သတင်း

ဂန့်ဂေါတွင် ဒဏ်ရာများနှင့်အရပ်သားအလောင်း ၅ ခု တွေ့  

စစ်တင်ဘာ ၉ မှစ၍ စစ်ကောင်စီတပ် သွားရောက်အကြမ်းဖက်ခဲ့သော မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း ဒဏ်ရာများနှင့်ရုပ်အလောင်း ၅ ခုကို တွေ့ရှိခဲ့သည်ဟု ဒေသခံများက ယနေ့ (စက်တင်ဘာ ၁၅) တွင် ပြောသည်။

စက်တင်ဘာ ၁၃ တွင် မွှေ့လယ်ရွာဒေသခံ အသက် ၃၀ ဝန်းကျင် ကိုဦးသူ၊ အသက် ၅၀ ဝန်းကျင် ဦးမောင်ရွှေတို့၏ အလောင်းများကို ရွာတောင်ဘက် ၁ ဖာလုံအကွာ၌ ရိုက်နှက်နှိပ်စက်ဒဏ်ရာများ၊ ဝမ်းဗိုက် သေနတ်ဒဏ်ရာများဖြင့်  လည်းကောင်း၊ နောက်တစ်နေ့မနက်တွင် အသက် ၃၀ ဝန်းကျင် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး၏ ဒဏ်ရာဗရပွနှင့်ရုပ်အလောင်းကိုလည်းကောင်း တွေ့ရှိခဲ့ရသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“သူက စိတ်ကျန်းမာရေးမကောင်းတဲ့သူပါ။ အော်ဟစ်သောင်းကျန်းနေတာတော့မဟုတ်ဘူး။ လျှောက်ပြီး သွားနေတာ။ တစ်နေရာတည်းမှာ အမြဲမနေဘူး။ အလုပ်တွေဘာတွေတော့ လုပ်တော့လုပ်နိုင်တယ်၊ သိပ်မလုပ်ဘူး။ လည်ပင်းမှာလည်း ဓားဒဏ်ရာရှိတယ်။ လည်လှီးထားတာ။ ကျွန်တော်တို့ ယူဆတာက ရင်ဘတ်ကို ဓားနဲ့ထိုးပြီးတော့မှ ယောက်ျားအင်္ဂါကို ဖြတ်ပြီးတော့မှ သေအောင် လည်လှီးသတ်တဲ့သဘောလို့ ယူဆလို့ရတယ်” ဟု ထိုလူက ပြောသည်။

ထို ၃ ဦးမှာ မည်သည့်အဖွဲ့အစည်းတွင်မှ ပါဝင်ခြင်းမရှိဘဲ သာမန်အရပ်သားများသာ ဖြစ်ပြီး စက်တင်ဘာ ၁၁ ၌ စစ်တပ်က ရွာထဲ တပ်စွဲနေစဉ် ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသူများဖြစ်သည်ဟု သူက ဆက်ပြောသည်။ 

ယမန်နေ့ နေ့လယ်ကလည်း ရေရှင်ကျေးရွာ ဒေသခံ နှစ်ဦး၏ ရုပ်အလောင်းကို ရွာမှ ၁၂ မိုင် ခန့်အကွာ ရေရှင်မကျေးရွာ ကျွန်းတောအနီး တွေ့ရှိခဲ့ရသည်။

၎င်း နှစ်ဦးမှာ အသက် ၂၀ ကျော်အရွယ် ကိုနိုင်လင်းထွန်းနှင့် ကိုဖိုးဖြူတို့ဖြစ်ပြီး စက်တင်ဘာ ၁၂ ရေရှင်ရွာသို့ ပြန်လာစဉ် လမ်း၌ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

“သူတို့က ဂန့်ဂေါမှာ အလုပ်လုပ်နေတဲ့ ကလေးတွေ။ တစ်ယောက်က ကားနောက်လိုက်တယ်။ တစ်ယောက်က ပန်းရန်လုပ်တယ်။ သူတို့က ရွာကို ပြန်လာတာ။ လမ်းမှာ တပ်နဲ့ တွေ့လို့၊ စစ်ဆေးလို့ အဆင်မပြေလို့ သတ်လိုက်တာလားမသိဘူး။ လမ်းမှာ ရေရှင်မအနောက်က ကျွန်းတောမှာ အသတ်ခံရတာ။ သူတို့က နိုင်ငံရေးမလုပ်ဘူး။ ဘာမှမလုပ်ဘူး” ဟု ရေရှင်​ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

