
(ရန်ကုန်) —ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအဖွင့်နေ့တွင် ပြောကြားခဲ့သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့၏ မိန်းခွန်းများအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မျှော်မှန်းချက် အကောင်အထည် ပေါ်လာရန် အလှမ်းဝေးနေဆဲဖြစ်မည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုသည့် သဘောထားကို သိကြောင်း၊ တိုင်းနှင့်ပြည်နယ်ဥပဒေပြုစာရင်းပါအချက်များ၊ အခွန်ကောက်ခံရမည့် အချက်များကို ၂၀၁၅ ခုနှစ်တွင် ပြင်ဆင်ရာတွင် တပ်မတော်ပါဝင်ခဲ့ပါကြောင်း၊ ထပ်မံပြင်ဆင်လိုသည့်များကို ဆက်လက်ဆွေးနွေးညှိနှိုင်း လုပ်ဆောင်မှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံကို ပြင်ရာတွင် ပြင်ဆင်ရေးအခန်းပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ကြဖို့ လိုပါကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ထိုသို့ ပြောဆိုခဲ့သည့်အတွက် တပ်မတော်နှင့် အရပ်သားအစိုးရတို့အကြား အားပြိုင်မှုများ ရှိနေသည်ကို တွေ့ရကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဦးစိုင်းညွန့်လွင်က သုံးသပ်သည်။
“အဲ့ဒါက ပြဿနာဖြစ်နေတာ။ ဒီဖွဲ့စည်းပုံကို ပြင်နိုင်ဖို့က NLD ဘက်က ငြိမ်းချမ်းရေးညီလာခံကနေ သွားချင်တယ်။ တပ်ဘက်က လွှတ်တော်ပြဋ္ဌာန်းချက်တွေအတိုင်းပဲ လုပ်ချင်တယ်။ အားပြိုင်နေတာ သိသာတယ်။ ဘယ်သူအားသာမလဲ၊ အားသာတဲ့ဘက်က နိုင်မယ်။ ဒီဖွဲ့စည်းပုံမပြင်နိုင်သမျှတော့ ငြိမ်းချမ်းရေးဆိုတာ အလှမ်းဝေးနေဦးမှာပါ” ဟု ၎င်းကဆိုသည်။
ထို့ပြင် လက်ရှိအစိုးရအနေဖြင့် တခြားသော တိုင်းရင်းသားခေါင်းဆောင်များ၏ အသံကို နားထောင်လေ့မရှိဘဲ ၎င်းတို့၏ မူအတိုင်းသာ ဆောင်ရွက်နေသည်ဟု မြင်မိကြောင်း ၎င်းက ဆက်ဆိုသည်။
နိုင်ငံရေးဆောင်းပါးများ သုံးသပ်ရေးသားနေသူ ဒေါက်တာရန်မျိုးသိမ်းက NLD အစိုးရအနေဖြင့် ယခုလို ညီလာခံမျိုးမကျင်းပခင်ကတည်းက ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး အတွက် ဆုံးဖြတ်ပေးနိုင်သော အစိုးရခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်၊ လွှတ်တော်ခေါင်းဆောင်၊ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် အကြိတ်အနယ်ဆွေးနွေးပြီးမှ ဆွေးနွေးမှုရလဒ်ကို ယခုလို ငြိမ်းချမ်းရေး ညီလာခံမျိုးတွင် ချပြသင့်ကြောင်း သုံးသပ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့၏ ငြိမ်းချမ်းရေးညီလာခံ အဖွင့်မိန့်ခွန်းများကို ကြည့်လိုက်လျှင် သူတို့နှစ်ဦးကြား အဆင်မပြေမှုများရှိနေသလို ကြိမ်ဖန်များစွာ ဆေးနွေးညှိနှိုင်းရန် လိုအပ်နေသေးသလို ခံစားရကြောင်း သုံးသပ်သည်။
