နှစ်ရက်ဆက်၍ တိုက်ပွဲဖြစ်ခဲ့သည့် ချင်းပြည်နယ် ကန်ပက်လက်မြို့နှင့် မကွေးတိုင်း ဆော၊ ကျောက်ထု တို့ကို ဆက်သွယ်ထားသည့် မိုင် ၆၀ ကျော်ရှိ လမ်းပိုင်းတွင် စစ်ရေးအခြေအနေ တင်းမာနေသည်ဟု ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတို့က စက်တင်ဘာ ၁၆တွင် ပြောသည်။
“ဆောဘက်ကနေ သူတို့တက်လာမဲ့ လမ်းကြောင်းတွေက ကျွန်တော်တို့သိထားတယ်၊ စစ်ကားတွေသတင်းကလည်း တောက်လျှောက်ကြားနေရတယ်။ သူတို့ ပြန်တက်လာဖို့ ကြိုးစားကြဦးမယ်ထင်တယ်၊ ပြန်တက်လာရင်တော့ တိုက်ပွဲက အချိန်မရွေးဖြစ်မယ့်သဘောရှိတယ်”ဟု CDF(ကန်ပက်လက်) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စက်တင်ဘာ ၁၄၊ ၁၅ တို့တွင် ကန်ပက်လက်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် ယမန်နေ့ မွန်းလွဲပိုင်းမှ ညနေ ၅ နာရီခန့်အထိ မြို့ပေါ်အနှံ့သို့ လက်နက်ကြီးများဖြင့် ပစ်သည်အထိ စစ်တပ်ဘက်က ရမ်းကားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“သူတို့ဘက်က အထိနာတဲ့သဘောပေါ့ ကျွန်တော်တို့ဘက်က ဘာမှထိခိုက်ဒဏ်ရာရတာ မရှိဘူးလေ”ဟု အထက်ပါ CDF တာဝန်ရှိသူက ဆိုသည်။
လက်နက်ကြီးဖြင့် ပစ်ခံရသည့် ကန်ပက်လက်မြို့ပေါ်ရှိ လူနေအိမ်အများအပြား၊ မြန်မာ့စီးပွားရေးဘဏ်၊ လျှပ်စစ်ရုံးတို့ ပျက်စီးခဲ့ကြောင်း၊ အနီးအနားရှိ ကျေးရွာများသို့ပါ ကျရောက်ပေါက်ကွဲသော်လည်း ကြိုတင်တိမ်းရှောင်နေသည့် ဦးရေများပြားသဖြင့် အရပ်သားထိခိုက်မှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။
ကန်ပက်လက်မြို့နယ်တိုက်ပွဲအတွင်း သေဆုံးမှု၊ ထိခိုက်ပျက်စီးမှုများနှင့် စပ်လျဉ်း၍ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
PDF(ဆော) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူကမူ လွန်ခဲ့သည့် နှစ်ရက် ကန်ပက်လက်မြို့၌ တိုက်ပွဲဖြစ်ချိန်နှင့် ယနေ့(စက်တင်ဘာ၁၆)တို့တွင် စစ်တပ်က စစ်ရေးလှုပ်ရှားမှုများပြုရာတွင် ၂၆ မိုင်ခန့် ခရီးရှိသည့် ဆော-ကျောက်ထုလမ်းပိုင်း၊ ၆၄ မိုင် ကျော် ရှည်သည့် ဆော – ဆိပ်ဖြူလမ်းပိုင်းတို့ကို အဓိကအသုံးပြုနေသဖြင့် ကြားဖြတ်တိုက်ခိုက်ရန် စောင့်ကြည့်နေသည်ဟု ပြောသည်။
ယမန်နေ့က တိုက်ပွဲဖြစ်ပွားနေသည့် ကန်ပက်လက်ဘက်သို့ ဦးတည်၍ ဆော-ဆိပ်ဖြူလမ်းပိုင်းမှ သွားနေသည့် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ရန် စောင့်ဆိုင်းခဲ့သေးသည်ဟု ၎င်းက ဆိုသည်။
