သတင်း

တနိုင်းတွင် စစ်ကောင်စီစစ်ကြောင်းကို KIA ကြားဖြတ်တိုက်ခိုက်

ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကြောင်းတစ်ခုကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တာဝန်ရှိသူက ပြောသည်။

တနိုင်းမြို့နယ် တရုန်ရွာမှ ရှင်ဗွေယန်မြို့နယ်ဘက်သို့ ဦးတည်သွားနေသည့် စစ်ကောင်စီစစ်ကြောင်းကို ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

“စစ်ကောင်စီတပ်က KIA ရှိတဲ့ဘက်ကို စစ်ရေးလှုပ်ရှားလာလို့ ခုခံတိုက်ပွဲဖြစ်တာပါ” ဟု ၎င်းက ပြောသည်။

မြေပြင်သတင်း အတိအကျမရသေးသည့်အတွက် နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကို မပြောနိုင်သေးဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

“မိုင်းသံနဲ့အတူ လက်နက်ကြီးသံက ၆ ချက်လောက်ရှိမယ်၊ လက်နက်ငယ်အသံတွေကတော့ အဆက်မပြတ်ပေါ့။ မနားတမ်းပေါ့” ဟု တိုက်ပွဲဖြစ်ရာနေရာနှင့် တစ်မိုင်ကျော်အကွာရှိ တခက်ရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တနိုင်းမြို့၏ အနောက်မြောက်ဘက် မိုင် ၄၀ ကျော်အကွာတွင်ရှိပြီး အိမ်ခြေ ၅၀၀ ကျော်ရှိသည့် ထရုန်ရွာတွင် စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ဖြင့် စက်တင်ဘာလဆန်းပိုင်းကတည်းက လာရောက်တပ်စွဲထားသည်ဟု သိရသည်။ 

ထိုသတင်းကို KIA ၏ ဗိုလ်မှူးကြီးနော်ဘူကလည်း အတည်ပြုပြီး တရုန်ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့တွင် စစ်ကောင်စီတပ်က စခန်းချနေသည်ဟု သတင်းရထားကြောင်း ၎င်းက ပြောသည်။

တရုန်ကျေးရွာရှိ ဘာသာပေါင်းစုံတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများကို စက်တင်ဘာ ၁၁ ရက်တွင် စစ်ကောင်စီတပ်က ခေါ်ယူပြီး KIA နှင့် ဒေသကာကွယ်ရေးအဖွဲ့ (PDF)တို့ လာရောက်တိုက်ခိုက်ခြင်း မပြုရန်၊ တိုက်ခိုက်လာပါက ရွာကို မီးရှို့မည်ဟု ပြောခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် Kachin News Group ၏ သတင်းတစ်ရပ်အရ သိရသည်။

“KIA ဘက်ကို မပစ်ဖို့ ပြောပြီးမှ သူတို့က တက်လာတာမျိုးတော့ ဘယ်ဖြစ်မလဲ၊ KIA က မပစ်အောင် သူတို့ဘက်က တက်မလာဘူးဆိုရင်တော့ ဒါကတော့ လက်ခံလို့ရတာပေါ့ ဒါမှမဟုတ်ဘဲနဲ့ KIA ကို မပစ်နဲ့ဆိုပြီးမှ သူတို့က ထိုးစစ်ဆင်တက်လာမယ်ဆိုရင်တော့ ဒါက လက်ခံလို့မရဘူးလေ” ဟု ဗိုလ်မှူးကြီးနော်ဘူက မှတ်ချက်ပြုသည်။

တရုန်ကျေးရွာအတွင်းရှိ တံတားတစ်ခုအနီးအတွင် ယခင်ကရှိခဲ့သည့် စစ်ကောင်စီစခန်းကို KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၄၅ က ဩဂုတ်လအတွင်း တိုက်ခိုက်မီးရှို့ခဲ့ပြီးနောက် ထိုဒေသ၌ ပြန်လည်ခြေကုပ်ယူနိုင်ရန် စစ်တပ်က အပြင်းအထန်ကြိုးစားနေခြင်း ဖြစ်နိုင်ကြောင်း အထက်ပါ တခက်ရွာခံတစ်ဦးက သုံးသပ်သည်။

ထိုဒေသ၌ စစ်ရေးအခြေအနေတင်းမာနေချိန်တွင် စစ်ကောင်စီက ရန်ရှာမည်ကို စိုးရိမ်သဖြင့် တရုန်နှင့် တခက်ရွာတို့မှ အမျိုးသားအားလုံးနီးပါး တိမ်းရှောင်နေရသည်ဟု ၎င်းက ပြောသော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးစပြီဟု စက်တင်ဘာ ၇ တွင် ကြေညာပြီး နောက်တစ်ရက်မှစ၍ တနိုင်း-ရှင်ဗွေယန်လမ်းပေါ်တွင်ရှိသည့် တရုန်၊ တခက်၊ လဂျားဘွမ်၊ ရှိန်လုံစသည့် ကျေးရွာများအနီးတွင် တိုက်ပွဲများဖြစ်ပွားနေသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်၌ လက်မှတ်ရေးထိုးထားခြင်းမရှိသည့် KIA သည် ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း အကြိမ်ကြိမ် ပြတ်ပြတ်သားသား ပြောဆိုထားပြီးဖြစ်သည်။

ကချင်ဒေသတိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပါ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button