ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တွင် ယမန်နေ့ (စက်တင်ဘာ ၁၄) မှစ၍ နှစ်ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေရာ စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကန်ပက်လက်အခြေစိုက် ချင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) ထံမှ သိရသည်။
နယ်မြေချင်းထိစပ်နေသည့် မကွေးတိုင်း ဆောမြို့နယ် PDF အဖွဲ့၏ သတင်းပေးပို့မှုအရ ခြေလျင်တက်လာသော အင်အား ၅၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ကန်ပက်လက်မြို့မှ လေးမိုင်အကွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း များကြောင်း၊ ထိုသို့ စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရသဖြင့် ကန်ပက်လက်မြို့ပေါ်ရှိ ရဲစခန်းနှင့် စာသင်ကျောင်းများတွင် တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
“ရမ်းပြီးထုတဲ့ဟာတွေကတော့ မြို့ထဲတွေမှာ ကျတယ်။ စစ်ကြောင်းကနေ ပစ်တာတော့ မြို့ထဲတွေဘာတွေကျတာတော့ မရှိဘူး” ဟု CDF (ကန်ပက်လက်)အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
စစ်ကောင်စီတပ်နှင့် CDF (ကန်ပက်လက်) တို့ ယမန်နေ့တွင် ည ၉ နာရီအထိ တစ်နေကုန်နီးပါး အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟုလည်း ၎င်းက ပြောသည်။
တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်သည့်အတွက် ကန်ပက်လက်နှင့် ဆောအကြား ခရီးသွားလာခြင်းမပြုကြရန်လည်း CDF(ကန်ပက်လက်) အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ယနေ့ (စက်တင်ဘာ ၁၅) တွင်လည်း အထက်ပါနေရာ၌ပင် နံနက် ၇ နာရီမှစ၍ တိုက်ပွဲဆက်ဖြစ်နေသည်ဟု သိရသည်။
“ဒီနေ့ကလည်း ထိတွေ့မှုက ရှိတယ်၊ ဒါပေမဲ့ ထိခိုက်ကျဆုံးမှုက မသိရသေးဘူးဆိုတော့ ကျွန်တော်တို့ သတင်းမထုတ်ပြန်ရသေးဘူး” ဟု CDF(ထန်တလန်)အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
မိုးရွာသွန်းမှုကြောင့် အစောပိုင်းတွင် တိုက်ပွဲ ခေတ္တရပ်နားလိုက်ရသော်လည်း မွန်းတည့် ၁၂ နာရီခန့်မှစ၍ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု တိုက်ပွဲအတွင်းရောက်ရှိနေသူ CDF အဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။
ဆောမြို့နှင့် ကန်ပက်လက်မြို့မှာ ၁၂ မိုင်ကွာဝေးပြီး PDF (ဆော)နှင့် CDF (ကန်ပက်လက်) တို့ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။ စက်တင်ဘာ ၁၁ က ဆောမြို့နယ် ကံချောင်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ယောနှင့် ဆောအခြေစိုက် PDF အဖွဲ့များအပြင် မင်းတပ်နှင့် ကန်ပက်လက်အခြေစိုက် CDF အဖွဲ့နှစ်ဖွဲ့ကလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်။
စက်တင်ဘာ ၁၃ ရက်က ကံချောင်းကျေးရွာမှ ဆောမြို့သို့ ဦးတည်လာသည့် စစ်ကား ၁၀ စီးနှင့် အင်အား ၁၂၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သားငါးဦး ဒဏ်ရာရသွားသည်ဟု PDF(ဆော)အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ကန်ပက်လက်မြို့၏ မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိ မင်းတပ်မြို့တွင်မူ လတ်တလော၌ တိုက်ပွဲများ ငြိမ်သက်နေသည်ဟု သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးစတင်ကြောင်း စက်တင်ဘာ ၇ တွင် ကြေညာပြီးနောက် အခြားဒေသများနည်းတူ ချင်းပြည်နယ်နှင့် ထိစပ်နေသော ဆောနှင့် ယောဒေသတို့တွင် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဒေသခံအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p