
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့အကြား ယနေ့ (စက်တင်ဘာ ၂၀) တိုက်ပွဲတွင် စစ်တပ်၏ လက်နက်ကြီးဒဏ်ကြောင့် တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။
“ကျွန်တော်တို့လည်း အင်အားရှိပါတယ်။ ဒါပေမဲ့ အဓိကဖြစ်နေတာ လက်နက်က မမျှလို့လေ။ နောက်ပြီး သူတို့က လက်နက်ကြီးတွေ တအားပစ်လို့လေ။ အဲဒါနဲ့ကို ကျွန်တော်တို့ ဆုတ်လိုက်ရတာပေါ့။ လက်နက်ကြီးက မိုးရွာသလို သူတို့ပစ်နိုင်တယ်လေ။ ၁၅ မိနစ်ကို အလုံးလေးဆယ်ငါးဆယ်လောက်ထိကို ပစ်နိုင်တဲ့အခါကျတော့ ကျွန်တော်တို့လည်း ဒီဒဏ်မခံနိုင်သေးဘူးပေါ့” ဟု ၎င်းက ပြောသည်။
ဒေါပိုးစီရွာဘက်မှ အင်အား ၃၀၀ ခန့်ဖြင့် သုံးနေရာခွဲကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KNDF, ကရင်နီတပ်မတော်(KA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ် တို့က နံနက် ၈ နာရီခန့်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
စံပြ ၆ မိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲမှာ ၄ နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီးနောက် မွန်းတည့် ၁၂ နာရီခွဲခန့်တွင် ဒေသကာကွယ်ရေးအဖွဲ့များ ဆုတ်ခွာခဲ့ရကြောင်း၊ ဒဏ်ရာရသူ လေးဦးတွင် နှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ ညနေ လေးနာရီအထိ အဆက်အသွယ်ပြတ်တောက်နေသူ သုံးဦးရှိသေးကြောင်း အထက်ပါ KNDF တပ်ဖွဲ့ဝင်ထံမှ သိရသည်။
ဒေသအတွင်းသို့ ရိက္ခာပို့ရာတွင် အဓိကကျသည့် လွိုင်ကော်-ဒီးမော့ဆိုကားလမ်းကို လမ်းကြောင်းရှင်းရန်ဟု ယူဆရသည့် စစ်ကြောင်းထိုးမှုအတွင်း ၁၂၀ မမ လက်နက်ကြီးပစ်ကူကို ဒီးမော့ဆိုမြို့နယ်ရှိ အမှတ် (၁၀၂) အမြောက်တပ်ရင်း၊ ခမရ ၄၂၇ တို့အပြင် လွိုင်ကော်မြို့ဘက်မှပါ ရယူခဲ့ကြောင်း KNDF က ဆိုသည်။
စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ရာအနီးရှိ ကုန်းသာရွာမှ ဒေသခံတစ်ဦး ခြေထောက်ဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရကြောင်း၊ စစ်တပ်ဘက်မှ အထိအခိုက် အကျအဆုံးရှိနိုင်ကြောင်း ထိုသတင်းရင်းမြစ်က ပြောသည်။
“သူတို့က နယ်မြေသိပ်မကျွမ်းလို့။ နယ်မြေကျွမ်းရင် (ကျွန်တော်တို့) အများကြီးထိခိုက်တယ်။ သူတို့လည်း ကျတော့ကျမှာပဲ။ သူတို့တက်လာတဲ့လမ်းကြောင်းကို ကျွန်တော်တို့ တပ်ဖွဲ့တွေက အပြင်းအထန်ပစ်တာ ၂ နာရီနီးပါးလောက်ရှိတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လွိုင်ကော်-ဒီးမော့ဆို ကားလမ်းမကို စစ်ကောင်စီက နယ်မြေစိုးမိုးမှုယူထားလိုက်နိုင်ပြီဟု ဆိုသည်။
အဆိုပါ တပ်ဖွဲ့ဝင်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
စစ်ကောင်စီကလည်း ထိုဒေသတိုက်ပွဲအခြေအနေများကို သတင်းအမှောင်ချထားဆဲဖြစ်သည်။
တိုင်းရင်းသားနယ်မြေများနှင့် စစ်ကိုင်း၊ မကွေးကဲ့သို့ တော်လှန်ရေးနှင့် အလှမ်းဝေးခဲ့သည့် ဒေသများပါမကျန် ရရာလက်နက်ဖြင့် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ရင်ဆိုင်သည့် တိုက်ပွဲများ များပြားလာချိန်တွင် လက်နက်အင်အားမမျှသည့် အခြေအနေကို ဒေသခံများ အလူးအလဲရင်ဆိုင်နေရသည်။
အာဏာသိမ်းစစ်ကောင်စီကို လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် တော်လှန်မည့် ပြည်သူ့တော်လှန်ရေးစပြီဟု စက်တင်ဘာ ၇ တွင် ကြေညာထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထိုသို့ ကြုံနေရသည့် ဒေသကာကွယ်ရေးအဖွဲ့များကို မည်သို့ ချိတ်ဆက်လုပ်ဆောင်၊ ပံ့ပိုးနေသည်မှာမူ ရှင်းလင်းစွာ မသိရသေးပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p