
စစ်ကိုင်းတိုင်းမြို့တော် မုံရွာတောင်ဘက်ရှိ မုံရွေးနှင့် ကြေးမုံရွာများကို စစ်ကောင်စီတပ်က ယနေ့ (စက်တင်ဘာ ၂၇) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ခေါင်းဆောင်တစ်ဦး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။
မုံရွာမြို့အဝင်ရှိ အဆိုပါကျေးရွာများကို စစ်ကောင်စီတပ်က နံနက် ၅ နာရီခွဲဝန်းကျင်မှ နေ့ခင်း ၁၂ နာရီအထိ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံအချို့နှင့် PDF အဖွဲ့ခေါင်းဆောင်တစ်ဦးထံမှ သိရသည်။
“လူတစ်ယောက် ခေါင်းကို (သေနတ်) မှန်တယ်။ (စစ်သုံး Faw) ကားနဲ့ တက်နင်းတယ်” ဟု ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
ကြေးမုံရွာမြောက်ပိုင်းတွင် စစ်တပ်က ပစ်ခတ်ပြီး ကားဖြင့် တက်ကြိတ်သတ်ဖြတ်ခံရသူမှာ ဒေသခံ PDF အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော အသက် ၃၀ အရွယ် ကိုမြင့်ကျော်မိုးဆိုသူဖြစ်ပြီး အလောင်းကောက်ယူနိုင်ပြီဖြစ်သော်လည်း လုံခြုံရေးအရ အသေးစိတ်မပြောနိုင်ကြောင်း မုံရွေး PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။
ကိုမြင့်ကျော်မိုးမှာ ကြေးမုံရွာ၏ အနောက်ဘက် မီတာ ၅၀၀ ခန့်အကွာရှိ တောပုရွာ PDF ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း၊ စစ်ကောင်စီသတင်းပေးများ၏ အန္တရာယ်ကြောင့် ၎င်း၏ ဇာတိရွာတွင် မနေနိုင်ဘဲ အလျဉ်းသင့်ရာ နေရာများတွင် ပြောင်းရွှေ့နေထိုင်ရသူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီနေ့ သူ့ကလေးတွေ (PDF) ကို ကာပေးရင်းနဲ့ အသက်ပေးသွားတာ။ သူတို့ရွာ ခဏခဏဝင်ဖမ်းလို့ ရွာတွေမှာ လှည့်နေနေကြတာ။ (သူတို့အဖွဲ့က) အကြီးအကျယ်ကြီးတော့ မဟုတ်ဘူး။ သူတို့ကိုယ်သူတို့ ကာကွယ်တဲ့အဆင့်ပဲ။ သူတို့ပိတ်မိတဲ့နေရာမှာ ကလေးတွေကို ကာပေးတာ။ ပစ်တာတော့ မပစ်ဘူး။ ရှေ့ကနေ ထွက်လိုက်တာ။ ကြေးမုံနဲ့ တောပုံရွာသားတချို့ ကားပေါ်ပါသွား (ဖမ်းသွား) တယ်”ဟု ထိုသူက ဆက်ပြောသည်။
ကိုမြင့်ကျော်မိုး ခိုလှုံသည်ဟု ယူဆသော ကြေးမုံရွာမြောက်ဘက်ပိုင်းမှ အိမ်တစ်လုံးကိုလည်း စစ်တပ်က မီးရှို့သွားကြောင်း၊ ဖမ်းထားသည့် ရွာသား ၁၀ ဦးကို ကြေးမုံရွာ ဘုန်းကြီးကျောင်းတွင် ထားရှိကာ ရိုက်နှက်စစ်ဆေးပြီးနောက် Light Truck ယာဉ်ပေါ်တင်၍ စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားသည်ကို တွေ့ရကြောင်း မုံရွေး PDF ခေါင်းဆောင်က မွန်းလွဲ ၁ နာရီခန့်တွင် ပြောသည်။
