မကွေးတိုင်း၊ စလင်းမြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ၄၅ နှစ်အရွယ် ဦးနိုင်လင်းကို ယမန်နေ့ (စက်တင်ဘာ ၁၄) တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ရာ ဒဏ်ရာရသွားပြီး ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်။
ညနေ ၃ နာရီခွဲခန့်တွင် စလင်းမြို့နယ်၊ ဝန်ရကျေးရွာအုပ်စု၊ ခင်ပလူကျေးရွာရှိ နေအိမ်တွင် ရှိနေစဉ် ရဲက ပစ်ခတ်ခဲ့သည်ဟု မျက်မြင်များကို ကိုးကား၍ မြို့နယ် NLD အလုပ်အမှုဆောင်တစ်ဦးက ပြောသည်။
“သေနတ်အချက်ရေ များတယ်တဲ့။ မြင်မကောင်းဘူး။ အချက်ရေများတယ်လို့ ပြောတယ်။ တချို့ကျတော့လည်း အချက်ရေ ၂၀ လောက် ရှိတယ်။ ဒါပေမဲ့ သေချာမမြင်ရဘူး၊ ခန့်မှန်းခြေပေါ့နော်။ အိတ်နဲ့ ထည့်သွားတာတဲ့၊ မြင်မကောင်းဘူးတဲ့။ ဆေးရုံကို ကားနဲ့ လာသယ်တယ်ပေါ့” ဟု သေဆုံးသူနှင့် ရင်းနှီးသည့် ထိုအမျိုးသားက ဆိုသည်။
“ပြောမယ်ဆိုဗျာ။ သူ့ (အိမ်) က ပုသိမ်-မုံရွာလမ်းဘေး ဆိုတော့ အဲဒီဘက်က တောတွေ ရှိတယ်၊ ရွာတွေ ရှိတယ်၊ ချုံတွေရှိတယ်ဆိုတော့ ရှောင်လွယ်တယ်ဆိုတဲ့ သဘောမျိုးနဲ့ နေလိုက်တာ။ နောက်ကျောမှာလည်း တောတွေဆိုတော့ လယ်ကွင်းတွေဆိုတော့”
ဦးနိုင်လင်းသည် အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်နေသူဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ဦးနိုင်လင်းနေအိမ်သို့ သွားရောက်ပစ်ခတ်သူ အရေအတွက်၊ သွားရောက်သည့် အကြောင်းရင်းတို့ကို လတ်တလော မသိရသေးပေ။
သေဆုံးသူ ဦးနိုင်လင်းတွင် ဇနီးနှင့် ၈ နှစ်အရွယ် သမီးတစ်ဦး၊ ၅ နှစ် အရွယ် သားတစ်ဦးတို့ ကျန်ရစ်ခဲ့သည်။
ဦးနိုင်လင်းကို ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့ကို ယနေ့ မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းဆက်သွယ်၍ မရခဲ့ပေ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း လက်လှမ်းမီသမျှ စုံစမ်းမှတ်တမ်းတင်ထားချက်အရ စစ်ကောင်စီတပ်သားတို့လက်ချက်ကြောင့် သေဆုံးသူ ၁၀၈၉ ဦးထက်မနည်း ရှိလာကြောင်း အသင်း၏ စက်တင်ဘာ ၁၄ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဏာသိမ်းစစ်ဗိုလ်ချုပ်များကမူ ထိုအသင်း၏ ထုတ်ပြန်ချက်ပါ ကိန်းဂဏန်းမှာ ချဲ့ကားထားခြင်းဖြစ်သည်ဟု တုံ့ပြန်ထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p