစဉ် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များနှင့် တိုက်ပွဲဖြစ်ခဲ့ရာ နှစ်ဖက် ထိခိုက်သေဆုံးသူ အနည်းဆုံး ၆ ဦးရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်ကို ကလေး PDF နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်တပ်ဘက်မှ အနည်းဆုံး သုံးဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF ဘက်မှ သေဆုံးနှစ်ဦး၊ ဒဏ်ရာရသူ ၅ ဦး၊ လက်နက်ကြီးထိမှန်ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦးလည်း သေဆုံးခဲ့ကြောင်း ကလေး PDF အဖွဲ့ထံမှ သိရသည်။
စက်တင်ဘာ ၂၅ ရက်က ကလေးမြို့နယ်တောင်ဘက် ချင်းဆိုင်ရွာအနီး ဖြတ်သန်းသွားသည့် စစ်တပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ယမန်နေ့တွင် စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းစဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒေသခံ PDF အဖွဲ့များက အပြန်အလှန်ပစ်ခတ်ခဲ့သော်လည်း စစ်တပ်က လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့သဖြင့် ဆုတ်ခွာခဲ့ရပြီး ကလေး PDF အဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။
“သူတို့(စစ်တပ်) က လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တဲ့အချိန်မှာ ကျွန်တော်တို့ ခံမပစ်နိုင်တော့ဘူး။ အဲ့ဒီအချိန်မှာ သူတို့ (PDF) နှစ်ယောက်က ရှေ့တန်းကနေပြီး ကာပစ်ပေးသွားတယ်။ အဲ့ဒါကို ဖမ်းမိသွားတာ” ဟု ကလေးမြို့နယ် PDF ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ကလေးမြို့နယ် PDF တပ်ဖွဲ့ဝင်များဖြစ်သည့် အသက် ၃၀ ဝန်းကျင်အရွယ် ကိုသန်းထိုက်အောင်နှင့် CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) ပြုလုပ်ထားသူ ရဲဝန်ထမ်း ကိုဖက်တီးတို့ကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သာစည်ရွာသုသာန်တွင် ပစ်သတ်ခဲ့သည်ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ပစ်သတ်ခံထားရသည့် PDF အဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းတွင် နှိပ်စက်ခံထားရသည့် ဒဏ်ရာများတွေ့ရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် သာစည်ကျေးရွာ ဒေသခံတစ်ဦးကလည်း ပြောသည်။
“နွေဦးတော်လှန်ရေးမှာ (ယခင်) ကျဆုံးခဲ့တဲ့သူနှစ်ယောက်ကို မြှုပ်နှံထားတဲ့ အုတ်ဂူရဲ့ဘေးမှာ သွေးစွန်းတဲ့ နေရာတွေ တွေ့တယ်ဗျ။ နှိပ်စက်သေးတဲ့ပုံစံပေါ့။ နှိပ်စက်ပြီးတော့မှပဲ အုတ်ဂူရဲ့ဘေးမှာ သူတို့နှစ်ယောက်ကို သတ်ထားခဲ့တယ်” ဟု အဆိုပါအမျိုးသားက ဆိုသည်။
Myanmar Now က ကြည့်ရှုခွင့်ရသည့် ဓာတ်ပုံများတွင်လည်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင် အမျိုးသားနှစ်ဦး၏ မျက်နှာတွင် အညိုအမည်း ဒဏ်ရာဒဏ်ချက်များကို တွေ့ရှိရသည်။
ထို့ပြင် စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ထွက်ပြေးတိမ်းရှောင်သည့် အသက် ၅၀ ကျော်အရွယ် အရပ်သား ဦးကျော်ဌေးသည်လည်း သာစည်ကျေးရွာသင်္ချိုင်းအနီး လယ်ကွင်းထဲတွင် လက်နက်ကြီးထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ထိုရွာခံအမျိုးသားထံမှ သိရသည်။

“ဦးကျော်ဌေးကတော့ ရင်ဘတ်တည့်တည့်မှာ။ အဲ့ဒါက သေနတ်မဟုတ်ဘဲ လက်နက်ကြီးဖြစ်ဖို့များတယ်။ ရင်ဘတ်မှာ ဟိုဘက်ဒီဘက်ပေါက်တဲ့ အပေါက်တွေ့တယ်။ လက်မှာလည်း အနာကြီးကြီးတစ်ခု ရှိတယ်” ဟု အထက်ပါ သာစည်ရွာခံအမျိုးသားက ဆက်ပြောသည်။
ယနေ့ နံနက်တွင် သာစည်ကျေးရွာသုသာန်၌ ဦးကျော်ဌေး၏ ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး ဒေသခံ PDF အဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းများကို မီးသင်္ဂြိုဟ်၍ အရိုးအိုးကို ဂူသွင်းမည်ဟု သိရသည်။
စစ်တပ်သည် သာစည်ကျေးရွာကို ဝင်ရောက်စီးနင်းစဉ် ကျေးရွာစာသင်ကျောင်းရှိ စာသင်ဆောင်အခန်းများ၊ ဆရာမများအဆောင်ရှိ အခန်းများ၊ စာကြည့်တိုက်နှင့် ဓမ္မစကူးစာသင်ခန်း၏ သော့များကို ရိုက်ချိုးဖျက်ဆီးသွားသည်ဟု ဆိုသည်။
သာစည်ရွာကို မွှေနှောက်ပြီးနောက် ကပ်လျက်ရွာဖြစ်သော စည်ပင်ကြီးရွာတွင်လည်း စစ်တပ်က နေအိမ်တစ်လုံးကို မီးရှို့သွားခဲ့သော်လည်း ရွာသားများက အချိန်မီငြှိမ်းသတ်နိုင်သည့်အတွက် အနည်းငယ်သာ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီကို တစ်နိုင်ငံလုံး လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် တော်လှန်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်တွင် ကြေညာပြီးနောက် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ နေရာဒေသအချို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်နေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p