“သမ္မတက ဦးဆောင်ပြီးတော့ ထိပ်သီးဆွေးနွေးပွဲတွေလုပ်မယ်ဆိုရင် ဒီထက်ပိုအကျိုးရှိပြီး ငြိမ်းချမ်းရေးအတွက် ပိုထိရောက်မယ်ထင်တယ်။ သူတို့ကြားမှာက ကွာဟချက်တွေ အများကြီး ရှိနေတယ်။ နောက်ပြီး လက်နက်ကိုင် အင်အားစုတွေကို ဆွေးနွေးရုံတင်မကဘူး လက်နက်မကိုင်တဲ့ အင်အားစုတွေကိုလည်း ဆွေးနွေးဖို့လိုတယ်။ ဒါမှ ငြိမ်းချမ်းရေးခရီးက ပိုနီးလာမှာ” ဟု ၎င်းက ဆိုသည်။
NCA အရ ညီလာခံသဘောတူချက်များသည် တပ်သဘောတူပြီးသားဖြစ်
ယခုညီလာခံသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ် အခြေခံပြီးဖြစ်လာသည့်အတွက် NCA ပြဋ္ဌာန်းချက်များအရ ညီလာခံမှရရှိသည့် နိုင်ငံရေး သဘောတူညီချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပိုင်းများကို လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပါ ပြင်ဆင်ရေးလုပ်ငန်းစဉ်အတိုင်းသာ ဆောင်ရွက်ရမည်ဆိုသည့် အချက်ပါရှိနေသည်ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
“အဲ့ဒါကြောင့် ဒီညီလာခံဟာ ဖွဲ့စည်းပုံပြင်ရေးအကျပ်အတည်းရဲ့ ထွက်ပေါက်မဖြစ်နိုင်ဘူးလို့ အရင်ကတည်းက ပြောခဲ့တာ။ ညီလာခံက သဘောတူလိုက်တဲ့အချက်တွေကို ပြည်ထောင်စု လွှတ်တော်ကနေ တိုက်ရိုက်သဘောတူ ရမယ်ဆိုတာမျိုး မဖော်ပြထားဘူး။ အဲ့ဒီတော့ ဖွဲ့စည်းပုံပြင်ရေးနဲ့ ဆက်စပ်ရင် လွှတ်တော်မှာ ပြန်မဲခွဲရမယ့် သဘောရှိတယ်” ၎င်းက ပြောသည်။
ထို့အပြင် ညီလာခံမှတစ်ဆင့် သဘောတူညီချက်ယူရာတွင်လည်း တပ်မတော်သားအစုအဖွဲ့အပါအဝင် အစုအဖွဲ့အားလုံးက သဘောတူမှ ချမှတ်နိုင်မှာဖြစ်သလို ဖွဲ့စည်းပုံပြင်ရေးနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော် အတွင်းရှိ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမှု ရှိရမည်၊ ထို့ပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူ၏ ထက်ဝက်ကျော်ထောက်ခံမှုရှိမှ ပြင်ဆင်နိုင်မည်ဆိုထားသည့်အတွက် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံပြင်ဆင်ရေးက ကြီးမားသော တိုးတက်မှုမရှိနိုင်ဟု ၎င်းက သုံးသပ်သည်။
NLD ဘက်ကအကောင်းမြင်မှုကို မစွန့်
ညီလာခံအဖွင့်မိန့်ခွန်းတွင် ကာကွယ်ရေးဦးစီးချုပ်ပြောသွားသည်များတွင် ငြိမ်းချမ်းရေးညီလာခံမှတဆင့် ဖွဲ့စည်းပုံကို ပြင်ဆင်ရေးအပိုင်းကို ပစ်ပယ်မထားဟု ယူဆကြောင်း၊ ညီလာခံရှိ သဘောတူညီချက်များ အားလုံးသည် တပ်မတော်၏ သဘောတူညီမှုအားလုံး ရရှိထားပြီးသည့်အချက်များ ဖြစ်သည့်အတွက် ဖွဲ့စည်းပုံနှင့်အညီ ဆောင်ရွက်ရန်အပိုင်းသာ ရှိတော့ကြောင်း NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမျိုးညွန့်က သုံးသပ်သည်။