“ဆွဲမိုင်းတွေနဲ့ စောင့်နေပေမဲ့ သူတို့က တောင်ပေါ်ထိ ရောက်မလာဘဲနဲ့ ယောကုလားချောင်းလို့ခေါ်တဲ့ နေရာကနေ လက်နက်ကြီးနဲ့ နှစ်ချက် တောင်ပေါ်ကို လှမ်းထုပြီးတော့ ပြန်သွားတယ်” ဟု PDF(ဆော) တာဝန်ရှိသူက ပြောသည်။ စစ်တပ်က လက်နက်ကြီးဖြင့် ထုသည်ဆိုသော နေရာအသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပါ။
ယနေ့တွင် ဆော-ကျောက်ထုလမ်းပိုင်း၌ အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခု လှုပ်ရှားနေသည်ဟု ၎င်းထံမှ သိရသည်။
ထိုစစ်ကြောင်းမှာ ကျောက်ထုဘက်သို့ ဦးတည်နေပြီး သုံးယောက်တစ်တွဲ ခပ်ကျဲကျဲတန်းကာ ခြေလျင်ချီတက်နေကြောင်း၊ ယနေ့ မွန်းတည့်ချိန်ခန့်တွင် ဆောမြို့မှ ၁၀ မိုင်ခန့်အကွာ ကံချောင်းရွာအနီးသို့ ရောက်နေသဖြင့် စောင့်ကြည့်နေကြောင်း PDF(ဆော) တာဝန်ရှိသူက ပြောသည်။
“ကားနဲ့မဟုတ်ဘူး သူတို့(စစ်ကောင်စီ)က လူသုံးယောက်တစ်တွဲစီနဲ့ ခွဲပြီးသွားနေတာပေါ့နော်။ လူ ၈၀ ပါတော့ လူတန်းက နှစ်မိုင်လောက်ရှည်တယ်” ဟု ၎င်းက ပြောသည်။
စက်တင်ဘာ ၁၃ ကလည်း စစ်ကား ၁၀ စီး၊ စစ်သား ၁၂၀ ခန့်ပါသည့် ယာဉ်တန်းကို ကံချောင်းရွာအနီး၌ပင် မိုင်းခွဲတိုက်ခိုက်ဖူးပြီး စစ်ကောင်စီဘက်မှ ငါးဦး ဒဏ်ရာရသွားသည်ဟု PDF(ဆော)က ထုတ်ပြန်ခဲ့ဖူးသည်။ စစ်ကောင်စီ၏ ယာဉ်တန်းမှာ ထိုစဉ်က ကံချောင်းရွာမှ ဆောဘက်သို့ ဦးတည်၍ သွားလာနေခြင်းဖြစ်သည်။
ကန်ပက်လက်နှင့် ဆောကြားတွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို PDF(ဆော)နှင့် ပူးပေါင်းတိုက်ခိုက်လိုက်ကြောင်း၊ စက်တင်ဘာ ၆ ရက်က ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ခန့် သေဆုံးခဲ့ကြောင်း CDF(ကန်ပက်လက်)က ထုတ်ပြန်ခဲ့ဖူးသည်။
ထိုဒေသအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသည်ကိုပင် အကြမ်းဖက်ဖြိုခွင်းနေသည့် စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံနေသည့် နိုင်ငံအနှံ့ဒေသများတွင် ကန်ပက်လက်နှင့် ဆောမြို့များလည်း ပါဝင်သည်။
လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ပါဝင်မည့် ပြည်သူ့တော်လှန်ရေးစပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စက်တင်ဘာ ၇ ရက်တွင် ကြေညာထားသည်။
သို့သော် နိုင်ငံအနှံ့ရှိ ဒေသကာကွယ်ရေးအဖွဲ့ (PDF)များနှင့် စစ်ရေးဆိုင်ရာကိစ္စများ မည်သို့ချိတ်ဆက် လုပ်ဆောင်နေသည်ကိုမူ NUG ထံမှ ရှင်းလင်းစွာမသိရသေးပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p