နောက်ထပ်ဒေသခံနှစ်ဦး၏ အဆိုအရ အင်အား ၂၀၀ ခန့်ရှိသည့် စစ်သားနှင့် အရပ်ဝတ်လက်နက်ကိုင်များက စစ်ကား ၁၄ စီး၊ Light Truck တစ်စီး၊ ဆိုင်ကယ်များဖြင့် ရောက်လာခြင်းဖြစ်ပြီး စက်သေနတ်များ၊ လက်နက်ကြီးများပါ သုံး၍ နှိမ်နင်းခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်က မည်သည့်အချိန်ကတည်းက ရွာကို ပိတ်ဆို့ထားသည်ကို သတိမထားမိဘဲ နံနက် ၅ နာရီခွဲတွင် စက်သေနတ်ကဲ့သို့ အတွဲလိုက်ပစ်သည့် အသံများထွက်ပေါ်လာမှ ရွာကို ဝင်စီးပြီဟု သိကြကြောင်း၊ မုံရွေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ရွာပတ်ပတ်လည်ကို တပ်တွေ အကုန်ချပြီးမှ ပစ်တာ။ ကျွန်တော်တို့လည်း တောက်လျှောက်ပုန်းနေရတယ်။ ပျူစောထီး(စစ်တပ်ကျောထောက်နောက်ခံ အရပ်သားလက်နက်ကိုင်အဖွဲ့) အရပ်ဝတ်တွေလည်း ပါတယ်။ အိမ်တွေကိုလည်း ဖျက်ဆီးသွားတယ်။ မီးရှို့သွားတယ်”ဟု ၎င်းက ဆိုသည်။
စစ်တပ်က တရစပ်ပစ်သည့် သေနတ်သံများ၊ လက်နက်ကြီးသံများမှာ နံနက် ၇ နာရီမထိုးမီအထိ တောက်လျှောက်ကြားကြောင်း၊ ထွက်ပြေးသူများကို စစ်တပ်က တောနင်းရှာဖွေခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
“လက်နက်ကြီးက အသံတော်တော်ကျယ်တယ်။ အိမ်တွေပါ တုန်သွားတယ်။ ဒလန် သတင်းပေးလို့။ PDF တွေရှိတယ်ဆိုပြီး အိမ်တွေထဲ ဝင်မွှေနေတယ်။ တချို့အိမ်ထဲမှာ ရှိနေတဲ့လူတွေကို တံခါးဖွင့်ပေး။ မဖွင့်ပေးရင် ပစ်သတ်မယ် အဲဒီလို အတင်းဖွင့်ခိုင်းနေတာတော့ရှိတယ်”ဟု ၎င်းက ပြောသည်။
မုံရွေး၊ ကြေးမုံရွာ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရမှု၊ အိုးအိမ်ထိခိုက်ပျက်စီးမှု၊ ဖမ်းဆီးခံရသည်ဆိုသော လူ ၁၀ ဦးနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ မသိရသေးပါ။ ကိုမြင့်ကျော်မိုးအပြင် သေဆုံးသူ နောက်ထပ်တစ်ဦးရှိသည်ဟု ဆိုသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
မုံရွေး PDF ဘက်ကမူ အထက်ပါဖြစ်စဉ်တွင် ၎င်းတို့ဘက်မှ ပစ်ခတ်မှုမရှိဘဲ စစ်တပ်ကသာ တစ်ဖက်သတ် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ပြောသည်။
“ကျွန်တော်တို့ဘက်မှာ တူးမီတွေပဲ ရှိတာ။ မနက်က တူမီးသံတစ်ချက်မှ မကြားရဘူး”ဟု မုံရွေး PDF ခေါင်းဆောင်က ပြောသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ယနေ့တိုင် ဆန္ဒပြနေသည့် နိုင်ငံအနှံ့ မြို့ရွာများတွင် မုံရွာမြို့နယ်အတွင်းရှိ မုံရွေး၊ကြေးမုံရွာများလည်း ပါဝင်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်ကလည်း မုံရွေး၊ ကြေးမုံရွာတို့ကို စစ်တပ်က ဝင်စီးခဲ့ဖူးပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p