“ငြိမ်းချမ်းရေးလမ်းကြောင်းက သွားတာမှာလည်း ဒီဖွဲ့စည်းပုံနဲ့အညီ သွားတာပါပဲ။ တကယ်လို့ တပ်မတော်ဘက်က သဘောမတူတဲ့အချက်တွေ ရှိနေရင် NCA မှာဆွေးနွေးကတည်းက ကန့်ကွက်ချင် ကန့်ကွက်ပေါ့။ အခု ကျွန်တော်တို့ လုံခြုံရေး ကိစ္စတွေမှာဆိုရင် တပ်မတော်က ကန့်ကွက်လို့ ရှေ့မတိုးနိုင်တာတွေ ရှိနေတာပဲ” ဟု ၎င်းကဆိုသည်။
NCA တွင်ပါသည့်အချက်အရ လွှတ်တော်မှတစ်ဆင့်သာ ဖွဲ့စည်းပုံကို ပြင်ရမည်ဆိုသည်မှာ မှန်သော်လည်း လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်သင့်ကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်စနစ်နှင့် ကိုက်ညီသော ဖွဲ့စည်းပုံမျိုးကို လက်ရှိညီလာခံမှတစ်ဆင့် အကောင်အထည်ဖော်သင့်ကြောင်း၊ မိမိအမြင်အရ လက်ရှိဖွဲ့စည်းပုံ ထက် တိုင်းပြည်အတွက် သင့်တော်သော ဖွဲ့စည်းပုံမျိုးကို အသစ်ပြန်လည်ရေးဆွဲသင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းအများစုဖြင့် ဖွဲ့စည်းထားသည့် ‘၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ’မှ ကိုမြအေးက သုံးသပ်သည်။
၎င်းအနေဖြင့် နိုင်ငံရေးကဏ္ဍမှ တပ်မတော် ထွက်ခွာသွားရေးကိစ္စကို ပြောနေချင်းမျိုးမဟုတ်ဘဲ လက်ရှိ ဖွဲ့စည်းပုံသည် ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကဏ္ဍများ နှင့် သွေဖည်နေသည်ဟု ယူဆသည့်အတွက် အားလုံးလိုချင်သည့် ပြည်ထောင်စုဖက်ဒရယ်စနစ်မျိုးရှိသည့် ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲသင့်သည်ဟု ယူဆကြောင်း ၎င်းကဆက်ပြောသည်။
သို့ရာတွင် ပါတီအနေဖြင့် ငြိမ်းချမ်းရေးညီလာခံမှတစ်ဆင့် ဖွဲ့စည်းပုံကို ပြင်ဆင်ရေးအတွက်သာ ဦးတည်နေသည်ဟု NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ဆိုသည်။
“ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတာမှာ ဘယ်လိုပြင်မလဲဆိုတာပေါ်တော့ မူတည်တယ်။ အခုသွားနေတဲ့ပုံစံအရတော့ ပြင်ဆင်ရေး အပိုင်းတွေကိုပဲ သွားမှာပါ။ အသစ်ရေးဆွဲမယ်လို့တော့ မထင်ပါဘူး” ဟု ၎င်းက ဆက်ဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ၏ တတိယအကြိမ်အစည်းအဝေးကို နေပြည်တော်၌ ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်ပြီး နိုင်ငံရေး၊ လုံခြုံရေး အကြောင်းအရာများထက် ကျားမ တန်းတူညီမျှရေးကိစ္စများကိုသာ အလေးပေးဆွေးနွေးခွင့်ရသည့်အပေါ် ဆွေးနွေးပွဲတက်ရောက်သူများက ဝေဖန်ကြသည်။
လက်ရှိတွင် NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိပြီဖြစ်သည်။