ထိုလူငယ်များနှင့်အတူ ပါလာသည့် ပိုက်ဆံ ၄ သိန်း၊ ဖုန်းနှစ်လုံးမှာ ပျောက်ဆုံးနေပြီး စီးနင်းလာသည့် ဆိုင်ကယ်မှာလည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း ၎င်းက ဆက်ပြောသည်။

ရုပ်အလောင်းနှစ်ခုလုံးမှာ ပုပ်ပွနေပြီဖြစ်သည့်အတွက် ယမန်နေ့ ညနေပိုင်းက ထိုနေရာတွင်ပင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း မျက်မြင်များကို ကိုးကား၍ အဆိုပါဒေသခံက ပြောသည်။ 

အဆိုပါ အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခြင်းဖြစ်မည်ဟု ဒေသခံများက ယူဆနေသည်။ 

စစ်တပ်ဝင်ရောက်စဉ် အရပ်သား ၅ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးအရာရှိတို့ကို မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းဆက်သွယ်နိုင်ခြင်း မရှိသေးပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေကြေညာပြီး၊ လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် စစ်ကောင်စီကို ခုခံတွန်းလှန်ရန် စက်တင်ဘာ ၇ က ကြေညာပြီးနောက် စစ်ကောင်စီအား ဆန့်ကျင်လှုပ်ရှားမှုများ အားကောင်းသည့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် တို့ ထိစပ်နေသည့် ယောနယ်မှ ကျေးရွာများကို စစ်ကောင်စီက သွားရောက် တိုက်ခိုက်နေသည်။  

ဂန့်ဂေါမြို့နယ်မှ ကျေးရွာများကို စက်တင်ဘာ ၉ မှ ၁၄ အထိ စစ်တပ်ဝင်ရောက်စဉ် အရပ်သား ၂၅ ဦးထက်မနည်း အသတ်ခံခဲ့ရပြီး အိမ်ခြေ ၁၀၀ နီးပါး မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။

စက်တင်ဘာ ၉ မနက်ပိုင်းမှစ၍ ဂန့်ဂေါမြို့နယ်၊ သာလင်းကျေးရွာကို စစ်တပ်က ဝင်မွှေခဲ့ပြီး နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက် မြစ်သာမြစ် တစ်ဖက်ကမ်းရှိ မြင်သားကျေးရွာကို ဝင်ရောက်စီးနင်းမည့်အချိန်တွင် ဒေသခံများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၁၈ နှစ် အောက် လူငယ်များအပါအဝင် ဒေသခံ ၁၈ ဦး သေဆုံးခဲ့သည်။

စစ်တပ်က မြင်သားကျေးရွာတွင် ဝင်ရောက်တပ်စွဲပြီးနောက် နေအိမ်အလုံး ၂၀ ကို မီးရှို့ဖျက်ဆီးခဲ့သည်။ 

ထို့နောက် စက်တင်ဘာ ၁၁ နှင့် ၁၃ တို့တွင် ကလေး- ဂန့်ဂေါ ကားလမ်းဘေးရှိ နှမ်းခါးကျေးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် အလုံး ၅၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည်။ 

စက်တင်ဘာ ၁၂ မနက်ပိုင်းတွင် ထယ်လှော်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး တို့ကို သတ်ဖြတ်ခဲ့သည်။ 

စက်တင်ဘာ ၁၄ တွင်လည်း ဂန့်ဂေါမြို့နှင့် ကလေးမြို့နယ်စပ်ရှိ ကျောက်ဆည်ရွာရှိ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် သက်ကြီးရွယ်အိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သည်။ 

ယောနယ်မြေအတွင်း စစ်ကောင်စီတပ်များကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကလည်း လက်နက်စွဲကိုင် ပြန်လည်ခုခံခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောထားသည်။ 

အာဏာသိမ်းစစ်ကောင်စီက ထိုဒေသအခြေအနေအများစုကို သတင်းအမှောင်ချထားသည်။

​​နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ လက်လှမ်းမီသမျှ စုံစမ်းမှတ်တမ်းတင်ထားချက်အရ စစ်ကောင်စီတပ်သားတို့လက်ချက်ကြောင့် သေဆုံးသူ ၁၀၈၉ ဦးထက်မနည်း ရှိလာကြောင်း အသင်း၏ စက်တင်ဘာ ၁၄ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းစစ်ဗိုလ်ချုပ်များကမူ ထိုအသင်း၏ ထုတ်ပြန်ချက်ပါ ကိန်းဂဏန်းမှာ ချဲ့ကားထားခြင်း ဖြစ်သည်ဟု တုံ့ပြန်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button